သတင်း

စစ်ကိုင်းတိုင်း၌ စစ်ရှောင်သုံးသောင်းနီးပါး အရေးပေါ်အကူအညီလိုအပ်နေ

ရွာစဉ်လှည့် ဝင်ရောက်စီးနင်းနေသော စစ်တပ်ရန်ကြောင့် ဒီပဲယင်းမြို့နယ်တွင် ၁၃ ရွာ ထက်မနည်း၊ ယင်းမာပင်မြို့နယ်မှ ၁၈ ရွာနှင့် ကလေးမြို့နယ်ရှိ ရွာ ၅ ရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေသည်။

အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေသော စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဒီပဲယင်းနှင့် ကလေးမြို့နယ်တို့တွင် ဒေသခံ သုံးသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်။ 

ဖမ်းဆီးသတ်ဖြတ်ကာ ရွာများကို မီးဝင်ရှို့တတ်သော စစ်တပ်ရန်ကြောင့် ဒီပဲယင်းမြို့နယ်တွင် ၁၃ ရွာ ထက်မနည်း၊ ယင်းမာပင်မြို့နယ်မှ ၁၈ ရွာခန့်နှင့် ကလေးမြို့နယ်မှ ရွာ ၅ ရွာရှိ ဒေသခံများ ထွက်ပြေးနေရခြင်းဖြစ်သည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာမြို့မှ မိုင် ၅၀ ခန့်အကွာရှိ ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က ယခုလ ၁၈ ရက်နေ့မှစ၍ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသဖြင့် ထိုမြို့နယ်အနောက်ပိုင်းရှိ ကန်ဖျား၊ သိမ္ဘာ၊ မင်းတဲကုန်း၊ ရှမ်းတော၊ ဆပ်ပြာကျင်း၊ ဘုတ်၊ အုန်းပင်တို့မှ လူပေါင်း ၁၃,၀၀၀ ကျော် တိမ်းရှောင်နေရသည်ဟု ဒေသခံများကို ကူညီနေသည့် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ထံမှ သိရသည်။

“ကာလရှည်ကြာလာတဲ့အခါမှာ ကျွေးရေးမွေးရေး အခက်အခဲရှိလာတယ်။ စစ်ရှောင်ဌာန (ခုလှုံရာ) တစ်ခုမှာဆိုရင် လူဦးရေ ထောင်ချီပြီးတော့ ရှိတော့ တစ်ရက်ကို ဆန် ၁၄ တင်းအထိ ချက်ရတယ်။ အဲ့လိုနေရာမျိုးကြတော့ ရက်ရှည်လာတဲ့အခါ လိုအပ်ချက်ရှိလာတယ်။ အရေးတကြီးလိုအပ်တာကတော့ စားနပ်ရိက္ခာပဲ” ဟု အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဖြိုးဆိုသူက ပြောသည်။

စစ်တပ်ရန်ကြောင့် ဘေးလွတ်မည်ဟု ယူဆရသော ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် အလျဉ်းသင့်သလို ခိုလှုံနေထိုင်ကြသည့်နည်းတူ လယ်တောယာတောများတွင် ပုန်းခိုနေရသူများလည်း ရှိသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူများကို အောက်တိုဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့။

“ညလည်း ဖြောင့်ဖြောင့်တန်းတန်း မအိပ်ရဲဘူးလေ။ သူတို့ (စစ်ကောင်စီ) က ပြောလို့ရတာ မဟုတ်ဘူး။ ညလည်း ထိုးရင်ထိုးချလာတာကိုး။ ဒုက္ခကတော့ အမျိုးမျိုးရောက်ကြတာပေါ့။ ရာသီဥတုကလည်း ပူလိုက်၊ အေးလိုက်နဲ့ဆိုတော့ တချို့ဆိုလည်း ဖျားကြတာပေါ့” ဟု ဒီပဲယင်းနယ်မှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ထွက်ပြေးတိမ်းရှောင်ရသည့် အခြေအနေကို ပြောပြသည်။

ယခုလ ၂၂ ရက်မှစ၍ လေးရက်ကြာ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ရွာပြန်ဝင်ခဲ့သော်လည်း စစ်တပ်က နောက်ကြောင်းပြန်လှည့်လာသဖြင့် ထပ်မံထွက်ပြေးခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

“ထမင်းစားတာတောင်မှ ဇလုံဘာညာနဲ့ မစားရဘူး။ ချိုင့်တွေထဲ အကုန်ထည့်ထားရတာ ဘယ်အချိန် ပြေးရမှာပါလိမ့်ပုံစံမျိုး၊ ကျွန်တော်တို့မိသားစုကတော့ ဆိုင်ကယ်နဲ့ ပြေးတယ်။ တချို့ကတော့ ခြေလျင် လျှောက်ရတာ” ဟု ထိုအမျိုးသားက ယခုလ ၂၇ ရက်တွင် ပြောသည်။

ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးလေ့ရှိရာ သုံးနှစ်နီးပါး ကာလအတွင်း ထွက်ပြေးတိမ်းရှောင်ရသည့်အကြိမ် မရေမတွက်နိုင်တော့ဟု ဆိုသည်။

အလားတူပင် မုံရွာမြို့အနီး ချင်းတွင်းမြစ်တစ်ဖက်ကမ်း တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းရာ ယင်းမာပင်မြို့နယ်တွင်လည်း ယခုလ ဒုတိယပတ်မှစ၍ စစ်တပ်က တောက်လျှောက် စစ်ကြောင်းထိုးလျက်ရှိသည်။

ယင်းမာပင်မြို့အနောက်ခြမ်းကို စီးနင်းနေသည့် စစ်ကောင်စီ စစ်ကြောင်းကြောင့် လက္ကပြား၊ ကပိုင်၊ သီးကုန်း၊ မင်းမကုန်း၊ အထက်ငနန်း၊ အောက်ငနန်း၊ ဆင်စွယ် အပါအဝင် ၁၈ ရွာထက်မနည်းမှ လူပေါင်း ၁၈,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ဒေသခံများကို ကူညီပေးနေသည့် အသက် ၃၀ အရွယ် အမျိုးသားက ပြောသည်။

“ဒေသတွင်း (ကိုယ့်အိုးကိုယ့်အိမ်) ပြန်မကပ်နိုင်တဲ့အတွက်ကြောင့် စားဝတ်နေရေး ကျပ်တည်းလာတယ်။ စစ်ရှောင်အတွက် အရင်တုန်းကတော့ ရေရှည်မဟုတ်တော့ ချက်ပြုတ်ကျွေးမွေးတာတွေ လုပ်နိုင်တယ်။ နောက်ပိုင်းကျ အဲ့လိုမလုပ်နိုင်တော့ ကိုယ့်ရှိတာကိုယ် ထုတ်ပြီးတော့ သုံးရတယ်၊ စားရတဲ့အခါကျတော့ အဆင်ပြေမှုက နည်းလာတယ်။ တော်တော်လေး အခက်အခဲအကျပ်အတည်းတွေ များလာတယ်”။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူများကို အောက်တိုဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့။

စစ်ကိုင်းနှင့် ချင်းပြည်နယ်အစပ် ကလေးမြို့နယ်တောင်ပိုင်း၌လည်း စစ်တပ်ရန်ကြောင့် ရွာ ၅ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်တပ် အခြေချတပ်စွဲထားရာ စက္ကန့်ရွာအပြင် ရှားတော၊ ကျွန်းတော်ရွာနှင့် အနီးဝန်းကျင်ရွာများမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးနေရသည်ဟု စစ်ရှောင်များကို ကူညီနေသူ ကိုနေ့သစ်ဆိုသူထံမှ သိရသည်။

“ဒီလထဲ စစ်ဘေးရှောင်အရေအတွက် သိသိသာသာတိုးလာတယ်။ ရက်ရှည်လာတဲ့အတွက် အဓိကတော့ စားနပ်ရိက္ခာ အရေးတကြီးလိုလာတယ်။ ကျွန်တော်တို့ဘက်မှာက ဆောင်းဝင်လာတဲ့အတွက် ရာသီဥတုက သိသိသာသာအေးလာတယ်။ စောင်အထူတွေ လတ်တလော လိုအပ်နေတယ်”။

ကလေးမြို့နယ်သည် ၂၀၂၁ ဖေဖော်ဝါရီက အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့ရာမြို့နယ်ဖြစ်ကာ တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုလည်း အားကောင်းသည့် ဒေသလည်းဖြစ်သည်။

စစ်ကောင်စီက ကလေးမြို့နယ်အတွင်း ပစ္စည်းသယ်ယူပို့ဆောင်မှုများကို တင်းကျပ်ထားသဖြင့် စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေး အခက်ကြုံနေရသည်ဟု ကိုနေ့သစ်က ပြောသည်။

စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများအဆိုအရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ ထောက်ပံ့ကူညီမှုတချို့ ရရှိသော်လည်း စစ်ရှောင်များ နေရာချထားရေးနှင့် စားဝတ်နေရေးကိစ္စအဝဝတွင် ပြည်သူလူထုထောက်ပံ့ကူညီမှုများကို ပို၍အားပြုနေရကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

လုံခြုံရေးအခြေအနေအရ စစ်ရှောင်များ တိမ်းရှောင်နေကြသည့် အရပ်ဒေသ၊ အိုးအိမ်စွန့်ခွာခဲ့ရသည့် ရပ်ရွာအမည်နာမ အသေးစိတ်ကိုမူ ၎င်းတို့က ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။

ဒီပဲယင်း၊ ယင်းမာပင်နှင့် ကလေးမြို့နယ်တို့တွင် လက်ရှိ စစ်ကြောင်းများကြောင့် စစ်ဘေးရှောင်နေရသူများသာမက လွန်ခဲ့သော သုံးနှစ်နီးပါး အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရန်ကြောင့် နေရပ်မပြန်ရဲဘဲ ကာလရှည် စစ်ဘေးရှောင်တိမ်းနေရသူများလည်း ရှိနေရာ စားဝတ်နေရေး အကျပ်အတည်းဆိုက်လျက်ရှိသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာကူညီရေးရုံးက အောက်တိုဘာလဆန်းက ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် လူဦးရေ ၁ ဒသမ ၇ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုစစ်ရှောင်များအနက် ထက်ဝက်နီးပါးမှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ ဖြစ်သည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button