သတင်း

အောင်မြေသာစံ ဖက်ဒရယ်ကျောင်းမှ ဆရာ၊ ဆရာမ ၁၅ ဦး အဖမ်းခံရ

မန္တလေးမြို့မှ ဆရာ၊ ဆရာမ ၁၀ ဦးထက်မနည်းကို အောင်မြေသာစံမြို့နယ်အခြေစိုက် Federal School Of Aung Myay Thar Zan အမည်ရှိ အွန်လိုင်းစာသင်ကျောင်းတွင် ပို့ချနေသူများဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး မတ်လကုန်တွင် ဖမ်းဆီးလိုက်သည်ဟု မြို့ခံများနှင့် မန္တလေးပညာရေးအသိုင်းအဝိုင်းက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားသော ထိုကျောင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက စုံစမ်းသိရှိပြီးနောက် ကျောင်းသားမိဘအဖြစ် အသွင်ယူကာ ဆက်သွယ် ဖမ်းဆီးခြင်း ဖြစ်သည်၊ ဖမ်းဆီးခံရသူများမှာ အသက် ၂၀ မှ ၄၀ ဝန်းကျင် အရွယ်များဖြစ်ကြသည်ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

“ကျောင်းရဲ့ အချက်အလက်တွေ ပေါက်ကြားတာကနေ ဖမ်းခံလိုက်ရတယ် ခေါ်မှာပေါ့။ သူတို့က ကျောင်းစထောင်ကတည်းက တောက်လျှောက် စုံစမ်းနေတာ။ ခုက ကျောင်းသားမိဘဟန်ဆောင်ပြီး လာအပ်ပြီးမှ အချက်အလက်တွေ လိုက်ပြီး ဖမ်းသွားတာလို့ ကြားရတယ်” ဟု သူက ပြောသည်။ 

အဆိုပါကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ အရေအတွက် မည်မျှရှိသည်ကို မသိရသေးပေ။ 

မတ် ၂၂ နေ့လယ်ပိုင်းက အောင်မြေသာစံမြို့နယ် ၁၁ B, ၇၈ လမ်းနှင့် ၇၉ လမ်းကြားကို စစ်ကောင်စီတပ်က ကား ၅ စီးဖြင့် ပိတ်ဆို့ကာ စစ်ဆေး ရှာဖွေခဲ့သည်ဟု ဆိုသည်။  

အွန်လိုင်းမှ ပညာသင်ပေးနေသည်ဆိုသော ဆရာမတစ်ဦးကို ရှာဖွေကြခြင်း ဖြစ်ကြောင်း၊ ထိုဆရာမကို မတွေ့သည့်အတွက် အစ်ကိုဖြစ်သူကို ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်းနောက် ညနေပိုင်းတွင် ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့်အပါအဝင် ဆရာမ ၄ ဦး အဖမ်းခံရပြီး နောက်နေ့များ၌ ဆက်တိုက်ဆိုသလို အဖမ်းအဆီးများ ရှိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ဆရာ၊ ဆရာမများထံမှ စာသင်ကြားရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းသွားကြောင်း၊ လွတ်မြောက်ခဲ့သူတချို့လည်း ရှိကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“ပထမ ၄ ဦး ဖမ်းခံလိုက်ရကတည်းက အချို့ကတော့ အချိန်မီ ရှောင်လိုက်နိုင်တယ်ပေါ့နော်။ ဖမ်းခံလိုက်ရတဲ့ ဆရာဆရာမတွေအတွက်လည်း အများကြီးစိတ်မကောင်းဘူး။ နောက်ပြီး နာမည်တောင် နာမည်ဝှက်နဲ့ သင်နေတဲ့အချိန်မှာ ခုလိုပေါက်ကြားပြီး သတင်းအတိအကျနဲ့ နေအိမ်တွေအထိ လာဖမ်းတာတော့ တော်တော်လေး အံ့ဩမိတယ်၊ စိတ်မကောင်းလည်းဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

အောင်မြေသာစံဖက်ဒရယ်ကျောင်းသည် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက အွန်လိုင်းစနစ်ဖြင့် အခြေခံပညာမှ အထက်တန်းအထိ အတန်းစုံ သင်ကြားပေးနေခြင်းဖြစ်သည်။ 

အဆိုပါကျောင်း တက်ရောက်သူများထဲတွင် စစ်ကောင်စီ၏ ပညာရေးကို သပိတ်မှောက်ထားသည့် ကျောင်းသားကျောင်းသူများလည်း ပါဝင်သည်ဟု သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းရှိ ပညာရေးဝန်ထမ်းအများအပြားနှင့် ကျောင်းသားကျောင်းသူအများအပြား စစ်ကောင်စီ၏ ပညာရေးစနစ်ကို သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ 

စစ်ကောင်စီအောက်တွင် “ရုံးမတက်နဲ့ ရုန်းထွက်” ဟု အများပြည်သူက ဌာနဆိုင်ရာ ဝန်ထမ်းများကို တောင်းဆို လှုံ့ဆော်ရာ လုပ်ငန်းခွင်ကို ကျောခိုင်းလိုက်သူအများအပြားမှာ ပညာရေးဌာန ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ ဖြစ်သည်။

NUG အစိုးရက ကြားကာလ ပညာသင်ကြားရေးကျောင်းများကို နိုင်ငံတစ်ဝန်း အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်သင်ကြားနေပြီး လွတ်မြောက်နယ်မြေတချို့တွင်လည်း ဒေသခံတို့အတွက် ကျောင်းဖွင့်ထားသည်။

စစ်ကောင်စီသည် အဆိုပါ အွန်လိုင်းကျောင်းများတွင် ပို့ချပေးနေသည်ဟု ယူဆရသည့် ဆရာ၊ ဆရာမများကို စုံစမ်းသိရှိပါက လိုက်လံဖမ်းဆီး ထောင်ချလေ့ရှိသည်။ 

ထိုအွန်လိုင်းကျောင်းများတွင် ပညာသင်ယူသူ ကျောင်းသူကျောင်းသားများကို ထောင်ချခြင်း မရှိသော်လည်း ကျောင်းအပ်နှံစဉ် အုပ်ထိန်းသူ အမည်ခံထားသူကို သိရှိလျှင် အမှုဖွင့်တတ်သည်။ 

ထို့ကြောင့် အချက်အလက်ပေါက်ကြားသည့် ကျောင်းများမှ အုပ်ထိန်းသူ အမည်ခံထားသူတို့ တိမ်းရှောင်နေကြရသည်။

မတ်လ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၄) ရပ်ကွက်မှ အသက် (၇၂) အရွယ် ဒေါ်တင်ရီထွန်းကို အွန်လိုင်းစနစ်ဖြင့် သင်ကြားသည့် NUG ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် FOEIM ကျောင်းတွင် တက်ရောက်သူတစ်ဦး၏ အုပ်ထိန်းသူဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲ ဖမ်းဆီးခဲ့သည်။ 

မတ်လ (၁၄) တွင်လည်း ဓနုဖြူမြို့နယ်မှ တိုင်းရင်းဆေးလုပ်ငန်းရှင် အသက် (၆၀) ခန့်အရွယ် အမျိုးသမီးတစ်ဦးလည်း အလားတူ စွပ်စွဲ ဖမ်းဆီးခံခဲ့ရသည်။

မန္တလေးမှ ဆရာ၊ ဆရာမ ၁၅ ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး “NUG ၏ စေခိုင်းချက်ဖြင့်” တရားမဝင်စာသင်ကြားမှုတွင် ပါဝင်နေသူတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ယမန်နေ့ ဧပြီ (၅) ရက်နေ့ထုတ် ၎င်းတို့၏ သတင်းစာများတွင် ဖော်ပြထားသည်။

မည်သည့်ပုဒ်မတပ်ပြီး ဖမ်းထားခြင်းဖြစ်ကြောင်း ဖော်ပြမထားပေ။

မန္တလေးတွင် ၂၀၂၂ ခုနှစ် ဩဂုတ်နှင့် စက်တင်ဘာလများအတွင်းကလည်း CDM ပညာရေးဝန်ထမ်း (၄၀) နီးပါး ဖမ်းဆီးခံခဲ့ရသည်။ 

စစ်ကောင်စီ၏ အပြုအမူများမှာ ကြောက်မက်ဖွယ်ဖြစ်လာသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျောင်းဆရာ၊ ဆရာမက ကလေးတွေကို ပညာသင်ကြားပေးတာက ဒီနိုင်ငံမှာ ကြီးလေးတဲ့ပြစ်မှု ဖြစ်နေတယ်။ မတရားဖမ်းဆီးခံနေရတယ်။ အံ့ဩဖို့ အတော်ကောင်းနေပြီ။ ဒါကြီးက လူ့အခွင့်အရေးကို တော်တော်ကို ချိုးဖောက်လိုက်တာပါပဲ” ဟု သူက မှတ်ချက်ပြုသည်။

NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန်ကမူ ဆရာ၊ ဆရာမများကို ဖမ်းဆီးမှုသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု သတင်းဌာနများကို ပြောဆိုထားသည်။

ပညာရေးသည် လူ့အခွင့်အရေးဖြစ်သည်၊ ကလေးများအားလုံး ပညာသင်ကြားခွင့် ရှိရမည်ဟုလည်း သူက ဆိုသည်။

ဖမ်းဆီးခံလိုက်ရသည့် ဆရာ၊ ဆရာမများ၏ ဓာတ်ပုံများကို စစ်ကောင်စီက စုစည်း ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button