သတင်း

နေပြည်တော် စွမ်းအင်ရုံးမှ အချို့ပြန်လွတ်၊ ၃ ဦးထက်မနည်း စစ်ကြောခံနေရဆဲ

နိုင်ငံတကာပိတ်ဆို့မှုကြောင့် ပြည်ပတွင် ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားပြီးနောက် နေပြည်တော်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို ဇူလိုင် ၆ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သူများအနက် အချို့မှာ တစ်ပတ်ကျော်အကြာတွင် ပြန်လွတ်လာသည်။

ရုံးအမှတ် (၄၄) ဟု နေပြည်တော်တွင် ခေါ်ကြသော စွမ်းအင်ဝန်ကြီးဌာန၊ MOGE ရုံးကို စစ်တပ်က စီးနင်းခဲ့စဉ်က ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးမင်း၊ MOGE ၏ ဌာနခွဲများဖြစ်သော စီမံဌာနအောက်ရှိ ဘဏ္ဍာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုရီ၊ စီမံကိန်းဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်တို့ အပါအဝင် လက်ထောက်ညွှန်မှူး၊ ဦးစီးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်းအငယ်တန်းစာရေး ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

ဇူလိုင် ၁၄ ရက်က ပြန်လည်လွတ်မြောက်လာသူများထဲတွင် ဒုညွှန်ချုပ်၊ အရာထမ်း၊ အမှုထမ်းများ ပါဝင်ပြီး အရာထမ်းသုံးဦးထက်မနည်းကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားသည်ဟု စုံစမ်းသိရှိရသည်။

ဆက်လက်ဖမ်းဆီးခံထားရသူများထဲတွင် ပြည်ပတွင် ပိတ်မိနေသော ငွေများထုတ်ယူနိုင်ရန် လျှို့ဝှက်ဘဏ်စာရင်းဖွင့်သည့် ကိစ္စကို သိရှိ၊ စီမံနေသူများ ဖြစ်ကြောင်း၊ ဦးစီးအရာရှိ ဒေါ်အေးအေးစန်း၊ ညွှန်ကြားရေးမှူးအဆင့် အငြိမ်းစား ဗိုလ်မှူးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ထိုသူတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် စစ်ကြောနေသည်ကို မသိရသေးပေ။ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ယင်းနေရာနှင့်အနီး ရွာတော်စစ်ကြောရေးစခန်းတို့ကို စုံစမ်းစစ်ကြောသည့် ကိစ္စများအတွက် စစ်ကောင်စီက အသုံးပြုလေ့ရှိသည်။ စစ်ကောင်စီက ထိုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်သည်။

အဖမ်းခံရသူများထဲမှ အများအပြား ပြန်လွတ်လာသည်ဟု နေပြည်တော်ဝန်ကြီးဌာနတစ်ခုမှ အရာထမ်း အမျိုးသားတစ်ဦးက ဇူလိုင် ၁၅ ရက်နေ့တွင် ပြောသည်။

“(အချို့တွေ) မနေ့က လွတ်လာတယ်၊ အကုန်လုံးတော့ မဟုတ်ဘူး၊ ညွှန်မှူးရယ်၊ ရုံးအုပ်ရယ်။ ဦးစီးမှူးနဲ့ သုံးယောက် ပြန်မလွတ်သေးဘူး” ဟု သူက ပြောသည်။

ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးကလည်း MOGE ရုံးမှ စစ်ကောင်စီ ခေါ်ယူမေးမြန်းသူ ၄၀ ကျော်အထိ ရှိကြောင်း၊ ပြန်မလွတ်သေးသူများအတွက် စိတ်ပူနေကြောင်း ပြောသည်။

“(မလွတ်သေးတဲ့သူတွေရဲ့ မိသားစုတွေကို) ဝတ်စုံ ငါးစုံလောက် လာပို့ဖို့ အကြောင်းကြားလာတယ်။ ဘဏ်ကောင့်နဲ့ တိုက်ရိုက်ပက်သက်လို့ ပြန်မလွှတ်သေးတာလို့တော့ ကြားတယ်၊ အကုန်လွတ်ပြီး သူတို့သုံးယောက်ပဲ ကျန်တယ်ဆိုတော့ မိသားစုတွေက စိတ်ပူတာပေါ့” ဟု ၎င်းက ပြောသည်။

“ခုပြန်လွတ်လာတဲ့သူတွေလည်း မျက်နှာမကောင်းဘူး၊ အရမ်းကြောက်ပြီး ပုံမှန်မဖြစ်သေးတဲ့ ပုံစံတွေနဲ့”

လွန်ခဲ့သော နှစ်နှစ်ကျော် အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများကို လမ်းပေါ်တွင် ပစ်သတ်ခဲ့သော စစ်ကောင်စီကို အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှု အများအပြား ချမှတ်ထားသည်။

ပိတ်ဆို့မှုကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာ သန်း ၅၀၀ ကျော် စစ်ကောင်စီထံ မရောက်ဘဲ ပိတ်မိနေရာ ယင်းကို ထုတ်ယူရန် မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် ကံ့ကော်အမည်ဖြင့် လျှို့ဝှက်ဘဏ်စာရင်းဖွင့်ထားကြောင်း လျှို့ဝှက်စာတစ်စောင်ကို အခြေခံ၍ Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ထိုဖြစ်စဉ် ဖြစ်ပြီးနောက်တွင် အစိုးရဌာနများတွင် စာအဝင်အထွက် လက်ခံရန် တာဝန်ကျသူ၊ လျှို့ဝှက်စာများနှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရသူ၊ အရာထမ်း၊ အမှုထမ်းများအကြား အကြောက်တရား ကြီးစိုးနေပြီး ရုံးခန်းအတွင်း အခြားဌာနမှ ဝန်ထမ်းတစ်ဦးဦး အလုပ်ကိစ္စဖြင့် လာလျှင်ပင် သံသယဖြင့် စောင့်ကြည့်သည့် အခြေအနေများ ပေါ်ပေါက်နေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button