အတွေးအမြင်

ဖဲသုံးချပ် မင်းအောင်လှိုင်၊ အလံရှူးသတင်းနှင့် အသုံးချခံလိုက်ရသော Don

မြန်မာစစ်ဗိုလ်ချုပ်များ၏ အကျော်ကြားဆုံး အရည်အချင်းတစ်ခုကို ပြပါဆိုလျှင် ၎င်းတို့ လိမ်ညာနေမှန်း သိလျက်နှင့် ကျေနပ်စွာ အလိမ်အညာခံပြီး ပေါင်းသင်းဆက်ဆံနေသော အိမ်နီးနားချင်းများ ရှိနေခြင်းပင် ဖြစ်သည်။

ထိုဖြစ်ရပ်ကို ဥပမာပေးရလျှင် ရန်ကုန်မြို့လယ် လမ်းဘေးက “ဖဲသုံးချပ်” ဝိုင်းနှင့် အလားသဏ္ဍာန်တူသည်။   

ဖဲသုံးချပ် ကစားဝိုင်းတွင် လိမ်ညာနေမှန်းသိလျက်နှင့် အနိုင်ရနိုးနိုး အလိမ်ခံကြပုံမှာ မကြာသေးမီက အိမ်နီးချင်းနိုင်ငံက ထိပ်တန်းသံတမန်တစ်ဦးဖြစ်သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် မင်းအောင်လှိုင်၏ ဖဲသုံးချပ် လိမ်ပွဲကြီးတွင် ကျေကျေနပ်နပ် ကစားခံခဲ့သည်ကို တွေ့မြင်လိုက်ခြင်းနှင့် နှိုင်းယှဉ်လိုသည်။

ထိုင်းနိုင်ငံသည် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲရလဒ်အရ အစိုးရအကြီးအကဲသစ် ဝန်ကြီးချုပ်ကို ဇူလိုင်လ ၁၃ ရက်နေ့ ပါလီမန်တွင် ရွေးကောက်တင်မြှောက်ရန်နှင့် အစိုးရသစ်ကို အာဏာလွှဲပြောင်းရန် အလွန်အရေးကြီးသောကာလကို ဖြတ်သန်းနေရသည်။

ဤမျှအရေးကြီးသော အချိန်ကာလတွင် နေပြည်တော်က အချက်ပြသဖြင့် ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းအိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don တစ်ယောက် နေပြည်တော်သို့ နေ့ချင်းပြန် သွားရောက်ခဲ့သည်။ ထိုင်းနိုင်ငံအရေးထက် အိမ်နီးချင်း မြန်မာနိုင်ငံအရေးကို ပို၍အချိန်ပေး အလေးဂရုပြုနေသော Don ၏ အပြုအမူမှာ သာမန်မဟုတ် အလွန်အံ့ဩစရာကောင်းလှပါသည်။

စစ်ခေါင်းဆောင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဧပြီလအတွင်းက နေပြည်တော်တွင် တွေ့ဆုံစဉ်။

အဆိုပါ နေ့ချင်းပြန် ခရီးစဉ်ကို ထိုင်းနှင့် စစ်ကောင်စီတို့က ချက်ချင်း သတင်းမထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြသည်။ Don ၏ နေပြည်တော်ခရီးစဉ်ကို ပြည်တွင်းပြည်ပ သတင်းမီဒီယာများက သိရှိထားခဲ့ကြသော်လည်း၊ အဘယ်အကြောင်းကိစ္စကြောင့် ချက်ချင်းသွားရသည်ကိုမူ လုံးဝမသိရှိကြပါ။

သို့သော် နိုင်ငံခြားရေးဝန်ကြီး Don နေပြည်တော်သို့ သွားရောက်သည့် အကြောင်းရင်းကို တိတိပပသိရှိနေသူတစ်ဦးတည်းသော သတင်းသမားတစ်ဦး ဤကမ္ဘာပေါ်တွင် ရှိနေသည်ဆိုလျှင် အံ့အားသင့်စရာ ဖြစ်နေမည်လား။

မင်းအောင်လှိုင် ဖဲသုံးချပ်ဝိုင်းအတွက် Khaldon Azhari ကို အလံရှူးငှားခဲ့သလား

ထိုသတင်းသမားမှာ ဂျပန်နိုင်ငံတွင် အခြေစိုက်လျက် အရှေ့အလယ်ပိုင်းက အာရပ်သတင်းဌာနများသို့ ဂျပန်နိုင်ငံဆိုင်ရာ သတင်းများ ရေးသားပေးပို့နေသည့် Pan Orient News သတင်းဌာန တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဆီးရီးယားနိုင်ငံသား Khaldon Azhari ပင်ဖြစ်သည်။

Khaldon Ashari သည် Foreign Correspondent’s Club of Japan – FCCJ ၏ ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ အထိ ဆောင်ရွက်ခဲ့သည့် အထောက်အထားကို FCCJ ၏ တရားဝင်အင်တာနက်စာမျက်နှာနှင့် The Foreign Correspondents’ Club Hong Kong စာမျက်နှာများတွင် တွေ့ရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don က ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သတင်းကို ဇူလိုင်လ ၁၁ ရက်နေ့တွင် Khaldon Azhari က ၎င်း၏ Pan Orient News အင်တာနက်စာမျက်နှာတွင် ဦးဦးဖျားဖျား စတင်ရေးသားဖော်ပြခဲ့သည်။ Khaldon Azhari ထိုသတင်းကို မည်ကဲ့သို့ ရရှိခဲ့ပါသနည်း။

အဆိုပါသတင်းကို ဒုတိယ ဖော်ပြခဲ့သော သတင်းဌာနမှာ Kyodo News ဖြစ်ပြီး၊ နောက်တစ်ရက် ဇူလိုင် လ ၁၂ ရက်နေ့ နံနက်တွင် ဖော်ပြလာပြီး၊ ပထမဆုံးဖော်ပြချက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့သည်ဟု တစ်ကြောင်းသာ ဖော်ပြခဲ့သည်။

Kyodo News သည် ထိုသတင်းကို သီးခြားလက်ခံရရှိခဲ့ခြင်းလား၊ သို့တည်းမဟုတ် Pan Orient News သတင်းကိုပဲ တွေ့ရှိပြီး၊ ထပ်ဆင့်ဖော်ပြခဲ့ခြင်းလား မသဲကွဲပါ။ သို့သော် သတင်းဌာန နှစ်ခုစလုံးသည် ဂျပန်နိုင်ငံအခြေစိုက် သတင်းဌာနများ ဖြစ်နေခြင်းက ထူးခြားသည်။

ဖဲသုံးချပ်လိမ်ပွဲတွင် ဘေးပတ်ပတ်လည်တွင် ရပ်ကြည့်သူများ ယုံကြည်လာပြီး၊ လောင်းကြေးထပ်လာစေရန် ဝိုင်းထဲတွင် “အလံရှူး” တစ်ယောက် အမြဲထားတတ်သည်။ ထိုသူက အရင်ဆုံး လောင်းကြေးထပ်ပြပြီး၊ အများရှေ့တွင် ဖဲနိုင်လို့ အလျော်အစား များများစားစား ရသွားသည့်ဟန် ဟန်ဆောင်တတ်ကြသည်။

ယခုလည်း မင်းအောင်လှိုင်သည် ၎င်းကို မယုံကြည်ကြသော ဘေးပတ်ပတ်လည်က အာဆီယံအသိုင်းအဝိုင်းကို လှည့်စားရန် Khaldon Ashari ကို “အလံရှူး” အဖြစ် ငှားရမ်းပြီး၊ မည်သည့်သတင်းမီဒီယာကမျှ မရရှိနိုင်သော သတင်းကို Khaldon Ashari ထံ ပေးပြီး ဖော်ပြခိုင်းခြင်းလားဆိုသည်က သံသယရှိစရာ ကောင်းလှသည်။

သံသယဖြစ်ဖွယ် Khaldon Ashari ၏ မြန်မာနိုင်ငံခရီးစဉ်

စိတ်ဝင်စားစရာအကောင်းဆုံးအချက်မှာ Khaldon Azhari သည် မြန်မာနိုင်ငံကို မေလကတည်းက ရောက်ရှိနေခြင်း ဖြစ်ပြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည့် သတင်းကို ၎င်း၏ Pan Orient News က ရေးသားဖော်ပြချိန်အထိ မြန်မာနိုင်ငံတွင် ရှိနေသေးသည်ဟု ယုံကြည်ရသည်။

ပထမအထောက်အထားမှာ မေလ ၁၂ ရက်နေ့ထုတ် Global New Light Of Myanmar သတင်းအရ Khaldon Azhari ကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကိုယ်တိုင် နေပြည်တော်တွင် လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအကြောင်း၊ သတင်းမီဒီယာဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာမီဒီယာအကြောင်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

Khaldon Azhari ကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တွေ့ရစဉ်

ထို့အပြင် ဇွန်လ ၂၉ ရက်နေ့တွင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရအဖွဲ့တွင် အရေးပါသော ဝန်ကြီးတစ်ပါးဖြစ်ခဲ့သည့် ဦးစိုးသိန်း၏သား အေးချမ်း တည်ထောင်ပိုင်ဆိုင်ထားသော Myanmar Insider က Khaldon Azhari နှင့် အင်တာဗျူးကို ဖော်ပြထားသည်။

ထိုအင်တာဗျူးတွင် Khaldon Azhari က “ကျနော့်ခရီးစဉ်က မပြီးသေးပါဘူး…အခုချိန်အထိတော့ မြန်မာနိုင်ငံက မကြာခင်ပြန်ဖို့ အကြောင်းမရှိပါဘူး၊ အဲ့ဒီအစား ဒီနိုင်ငံမှ စူးစမ်းလေ့လာဖို့ ပိုပြီးအချိန်ကြာကြာ နေမှာပါ” ဟု ပြောဆိုထားသည်။

အင်တာဗျူးတွင် Khaldon Azhari က “မြန်မာနိုင်ငံကို လာရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအခြေအနေကို မျက်မြင်တွေ့လို၍ ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ နေစဉ်ဘဝကို တွေ့မြင်လိုကြောင်း၊ နိုင်ငံရေးပြဿနာများကို လေ့လာရန်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အလွန့်အလွန် ခံစားမှုကောင်းမွန် (Extremely good feeling) ပါကြောင်း၊ မြန်မာနိုင်ငံအခြေအနေမှာ အလွန်ချောမွေ့ ငြိမ်းချမ်းသာယာပြီး ပုံမှန်အတိုင်းရှိနေကြောင်း၊ ပြည်သူများလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေသည်ကို တွေ့ရကြောင်း” ဟုလည်း စစ်ကောင်စီအတွက် ဝါဒဖြန့်ပြောဆိုထားသေးသည်။

မကြာသေးမီ နှစ်များအတွင်း FCCJ ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော Khaldon Azhari ၏ မြန်မာနိုင်ငံအကြောင်း ပြောဆိုချက်က မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေနှင့် လုံးဝပြောင်းပြန် ပြောဆိုထားခြင်းဖြစ်ပြီး၊ ပြည်တွင်းပြည်ပမီဒီယာများတွင် ဖော်ပြနေသော မြန်မာနိုင်ငံအခြေအနေနှင့်လည်း လွန်စွာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

သို့မဟုတ် ၎င်းရောက်ရှိခဲ့သော နေပြည်တော်နှင့် ရန်ကုန်မြို့က အခြေအနေတချို့ကို ကွက်၍ ပြောဆိုခြင်းပေလား။ မြန်မာနိုင်ငံကို လေ့လာရန် လာရောက်သည့် Khaldon Azhari က ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီ စသည့် နိုင်ငံ၏ ဧရိယာအများစုတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်မီး တောက်လောင်နေမှုကို အဘယ့်ကြောင့် ဖုံးကွယ်ထားသနည်း။

ထိုအင်တာဗျူးမှာပင် သူက “သတင်းသမားတစ်ယောက်အနေနဲ့ အမှန်ကို ရှာရမယ်၊ အမှန်ကို ရေးသား တင်ပြရမည်” ဟုပင် ပြောဆိုခဲ့သေးသည်။

မြန်မာနိုင်ငံငြိမ်းချမ်းသာယာပြီး ပုံမှန်အတိုင်းရှိနေကြောင်း Khaldon Azhari က သုံးသပ်နေချိန်တွင် လူသိန်းနှင့်ချီ စစ်ဘေးရှောင်နေရပြီး ကျေးရွာများကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောပါသည်ဟု Khaldon Azhari ဝါဒဖြန့်လာခြင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြောင်း သတင်းကို ဖော်ပြရာတွင် Khaldon Azhari က သတင်းရင်းမြစ်ကို အတိအကျဖော်ပြခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြားခဲ့ကြောင်း အောက်ပါအတိုင်း ရေးသားထားသည်။

“မြန်မာအစိုးရ (စစ်ကောင်စီကို ရည်ညွှန်းခြင်းဖြစ်သည်) က အကြမ်းဖက်ဝါဒနှင့် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေသည်ဟု စွပ်စွဲထားပြီး၊ အနောက်နိုင်ငံများက ထောက်ခံပံ့ပိုးနေသော PDF များကိုလည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်းကောင်း သူ့အနေဖြင့် အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်းမရှိပါဘူးဟု (ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်) တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြားခဲ့သည်” ဟု ရေးသားထားသည်။

ထိုအချက်ကို Khaldon Azhari မည်သူ့ဆီက ရသနည်း။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don ထံက ရခဲ့ခြင်း မဟုတ်ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် ခွင့်ပြုခဲ့သူထံမှသာ ရနိုင်စရာ အကြောင်းရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးတို့အကြား ဆွေးနွေးမှုအသေးစိတ်ကို မည်သူကမှ လူသိရှင်ကြား ပြောဆိုခဲ့ခြင်းမရှိသေးပါ။

ဇူလိုင်လ ၁၁ ရက်နေ့ကတည်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ရောက်ရှိနေပြီး၊ ဇူလှိုင်လ ၁၂ ရက်နေ့ကျမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်ရာ Khaldon Azhari သတင်းက တစ်ရက်စော၍ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ထို့အပြင် Don ၏ ပြောဆိုချက်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းမီဒီယာများကို ထုတ်ပြန်ပြောကြားရာတွင်လည်းကောင်း Khaldon Azhari ရေးသားထားသော PDF နှင့် NUG ကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်မပြု၊ မထောက်ခံပါ ဆိုသည့်အချက် လုံးဝပါဝင်ခြင်း မရှိပါ။

သို့သော် ဇူလိုင်လ ၁၃ ရက်နေ့ကျမှ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း၏ VOA မြန်မာပိုင်းသို့ ပြောဆိုချက်အရ Don နှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးချက်တွေကို အသေးစိတ်မသိရှိပါဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ် ဖြတ်တောက်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် PDF နှင့် NUG အပေါ် ထိုကဲ့သို့ သဘောထားမှတ်ချက် ပေးစေချင်နေသူတစ်ဦး ရှိနေပါသည်။

၎င်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော စစ်ကောင်စီအစည်းအဝေး (၁၈/၂၀၂၁) တွင် မင်းအောင်လှိုင်က “ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက်ချမှတ်သည့်အချိန်ထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေများမှတစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှေ့နေများမှတစ်ဆင့် ၎င်း၏မှတ်ချက်များပေးနိုင်သည့် အခွင့်အရေးရှိကြောင်း” ဟု ပြောဆိုခဲ့ဖူးသည်။  

သို့ဖြစ်ရာ မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည် ပြောစေချင်သောအချက်နှင့် Khaldon Azhari ၏ Pan Orient ရေးသားဖော်ပြချက်က တစ်ထပ်တည်းကျနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြောကြားပါသည် ဆိုသည့် အချက်သည် မင်းအောင်လှိုင်အတွက် ဝါဒဖြန့်ပေးခြင်းသာ ဖြစ်ဖွယ်ရှိသည်။

မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည် ပြောစေချင်သောအချက်နှင့် Khaldon Azhari ၏ Pan Orient ရေးသားဖော်ပြချက်က တစ်ထပ်တည်းကျနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြောကြားပါသည် ဆိုသည့် အချက်သည် မင်းအောင်လှိုင်အတွက် ဝါဒဖြန့်ပေးခြင်းသာ ဖြစ်ဖွယ်ရှိသည်။

မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲတွင် ကနေဒါနိုင်ငံတွင် အခြေစိုက်သော အစ္စရေးနိုင်ငံဖွား Ari Ben-Menashe အား အမေရိကန်အစိုးရနှင့် လွှတ်တော်အမတ်များကို မြန်မာနိုင်ငံအကြောင်း ဝါဒဖြန့် စည်းရုံးသိမ်းသွင်းပေးရန် ဒေါ်လာ ၂ သန်းဖြင့် ငှားရမ်းခဲ့ဖူးသည်။

ထိုစဉ်ကလည်း အမေရိကန်အစိုးရနှင့် လွှတ်တော်အမတ်များ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှု မပြုလုပ်စေရန် ဝါဒဖြန့်ရာတွင် Ari Ben-Menashe က “(ဒေါ်အောင်ဆန်းစုကြည်) က တရုတ်နဲ့ မဟာမိတ်စာချုပ် လက်မှတ်ရေးထိုးချင်နေခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးများက ဒါကို မလိုလားတာပါ” ဟု ဝါဒဖြန့်ခဲ့ပါသေးသည်။

ထို့အပြင် အာဏာသိမ်းပြီးစ အစောပိုင်းကာလတွင် ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများ လမ်းမများပေါ် ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်ကို မင်းမဲ့စရိုက်ကျစွာ ပြည်သူပိုင်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးနေလေဟန် ဝါဒဖြန့် သတင်းမှားထုတ်လွှင့်စေရန် စနစ်တကျ အကွက်ချခဲ့သည်။

နိုင်ငံတကာသတင်းမီဒီယာများကို တင်းကျပ်စွာ တားဆီးပိတ်ပင်ထားချိန်၊ စစ်ကောင်စီသည် အမေရိကန်အခြေစိုက် CNN သတင်းဌာန၏ နာမည်ကျော် နိုင်ငံတကာသတင်းထောက် Clarissa Ward ကို ပြည်ဝင်ခွင့်ပေးခဲ့ပြီး၊ ၎င်းရောက်ရှိနေချိန် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ဂန္ဓမာလက်ကားအရောင်းဈေးဝယ်စင်တာကြီးကို မီးရှို့ကာ၊ ဆန္ဒပြသူများ မီးရှို့ဖျက်ဆီးလေဟန် CNN သတင်းထဲ ပါလာအောင် ထောင်ချောက်ဆင် ကြံစည်ခဲ့ဖူးသည်။

အိမ်နီးချင်းသံတမန်၊ အာရပ်သတင်းသမားနှင့် မင်းအောင်လှိုင်၏ ဖဲသုံးချပ်လိမ်ပွဲကြီး

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် အောက်ပါအတိုင်း အနှစ်ချုပ် လေ့လာတွေ့ရှိရသည်။

မေလ ၁၃ ရက်နေ့တွင် ထိုင်း၌ ဝန်ကြီးချုပ်အသစ် တင်မြှောက်ပွဲလောက် အရေးကြီးသည့် ကိစ္စမရှိပေ။ ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမည့် အစိုးရသစ်ကို တာဝန်လွှဲပြောင်းပေးကာ ရာထူးမှ ဆင်းပေးရတော့မည့် ထိုင်းဝန်ကြီးချုပ် Don ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအမီ အသုံးချရန် မင်းအောင်လှိုင်က နေပြည်တော်သို့ ခေါ်ယူခဲ့သည်။

အာဆီယံအသင်းကြီး၏ ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သော ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌက တာဝန်ယူအကောင်အထည်ဖော်ရမည် ဖြစ်သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဆက်ဆက်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း၊ လျစ်လျူရှုခဲ့ပြီး၊ ၎င်း၏အကျိုးကို ဖော်ဆောင်ပေးရန် သေချာသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုသာ မင်းအောင်လှိုင် အသုံးချခဲ့သည်။

တစ်ဖန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don ပင် အာဆီယံအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခြင်း မတိုင်မီ၊ ထိုသတင်းကို Khaldon Azhari ထံ အရင်ဆုံးပေးပြီး၊ စစ်ကောင်စီ အလိုရှိသော ဒေါ်အောင်ဆန်းစုကြည် ပြောပါသည်ဆိုသည့် ဝါဒဖြန့်သတင်းကို စနစ်တကျ ရေးသားဖြန့်ချိစေခဲ့သလားဆိုသည်က မေးခွန်းထုတ်စရာဖြစ်နေသည်။

Don ကို ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးလိုက်ခြင်းဖြင့် ဘေးကြည့်နေကြသော ကျန်အာဆီယံနိုင်ငံများက မင်းအောင်လှိုင်၏ ဖဲသုံးချပ်လှည့်ကွက်ထဲ ဝင်လာမည်လား၊ ဒေါ်အောင်ဆန်းစုကြည်က PDF နှင့် NUG ကို အသိအမှတ်မပြု၊ မထောက်ခံပါဟု Khaldon Azhari ၏ အလံရှူးဝါဒဖြန့်မှုကို ယုံကြည်ကြမည်လား။

မည်သို့ဆိုစေ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don အသုံးချခံလိုက်ရပြီဆိုသည်က သေချာပါသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button