သတင်း

နေပြည်တော် စွမ်းအင်ရုံးမှ ဖမ်းခံထားရသူအားလုံး ပြန်လွတ်လာဟုဆို

နိုင်ငံတကာပိတ်ဆို့မှုကြောင့် ပြည်ပတွင် ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားပြီးနောက် နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို ဇူလိုင် ၆ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးခဲ့သူများအားလုံး နှစ်ပတ်ဝန်းကျင် အကြာတွင် ပြန်လည်လွတ်မြောက်လာသည်ဟု စုံစမ်းသိရှိရသည်။

ရုံးအမှတ် (၄၄) ဟု နေပြည်တော်တွင် ခေါ်ကြသော စွမ်းအင်ဝန်ကြီးဌာန၊ MOGE ရုံးကို စစ်တပ်က စီးနင်းခဲ့စဉ်က ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးမင်း၊ MOGE ၏ ဌာနခွဲများဖြစ်သော စီမံဌာနအောက်ရှိ ဘဏ္ဍာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုရီ၊ စီမံကိန်းဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်တို့ အပါအဝင် လက်ထောက်ညွှန်မှူး၊ ဦးစီးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်းအငယ်တန်းစာရေး ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဇူလိုင် ၁၄ ရက်နေ့ ပထမအသုတ် ပြန်လည်လွတ်မြောက်လာသူများထဲတွင် ဒုညွှန်ချုပ်၊ အရာထမ်း၊ အမှုထမ်းများ ပါဝင်ကြောင်း၊ ပထမအသုတ် စစ်ကောင်စီက ပြန်လွှတ်ပေးစဉ် ကျန်ရှိခဲ့သူများဖြစ်သည့် ညွှန်ကြားရေးမှူးအဆင့် အငြိမ်းစား ဗိုလ်မှူးတစ်ဦး၊ ဦးစီးအရာရှိ ဒေါ်အေးအေးစန်း၊ ရုံးအုပ် အမျိုးသားတစ်ဦးတို့ ဇူလိုင် ၁၈ ရက်နေ့တွင် ပြန်လွတ်လာကြောင်း သိရသည်။

ဝန်ထမ်းများထဲတွင် ပြင်ပသို့ သတင်းပို့သည့် သူလျှိုရှိမည်ဟု ယူဆပြီး စစ်ကြောခြင်း ဖြစ်သည်ဟု ဖမ်းဆီးခံခဲ့ရသူ MOGE အရာထမ်းတစ်ဦး၏ မိတ်ဆွေတစ်ဦးက ပြောသည်။

“မနေ့က (ဇူလိုင် ၁၈) ကျန်တဲ့သူတွေလည်း ပြန်လွတ်လာပြီ။ သူလျှိုလည်း မပေါ်တဲ့သဘောပဲ။ အသေးစိတ်တော့ ဘာမှမသိရဘူး။ လွှတ်လာတယ်လို့ပဲ သိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

MOGE မှ အဖမ်းခံရသူ အရာထမ်းအမှုထမ်းများ၏ အသေးစိတ်အခြေအနေ၊ ဖမ်းခံရသူအရေအတွက်တို့ကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

MOGE ဖြစ်စဉ်မှာ အခြားဌာနများသို့ပါ ဂယက်ရိုက်ကာ နေပြည်တော် ဌာနဆိုင်ရာဝန်ထမ်းများ စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ ဝန်ကြီးဌာနများထံသို့ အရာရှိအဆင့်ဖြင့် အသွင်ပြောင်း၍ ရောက်လာသည့် စစ်သားများကလည်း အရပ်ဘက်ဝန်ထမ်းများကို မယုံသင်္ကာဖြစ်ပြီး စောင့်ကြည့်နေကြကြောင်း နေပြည်တော် ဝန်ကြီးဌာနတစ်ခုတွင် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းတစ်ဦးထံမှ သိရသည်။

စစ်တပ် အာဏာသိမ်းအပြီး ပေါ်ပေါက်လာသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်း မရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ ထိုသို့ ဆက်ဆံခံရသဖြင့် အစိုးမရသည့်အခြေအနေ ပိုမိုပေါ်လွင်နေသည်ဟု သူက ပြောသည်။

“CDM မလုပ်တဲ့ဝန်ထမ်းတွေက ဌာနအတွင်းစစ်ဆေးမှု (တောင်) မဟုတ်ဘဲ စစ်ကြောရေးမှာ စစ်ခံရတယ်။ စစ်တပ်ဒေါက်တိုင်လို့ သတ်မှတ်ခံရတဲ့ ဝန်ထမ်းတွေဘဝလည်း ကမ်းနားသစ်ပင်ပါ။ ဘာမဆို ဖြစ်သွားနိုင်တဲ့အခြေအနေပဲ” ဟု အမည်မဖော်လိုသည့် အထက်ပါ အရာထမ်းအမျိုးသားက ပြောသည်။

လွန်ခဲ့သော နှစ်နှစ်ကျော် အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများကို လမ်းပေါ်တွင် ပစ်သတ်ခဲ့သည့် စစ်ကောင်စီကို အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားလာပြီးနောက် စစ်တပ်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ပိတ်ဆို့မှုကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာ သန်း ၅၀၀ ကျော် စစ်ကောင်စီထံ မရောက်ဘဲ ပိတ်မိနေရာ ယင်းကို ထုတ်ယူရန် မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် ကံ့ကော်အမည်ဖြင့် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ထိုဖြစ်စဉ် ဖြစ်ပြီးနောက်တွင် အစိုးရဌာနများတွင် စာအဝင်အထွက် လက်ခံရန် တာဝန်ကျသူ၊ လျှို့ဝှက်စာများနှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရသူ၊ အရာထမ်းအမှုထမ်းများအကြား အကြောက်တရားကြီးစိုးနေပြီး ရုံးခန်းအတွင်း အခြားဌာနမှ ဝန်ထမ်းတစ်ဦးဦး အလုပ်ကိစ္စဖြင့် လာလျှင်ပင် သံသယဖြင့် စောင့်ကြည့်သည့် အခြေအနေများ ပေါ်ပေါက်နေသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button