သတင်း

မန္တလေးတွင် NUG ဖက်ဒရယ်ကျောင်း ဦးဆောင်သူ ထောင် အနှစ် ၂၀ ချခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အွန်လိုင်းစာသင်ကျောင်းတစ်ခု တည်ထောင်သူ ဒေါ်အိရွှေစင်မြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် မန္တလေးမြို့ အိုးဘိုထောင်တွင်းတရားရုံးက ထောင် အနှစ် ၂၀ ချလိုက်ကြောင်း သိရသည်။

ဇူလိုင် ၁၇ နံနက်က ထိုသို့အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း မန္တလေးရှေ့နေအသိုင်းအဝိုင်းနှင့် မြို့ခံများက ဆိုသည်။

“အမိန့်ချတာက ဟုတ်တယ်။ အကြမ်းဖက်ပုဒ်မတွေနဲ့လို့ ကျွန်တော်တို့လည်း ကြားတယ်။ ပုဒ်မအသေးစိတ်နဲ့ အမှုအခြေအနေကတော့ သူ့ရဲ့ရှေ့နေ မဟုတ်တဲ့အတွက် မသိရဘူးခင်ဗျ” ဟု အမည်မဖော်လိုသူ မန္တလေးအခြေစိုက် ရှေ့နေအမျိုးသားတစ်ဦးက ပြောသည်။

NUG နှင့် ချိတ်ဆက်ကာ Federal School Of Aung Myay Thar Zan (အောင်မြေသာစံဖက်ဒရယ်ကျောင်း) အမည်ဖြင့် အွန်လိုင်းစာသင်ကျောင်းကို ၂၀၂၂ ဖေဖော်ဝါရီတွင် ဖွင့်လှစ်ခဲ့ပြီး မတ်လကုန်ခန့်တွင် ဒေါ်အိရွှေစင်မြင့် အပါအဝင် အသက် ၂၀ နှင့် ၄၀ ဝန်းကျင်အရွယ် ဆရာ၊ ဆရာမ ၁၅ ဦး ဖမ်းဆီးခံရသည်။

ဒေါ်အိ‌ရွှေစင်မြင့်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဆရာ၊ ဆရာမများ၏ အမှုအခြေအနေ မသိရှိရပေ။

စစ်ကောင်စီက ကျောင်းသားမိဘအဖြစ် အသွင်ယူကာ စုံစမ်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထိုသူများ ဖမ်းဆီးခံရချိန်တွင် ပညာရေးဝန်ထမ်းတစ်ဦးက Myanmar Now ကို မှတ်ချက်ပြုထားသည်။

“ကျောင်းရဲ့အချက်အလက်တွေ ပေါက်ကြားတာကနေ ဖမ်းခံလိုက်ရတယ် ခေါ်မှာပေါ့။ သူတို့ (စစ်ကောင်စီ) က ကျောင်းစထောင်ကတည်းက တောက်လျှောက်စုံစမ်းနေတာ။ ခုက ကျောင်းသားမိဘ ဟန်ဆောင်ပြီး လာအပ်ပြီးမှ အချက်အလက်တွေလိုက်ပြီး ဖမ်းသွားတာလို့ ကြားရတယ်” ဟု သူက ပြောသည်။

၂၀၂၂ မတ် ၂၂ နေ့လယ်တွင် အောင်မြေသာစံမြို့နယ် ၁၁ ဘီ (၇၈ နှင့် ၇၉ လမ်းကြား) ကို ကား ၅ စီးဖြင့် စစ်သားများ ရောက်လာပြီး အွန်လိုင်းမှ သင်ပေးသည်ဆိုသော ဆရာမတစ်ဦးကို ပိတ်ဆို့ ရှာဖွေခဲ့ရာ ထိုဆရာမကို မတွေ့သည့်အတွက် အစ်ကိုဖြစ်သူကို ဖမ်းဆီးသွားသည်။

ယင်းနေ့ ညနေမှာပင် ဖက်ဒရယ်ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာမ ၄ ဦး အဖမ်းခံရသည်။

နောက်ပိုင်းတွင် ကျောင်းတွင် ပို့ချနေသည်ဟု ယူဆရသူတချို့ ဆက်တိုက် ဖမ်းဆီးခံရသည်။

ဖမ်းဆီးခံရသည့် ဆရာ၊ ဆရာမများထံမှ စာသင်ကြားရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းသွားကြောင်း၊ လွတ်မြောက်ခဲ့သူတချို့လည်း ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

ဖမ်းဆီးခံရသည့် ဒေါ်အိရွှေစင်မြင့် အပါအဝင် ၁၅ ဦးကို စစ်ကောင်စီက ထုတ်ပြန်ထားစဉ်။

စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသည့် ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင်လည်း ဒေါ်အိရွှေစင်မြင့်ကို ထောင်ဒဏ် အနှစ် ၂၀ ချထားကြောင်း ဇူလိုင် ၁၇ နေ့လယ်က ရေးသားထားကြသည်။

အောင်မြေသာစံဖက်ဒရယ်ကျောင်းသည် စစ်ကောင်စီလက်အောက် ကျောင်းမတက်လိုသူများကို အွန်လိုင်းစနစ်ဖြင့် အခြေခံပညာမှ အထက်တန်းအထိ အတန်းစုံ သင်ကြားပေးနေခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းရှိ ပညာရေးဝန်ထမ်းအများအပြားနှင့် ကျောင်းသားကျောင်းသူအများအပြား စစ်ကောင်စီ၏ ပညာရေးစနစ်ကို သပိတ်မှောက်ခဲ့ကြသည်။

စစ်ကောင်စီလက်အောက်တွင် “ရုံးမတက်နဲ့ ရုန်းထွက်” ဟု ဆိုကာ အများပြည်သူက ဌာနဆိုင်ရာ ဝန်ထမ်းများကို တောင်းဆိုလှုံ့ဆော်ခဲ့ကြသည်။ လုပ်ငန်းခွင် ကျောခိုင်းလိုက်သူအများအပြားအနက် ပညာရေးဌာနဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ပါဝင်ကြသည်။

NUG အစိုးရက ကြားကာလပညာသင်ကြားရေးကျောင်းများကို နိုင်ငံတစ်ဝန်း အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်သင်ကြားနေရာ လွတ်မြောက်နယ်မြေတချို့တွင်လည်း ဒေသခံများအတွက် ကျောင်းဖွင့်လှစ်ထားသည်။

စစ်ကောင်စီသည် အဆိုပါ အွန်လိုင်းကျောင်းများတွင် ပို့ချနေသည်ဟု ယူဆရသည့် ဆရာ၊ ဆရာမများကို စုံစမ်းသိရှိပါက လိုက်လံဖမ်းဆီးထောင်ချလေ့ရှိသည်။

ထိုအွန်လိုင်းကျောင်းများတွင် ပညာသင်ယူသူ ကျောင်းသား၊ ကျောင်းသူများကို ထောင်ချခြင်း မရှိသော်လည်း ကျောင်းအပ်နှံစဉ် အုပ်ထိန်းသူအမည်ခံထားသူကို သိရှိလျှင် ဖမ်းဆီးအမှုဖွင့်လေ့ရှိသည်။

စစ်ကောင်စီ စီမံသည့် ပညာရေးစနစ်ကို လက်မခံသူများအကြား ရေပန်းစားသော Kaung for You Federal Private School သည်လည်း ယမန်နှစ် ဇွန်လအတွင်း ကျောင်းတက်နေသူတချို့၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားကာ ကျောင်းသားမိဘများထံ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် တစ်ပတ်အတွင်း ထိုကျောင်းတွင် စာသင်နေသည့် ဒေသအနှံ့မှ CDM ဆရာ၊ ဆရာမ ၃၀ ထက်မနည်း ဆက်တိုက်အဖမ်းခံရပြီး ကျောင်းကို ပိတ်ခဲ့ရသည်။

အလားတူ စာသင်ကျောင်းများတွင် NUG ကျောင်းများ ဖွင့်သည်၊ ကာကွယ်ရေးအဖွဲ့များ ခိုလှုံနေသည်ဟု ဆိုကာ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ချင်း၊ ကယား (ကရင်နီ) ၊ ကရင်၊ စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီက အများဆုံး ကျူးလွန်နေသည်။

စစ်ကိုင်းတိုင်း၊ မူးမြစ်အနောက်ဘက်ကမ်း ရေဦးမြို့နယ်၊ ထန်းတောကျေးရွာတွင် NUG ဖွင့်လှစ်ထားသည့် အထက်တန်းစာသင်ကျောင်းကို စစ်ကောင်စီလေယာဉ်က မေ ၉ မွန်းလွဲပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ CDM ဆရာ၊ ဆရာမများ သင်ကြားပို့ချနေသည့် အဆိုပါကျောင်း၌ ကျောင်းသား ၃၀၀ ခန့် တက်ရောက်နေရာ လေကြောင်းမှ မတိုက်ခိုက်မီ နာရီဝက်ခန့်တွင် ကျောင်းဆင်းသွားသဖြင့် ကလေးများ ထိခိုက်မှုမရှိခဲ့ပေ။

မေ ၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကက်သလစ်ဘာသာဝင် အများစုနေထိုင်ရာ ချမ်းသာရွာကို စစ်တပ်က ငါးကြိမ်မြောက် ဝင်ရောက်စီးနင်းပြီး အထက်တန်းအဆင့် စာသင်ကျောင်းဆောင်ကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button