သတင်း

မုံရွာတွင် သန်းခေါင်စာရင်း စမ်းကောက်ရန် စစ်ကောင်စီ စတင်ကြိုးပမ်း

စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ယမန်နေ့ (စက်တင်ဘာ ၁၃) မှစ၍ လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံနေသည့် စစ်ကိုင်တိုင်းအတွင်း လာမည့် အောက်တိုဘာလတွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရန် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က စက်တင်ဘာ ၁၁ တိုင်းအရာရှိများနှင့် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ပြုလုပ်မည့် စစ်ကောင်စီ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုနှင့် ကျေးရွာ ၈ ရွာကို စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည်ဟု ဦးမြတ်ကျော်က ဆိုသည်။

ထိုပြောဆိုမှုအပြီး မုံရွာမြို့ပေါ်ရှိ အလယ်ရပ်ကွက်နှင့် နတ်လူထိပ္ပန်ရပ်ကွက်တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် စစ်ကောင်စီက တပ်စွဲထားသည်။ မြို့အဝင် မုံရွာ-မန္တလေးလမ်းပိုင်းပေါ်ရှိ မအူရွာ၊ ရွာထောင်ရွာတို့အနီးတွင်လည်း လုံခြုံရေးတင်းကျပ်ထားသည်ဟု မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောသည်။

“အရင်ကတော့ မြို့အဝင် ရထောင်ရွာမှာ တပ်စွဲထားတာ မရှိဘူး။ ရပ်ကွက်ရုံးတွေမှာလည်း အစောပိုင်းကာလတွေမှာပဲ ရှိခဲ့တယ်။ အခုပြန်ပြီးတပ်စွဲတယ်ဆိုတော့ စမ်းသပ်သန်းခေါင်စာရင်းကောက်ဖို့ လုံခြုံရေးအတွက် ကြိုပြီးပြင်ဆင်တဲ့သဘော” ဟု သူက ပြောသည်။

ရပ်ကွက်နှစ်ခုတွင် ထိုသို့တပ်စွဲထားသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများကို ညနေ ၆ နာရီနောက်ပိုင်း ဂိတ်များရှေ့မှ ဖြတ်မသွားရန် တားမြစ်ထားသည်ဟု ကိုခန့်ဝေဖြိုးက ဆိုသည်။

“ဆိုင်ကယ်တစ်စီးကို တစ်ယောက်တည်း စီးဖို့ ခြိမ်းခြောက်တာတွေရှိတယ်။ အရင်က အမျိုးသားနှစ်ယောက် စီးရင် လိုက်ပစ်တယ်။ အမျိုးသမီးဆိုရင်တော့ နှစ်ယောက်စီးလို့ရတယ်။ မနေ့ကစပြီးတော့ မိန်းကလေးလည်း တစ်ယောက်တည်း စီးဖို့ ပြောတယ်” ဟု သူက ဆိုသည်။

တပ်စွဲထားသည့် ရပ်ကွက်ရုံးများရှိရာ လမ်းများတွင်လည်း စစ်ဆေးရေးဂိတ်များ ချထားသည်၊ အချက်အချာကျသည့် ဗိုလ်ချုပ်လမ်း၊ မုံရွာထောင်သို့ သွားသည့်လမ်း၊ စစ်ကောင်စီဌာနဆိုင်ရာရုံးများသို့ သွားသည့် လမ်းများတွင်လည်း စစ်ဆေးရေးဂိတ်များ ပိုချထားသည်ဟု သိရသည်။

ဦးမြတ်ကျော်က စမ်းသပ်ကောက်ယူမည့်နေရာ ရပ်ကွက်နှင့် ရွာအမည် တိတိကျကျ ပြောဆိုခြင်းမရှိပါ၊ သန်းခေါင်စာရင်းကောက်ယူမှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ ကောက်ယူရန်သာ ပြောဆိုခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးလက်ဒေသအများစုတွင် စစ်ကောင်စီယန္တရား ပုံမှန်လည်ပတ်နိုင်ခြင်းမရှိဘဲ ရွာစဉ်လှည့် မီးရှို့တတ်သည့် စစ်ကောင်စီတပ်ရန်ကြောင့် စစ်တပ် ရွာထဲ ဝင်လာလျှင်ပင် ပြည်သူများ ထွက်ပြေးနေကြရချိန်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းတိကျမှန်ကန်ရေး လေသံပစ်နေခြင်း ဖြစ်သည်ဟု ကိုခန့်ဝေဖြိုးက ဆိုသည်။

“ခရိုင်အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်က မုံရွာမြို့ပေါ် လာပြီး အစည်းအဝေးမတက်နိုင်တဲ့ အနေအထားတွေရှိတယ်။ ဒါကို ကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက မရှိသလောက် နည်းနေတယ်။ အခုလိုအနေအထားမျိုးမှာ မဲစာရင်းမှန်ကန်ဖို့အတွက် သန်းခေါင်စာရင်းကောက်တယ်ဆိုတာ ဟန်ပြအနေနဲ့ အပြကောင်းအောင် လုပ်တာ” ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က တပ်စွဲထားသည့် ရပ်ကွက်များတွင်လည်း တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းကောက်ယူရန် လူအင်အားအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း အောင်မြင်ရန် နည်းပါးသည်ဟု ၎င်းက ကောက်ချက်ချသည်။

မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဒေသခံကာကွယ်ရေးတပ်များက နေ့စဉ် ပြောက်ကျားတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်၊ စစ်ကောင်စီတပ်ကလည်း ခြေလျင်၊ ဝေဟင်စစ်ကြောင်းများဖြင့် စီးနင်းလျက်ရှိသည်။

စစ်ကိုင်းခရိုင်အတွင်း နေထိုင်သူများအတွက် မှတ်ပုံတင်များကို စမတ်ကတ်ပြောင်းလဲထုတ်ပေးမည်၊ သန်းခေါင်စာရင်းကောက်ယူမည်ဟု သတင်းထွက်သော်လည်း လူဝင်မှုကြီးကြပ်ရေးဌာန၏ လှုပ်ရှားမှု မရှိသေးကြောင်း ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။

“သူတို့က လုပ်မယ်ဆိုရင်တော့ သတင်းအရင်လွှင့်တာပဲလေ။ လောလောဆယ်တော့ လဝကရဲ့ လှုပ်ရှားမှုတော့ မရှိသေးဘူး။ သူတို့ လုပ်နိုင်လည်း မြို့ပေါ်လောက် လုပ်နိုင်မှာ။ ရွာတွေ မထိန်းနိုင်ဘူးလေ။ အများကြီးတော့ မအောင်မြင်နိုင်ဘူး” ဟု ဗိုလ်ယက္ခက ပြောသည်။

အလားတူ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကန်နီမြို့နယ်တို့တွင်လည်း သန်းခေါင်စာရင်းကောက်ယူရန် လှုပ်ရှားမှုမရှိသေးဟု ဒေသခံတစ်ဦးက ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံအနှံ့ လူဦးရေ ၁ ဒသမ ၉ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟု ဆိုသည်။

ထိုအထဲတွင် စစ်ကိုင်းတိုင်းသည် ဒုက္ခသည်အရေအတွက် အများဆုံးဖြစ်ပြီး ၈၁၀,၀၀၀ ကျော် ရှိနေသည်ဟု UN OCHA က ဆိုသည်။

မဲစာရင်းမှားယွင်းသည်ဟု စွပ်စွဲ၍ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၂၀၂၄ အောက်တိုဘာ ၁ မှ ၁၅ အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button