သတင်း

စစ်ကောင်စီလက်ထက် မလုံခြုံမှုက ဌာနဆိုင်ရာ ဝန်ထမ်းများကို ဂယက်ရိုက်

ပြည်ပသို့ ရောင်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖိုးများ လက်ခံရယူရန် လျှို့ဝှက်ဘဏ်အကောင့် ဖွင့်ထားသည့်ကိစ္စ ပြင်ပသို့ ပေါက်ကြားပြီးနောက် နေပြည်တော် စွမ်းအင်ဌာနရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း၊ အရာထမ်း၊ အမှုထမ်းများကို စစ်ကြောမေးမြန်းသည့် ဖြစ်စဉ်ကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းအသိုင်းအဝိုင်းကြား အချင်းချင်း မယုံကြည်မှုနှင့် စိုးရိမ်ထိတ်လန့်မှု ပေါ်ပေါက်နေပြီး ဂယက်ရိုက်နေသည်။

ရုံးအမှတ် (၄၄) ဟု နေပြည်တော်တွင် ခေါ်ကြသော စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံး ဇူလိုင် ၆ ရက်နေ့က စီးနင်းခံရစဉ် ဖမ်းဆီးခံရသူ ၂၀ ခန့်မှာ ယနေ့ (ဇူလိုင် ၁၀) အထိ ပြန်မလွတ်သေးဘဲ ၎င်းတို့၏ အသေးစိတ်အခြေအနေများကို စုံစမ်းရ ခက်နေဆဲဖြစ်သည်။

ကနဦးသတင်းများအရ MOGE မှ ဘဏ္ဍာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုရီ၊ စီမံကိန်းဌာန ဒုညွှန်မှူး ဦးကျော်ကျော်အောင်တို့ အပါအဝင် လက်ထောက်ညွှန်မှူး၊ ဦးစီးမှူး၊ ဒုဦးစီးမှူး၊ အကြီးတန်းနှင့် အငယ်တန်းစာရေးများကို စစ်ကောင်စီက ဖမ်းဆီး၍ ရုံးအမှတ် (၆) တွင် စစ်ဆေးနေသည်ဟု သိရသည်။

ထိုသို့ စစ်ဆေးခံနေရသူများထဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးမင်း ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။

ဦးအောင်စိုးမင်းသည် ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရထားသည့် ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းအပါအဝင် စစ်တပ်က ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု စစ်ကောင်စီကို စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍမျိုးစုံ၌ အန်တုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ပြောသည်။

“ဒီကိစ္စ (MOGE) ဖြစ်တော့ (ဝန်ထမ်းတွေကြားမှာ) အကုန်လုံး တုန်လှုပ်ချောက်ချားကုန်တယ်” ဟု ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီက ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံထားရသူ ဦးစိုးရသူရထွန်းက ဆိုသည်။

လွန်ခဲ့သော နှစ်နှစ်ကျော် အာဏာသိမ်းပြီးနောက်တွင် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာ သန်း ၅၀၀ ကျော် စစ်ကောင်စီထံ မရောက်ဘဲ ပိတ်မိနေရာ ယင်းကို ထုတ်ယူရန် မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် ကံ့ကော်အမည်ဖြင့် လျှို့ဝှက်ဘဏ်စာရင်းဖွင့်ထားကြောင်း လျှို့ဝှက်စာတစ်စောင်ကို အခြေခံ၍ Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ထိုဖြစ်စဉ် ဖြစ်ပြီးနောက်တွင် အစိုးရဌာနများတွင် စာအဝင်အထွက် လက်ခံရန် တာဝန်ကျသူ၊ လျှို့ဝှက်စာများနှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရသူ၊ အရာထမ်း၊ အမှုထမ်းများအကြား အကြောက်တရားကြီးစိုးနေပြီး ရုံးခန်းအတွင်း အခြားဌာနမှ ဝန်ထမ်းတစ်ဦးဦး အလုပ်ကိစ္စဖြင့် လာလျှင်ပင် သံသယဖြင့် စောင့်ကြည့်သည့် အခြေအနေများ ပေါ်ပေါက်နေသည်။

“အဓိကကတော့ စီမံဌာနက ဝန်ထမ်းတွေပဲ။ ဌာနတွေရဲ့ လျှို့ဝှက်စာ လက်ခံရတဲ့ ဌာနကသူတွေကတော့ ပိုပြီး ကြောက်နေကြတယ်။ ပေါက်ကြားတိုင်း စာလက်ခံတဲ့ ရုံးအဖွဲ့ကို စစ်ဆေးအရေးယူခံရရင် အဲဒီဌာနမှာ ဘယ်သူမှ လုပ်ရဲမှာမဟုတ်တော့ဘူး” ဟု နေပြည်တော်ဝန်ကြီးဌာနတစ်ခုတွင် အရာထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းလောကတွင် ရုံးစာပြင်ပ ပေါက်ကြားမှုကြောင့် စစ်ဆေးခံရသည့် ဌာနစုံမှ ဝန်ထမ်း ၃၀ ထက်မနည်း ရှိနိုင်ကြောင်း၊ စစ်ကြောရေးကာလ နှစ်ပတ်ဝန်းကျင် ကြာမြင့်လေ့ရှိကြောင်း နေပြည်တော်အခြေစိုက် အစိုးရအရာထမ်း အမျိုးသားတစ်ဦးကလည်း ပြောသည်။

“Facebookတို့ မီဒီယာတွေမှာ ရုံးစာ၊ လျှို့ဝှက်စာ တင်ပြီဆို သက်ဆိုင်တဲ့ဌာနက ရုံးအဖွဲ့တွေ စစ်ကြောရေးထဲ ရောက်တော့တာပဲ။ အသက်အန္တရာယ်တော့ မရှိပေမဲ့ အစစ်ခံရတဲ့ ဝန်ထမ်းတွေက ကြောက်ပြီး ဌာနပြောင်းတယ်၊ နယ်ပြောင်းတယ်၊ အလုပ်ထွက်တာတွေထိ ရှိတယ်” ဟု ၄င်းက ဆိုသည်။

လျှို့ဝှက်စာ ပေါက်ကြားပါက အရေးယူခံရနိုင်သည့် အခြေအနေကို အရာရှိများက လက်အောက်ငယ်သားများကို ရှင်းလင်းပြောဆိုနေကြကြောင်း အထက်ပါ အရာထမ်းနှစ်ဦးထံမှ သိရသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သဖြင့် နိုင်ငံအနှံ့ ခုခံမှုများ အရှိန်မြင့်နေရာ ခုခံတိုက်ခိုက်မှုသည် နေပြည်တော်အနီးသို့ပင် ချဉ်းကပ်လာချိန်၊ နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ဝင်ငွေအခက်တွေ့နေချိန်တွင် ပေါ်ပေါက်လာသည့် အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button