သတင်း

သန်းခေါင်စာရင်းကောက်ယူရာတွင် UNFPA ပါဝင်မည်မဟုတ်

အာဏာလက်မလွှတ်ရေး အကြံအစည်တစ်ခုအနေဖြင့် အာဏာသိမ်းစစ်တပ်က ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် အပြင်းအထန်စိုင်းပြင်းနေချိန်တွင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ထိုလုပ်ငန်းစဉ်တွင် ပါဝင်ကူညီမည်မဟုတ်ကြောင်း အတည်ပြုသည်။

လာမည့်နှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက်ပိုင်း နေပြည်တော်သို့ နှစ်ကြိမ်တိုင် သွားရောက်တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် UNFPA က အထက်ပါအတိုင်း ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ UNFPA ကိုယ်စားလှယ် Ramanathan Balakrishnan ဦးဆောင်သောအဖွဲ့သည် လွန်ခဲ့သည့် ဇူလိုင်လ ၁၄ ရက်နှင့် ဩဂုတ်လ ၃၁ ရက်နေ့တို့တွင် နေပြည်တော်သို့ သွားရောက်ကာ စစ်ကောင်စီ၏ လဝကဝန်ကြီး ဦးမြင့်ကြိုင်နှင့် တွေ့ဆုံခဲ့သည်။

စစ်ကောင်စီနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံထားသော်လည်း သန်းခေါင်စာရင်းလုပ်ငန်းတွင် ပါဝင်ကူညီခြင်း မရှိဟု UNFPA ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။

“လက်ရှိ လုပ်ငန်းပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လမ်းညွှန်ချက်တွေအရ UNFPA အနေနဲ့ ၂၀၂၃/၂၀၂၄ သန်းခေါင်စာရင်းကိစ္စမှာ ပါဝင်ကူညီနိုင်ခြင်း မရှိပါဘူး”

သန်းခေါင်စာရင်း ကောက်ယူရေးသည် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သောကြောင့် အချိန်နှင့်တစ်ပြေးညီ အချက်အလက် တိကျမှန်ကန်စွာ ကောက်ယူခြင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး ဘက်မလိုက်ခြင်းတို့မှာ အလွန်အရေးကြီးသည်ဟုလည်း UNFPA တာဝန်ရှိသူက ထောက်ပြသည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူစဉ် UNFPA က အပြည့်အဝပါဝင်ကူညီခဲ့သည်။

ကုလလူဦးရေရန်ပုံငွေအဖွဲ့နှင့် တွေ့ဆုံမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ရာ၌ သန်းခေါင်စာရင်းကောက်ယူရေးနှင့် UNFPA ၏ ဌာနကိုယ်စားလှယ်သစ် ခန့်အပ်နိုင်ရေးတို့ကို နှစ်ဖက်အပြန်အလှန် သဘောထားပြန်ကြားသည်ဟုသာ ဖော်ပြပြီး အသေးစိတ်ဖော်ပြခြင်း မရှိပေ။

ဩဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်၌ စစ်ကောင်စီ လဝကဝန်ကြီးနှင့် UNFPA တာဝန်ရှိသူများ တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ – GNLM)

သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ဩဂုတ် ၂၂ ရက် အစည်းအဝေး၌ ထိုလုပ်ငန်းစဉ်ကို ဦးစီးနေသူ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြည်ပအကူအညီမရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့်သာ ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

ယခင် သန်းခေါင်စာရင်းကောက်ယူစဉ်က နိုင်ငံတကာအဖွဲ့အစည်းထံမှ နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ရခဲ့သော်လည်း ၎င်းတို့လက်ထက်တွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဒုစစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ်က UNFPA အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် အိမ်ထောင်စု ၁၁ သန်းနီးပါးကို အခြေခံကာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၄ သန်း ကုန်ကျခဲ့သည်။

လာမည့်နှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လာမည့် အောက်တိုဘာအတွင်း မြို့နယ်ပေါင်း ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

နိုင်ငံတကာစံနှုန်းအရ ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလေ့ရှိရာ ၂၀၂၄ တွင် မဖြစ်မနေ သန်းခေါင်စာရင်း ကောက်ယူရမည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် အရပ်သားအစိုးရထံမှ တိုင်းပြည်အာဏာလုယူထားသည့် စစ်တပ်သည် ၎င်းတို့ကတိပြုထားသည့် ရွေးကောက်ပွဲကျင်းပရန် အချိန်ဆွဲနေခြင်းလည်း ဖြစ်သည်။ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမည်ဟု အကြိမ်ကြိမ် ပြောဆိုနေသော်လည်း ရွေးကောက်ပွဲလုပ်မည့်အချိန်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပေ။

လာမည့်နှစ်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဆိုသော်လည်း နောက်တစ်နှစ် ၂၀၂၅ မှသာ သန်းခေါင်စာရင်းရလဒ် ရနိုင်မည်ဖြစ်ရာ အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအစီအစဉ်သည် ၂၀၂၆ ခုနှစ်မတိုင်မီ ပေါ်ပေါက်လာရန် ခဲယဉ်းနေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ပုန်ကန်တော်လှန်မှုများ ပေါ်ပေါက်နေသော်လည်း စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရန် စိုင်းပြင်းနေသည်။ နည်းပညာအကူအညီရရှိရေးအတွက် လဝကဝန်ကြီး ဦးမြင့်ကြိုင်ကို လွန်ခဲ့သည့် ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်ကို တွေ့ရသည်။

လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်း၌ပင် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ် စတင်နိုင်ရေး စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု ဒေသခံများထံမှ သိရသည်။

“အရင်ကတော့ မြို့အဝင် ရထောင်ရွာမှာ တပ်စွဲထားတာ မရှိဘူး။ ရပ်ကွက်ရုံးတွေမှာလည်း အစောပိုင်းကာလတွေမှာပဲ ရှိခဲ့တယ်။ အခု ပြန်ပြီးတပ်စွဲတယ်ဆိုတော့ စမ်းသပ်သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးအတွက် ကြိုပြီးပြင်ဆင်တဲ့သဘော” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

မုံရွာမြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ရွာ ၈ ရွာတွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည်ဟု စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလ ၁၁ ရက်နေ့က အစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။

သန်းခေါင်စာရင်းမတိုင်မီ နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူများကို လက်ဗွေနှင့် မျက်လုံး scan ဖတ်ခြင်းများ ပါဝင်သည့် အီလက်ထရောနစ်နည်းဖြင့် Biometric အချက်အလက်တင်သွင်းခြင်းကို စစ်ကောင်စီက အပူတပြင်းဆောင်ရွက်နေရာ ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာဖြစ်နေသည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

အာဏာသိမ်းစစ်တပ်က ဆန့်ကျင်သူများကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီးထောင်ချနေရာ ပြည်သူလူထု၏ ကိုယ်ရေးအချက်အလက်များ ရယူပြီး ပို၍ ဖိနှိပ်လာနိုင်သည်ဟု ဆိုသည်။

ယမန်နေ့က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်း Biometric အချက်အလက်ထည့်သွင်းခြင်းလုပ်ငန်းစဉ်ကို သွားရောက်စစ်ဆေးခဲ့သည့် စစ်ကောင်စီ၏ ဒုလဝကဝန်ကြီး ဒေါက်တာမျိုးသန့်က နိုင်ငံသားမှတ်ပုံတင်ဆိုင်ရာ မှတ်တမ်း ၅၂ သန်းကျော်နှင့် အိမ်ထောင်စု ၁၃ သန်းကျော်ကို အချက်အလက်ထည့်သွင်းထားပြီးဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button