ဆောင်းပါး

မလွှဲမရှောင်သာ ကျောင်းပြန်တက်ရသူများ

ဇွန်လ ၁ ရက်နေ့ ကျောင်းပြန်ဖွင့်ချိန် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးစန်းလွင်*က သားနှစ်ဦးကို လက်ဆွဲကာ ရပ်ကွက်စာသင်ကျောင်းသို့ စိတ်မသက်မသာဖြင့် ရောက်လာသည်။ သားနှစ်ယောက်လုံး စာသင်ကျောင်းနှင့် ဝေးနေသည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။

ကျောင်းများကို အာဏာသိမ်းစစ်တပ်က စီစဉ်ဖွင့်လှစ်ထားသောကြောင့် ကလေးများကို ကျောင်းမပို့ခဲ့ပေ။ ယခုနှစ် ကျောင်းဖွင့်ရာသီအရောက်တွင်မူ တစ်နည်းတစ်ဖုံ စဉ်းစားရတော့သည်။

ဆယ်တန်းတက်ရမည့် အသက် ၁၈ နှစ်အရွယ် သမီးကြီးက ကျောင်းဆက်မတက်လိုတော့ပေ။ ဤသို့ဖြင့် ၇ နှစ်နှင့် ၁၄ နှစ်အရွယ် သားနှစ်ဦးကို ပထမတန်းနှင့် ပဥ္စမတန်းအပ်ရန် ဆုံးဖြတ်လိုက်ရသည်။

“ဒီနှစ်မှာတော့ ဘွားအေတွေကလည်း ငိုယိုပြီး ထားခိုင်းတယ်ပေါ့ဗျာ။ ကျွန်တော်တို့က သုံးယောက်လုံး မထားတော့ဘူး လုပ်ထားတာ” ဟု ဆန်ဆိုင်တစ်ခုတွင် နေ့စားအလုပ်သမားအဖြစ် အသက်မွေးနေသူ အသက် ၄၀ အရွယ် ဦးစန်းလွင်က ဆိုသည်။

ကျောင်းဆက်မတက်လိုသဖြင့် အထည်ချုပ်စက်ရုံတွင် အလုပ်ဝင်လုပ်သည့် သမီးကြီးဖြစ်သူမှာ ကိုးတန်းအထိ အောင်မြင်ထားပြီးဖြစ်သော်လည်း ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရသည်။​

“သူမတက်ချင်တာ ကိုယ်ကလည်း အတင်းကြီးရိုက်နှက်တက်ခိုင်းလို့ရတာ မဟုတ်ဘူး။ သူ့ကိုယ်ပိုင်အသိနဲ့ပဲ မတက်တော့ဘူး၊ အပြင်အလုပ်ပဲ လုပ်တော့မယ် ပြောတယ်”

စစ်ကောင်စီကို ဆန့်ကျင်သောအားဖြင့် ကျောင်းဆရာဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းအများအပြား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့်နည်းတူ ကျောင်းသားမိဘများကလည်း သားသမီးများကို ကျောင်းသို့ မပို့သည့်နည်းဖြင့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

ငွေကြေးတတ်နိုင်သူတို့က ပုဂ္ဂလိကကျောင်းသို့ ပို့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီစဉ်သည့် အွန်လိုင်းကျောင်းတွင် တက်သူများလည်း ရှိကြသည်။

သို့သော် စစ်ကောင်စီ၏ ပြင်းထန်သောနှိပ်ကွပ်မှုကြောင့် အွန်လိုင်းစနစ်ဖြင့် သင်ကြားသည့် ကျောင်းတချို့ ရပ်သွားသည်။ နှစ်နှစ်ကျော်ကြာ တောင့်ခံလာပြီးနောက် အခြေအနေကို မလွန်ဆန်နိုင်သော ဦးစန်းလွင်ကဲ့သို့သော ဆင်းရဲသားမိဘများအနေဖြင့် စိတ်ပြောင်းရတော့သည်။

ပြီးခဲ့သည့်နှစ် ကျောင်းဖွင့်ရာသီ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းပြန်တက်သူ ငါးသန်းကျော်ရှိခဲ့ပြီး ယခုနှစ်တွင် ခြောက်သန်းကျော်ရှိသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ၂၀၂၂ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

နိုင်ငံရေးကင်းရှင်းကြောင်းခံဝန်ဖြင့် ကျောင်းအပ်ရ

အာဏာသိမ်းစစ်တပ်နှင့် ဆန့်ကျင်တော်လှန်သူများအကြား နိုင်ငံရေးအရသာမက ဘက်ပေါင်းစုံမှ အားပြိုင်မှုများ ရှိနေသည်။ တိုင်းရေးပြည်ရာကိစ္စများတွင် ဟန်မပျက် စီမံခန့်ခွဲနိုင်ကြောင်း ပြသလိုသော စစ်ကောင်စီက ကျောင်းသားမိဘများကို ဖိအားပေးလေ့ရှိသည်။

၎င်းတို့လက်ထက်တွင် ကျောင်းများ ဖွင့်လှစ်ကာ ပုံမှန်လည်ပတ်နေကြောင်း၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်နေကြောင်း စစ်ကောင်စီချုပ်ကိုင်ထားသည့် နိုင်ငံပိုင်သတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် အသားပေးဖော်ပြနေသည်။

မြို့ပေါ်ရပ်ကွက်များ၌ မဖြစ်မနေကျောင်းတက်ရန် ရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဝင်များပါမကျန် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အိမ်ပေါက်စေ့ လိုက်လံ ဆော်ဩခဲ့ကြသည်။

ထိုသို့ သိသိသာသာ လိုက်လံဆော်ဩသည့်နည်းတူ ခရီးသွားဟန်လွှဲ လမ်းကြုံဖြင့် မသိမသာ သတိပေး ခြိမ်းခြောက် တိုက်တွန်းလေ့ရှိသည်ဟုလည်း ဦးစန်းလွင်က ဆိုသည်။

“အိမ်တွေကို ပိုးလောက်လန်း လိုက်စစ်တာတို့၊ ဝမ်းပျက်ဝမ်းလျှောပညာပေးတို့ လုပ်ရင်း ပြောသွားတာ။ အခမဲ့ပညာရေးလုပ်နေတယ်နော်၊ မဖြစ်နိုင်တာတွေ မျှော်လင့်မနေနဲ့၊ ဒီနှစ်မှ မတက်ရင် နောက်ပိုင်း လုံးဝ ကျောင်းတက်လို့ မရတော့ဘူးဆိုပြီး ပြောသွားကြတာ”

ထို့ပြင် သားသမီးကို ကျောင်းမအပ်ပါက မိဘများ အဖမ်းခံရနိုင်သည်ဟုလည်း ခြိမ်းခြောက်သည်။

စားဝတ်နေရေးကိုပင် အနိုင်နိုင်ရုန်းကန်နေရသည့် မိဘများသည် သားသမီးပညာရေးအတွက် သောကဖြစ်ရရုံသာမက အာဏာသိမ်းစစ်တပ်က အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးအရေးယူမည့်အရေးကိုလည်း တွေးပူလာရသည်။

NUG ၏ ကြားကာလပညာရေးအစီအစဉ်ကို ဦးစန်းလွင်ကဲ့သို့ ဆင်းရဲသားမိဘများ လက်လှမ်းမမီပေ။

အွန်လိုင်းမှ လျှို့ဝှက်သင်ကြားပို့ချခြင်းဖြစ်ရာ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိမှု၊ ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ဆက်သွယ်ရေးတို့ လိုအပ်ပေသည်။

မတတ်သာသည့်အဆုံး သားသမီးများကို လက်ဆွဲကာ စာသင်ကျောင်းသို့ သွားရသည့် ဦးစန်းလွင်သည် စစ်ကြောရေးစခန်း ဝင်ရတော့မည့်အလား ရင်တထိတ်ထိတ်ဖြင့် ကျောင်းအပ်ခဲ့ရသည်။ တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် သေနတ်လွယ်ထားသည့် စစ်သားလေးဦးကို ဖြတ်ကျော်ပြီးမှ ကျောင်းအပ်ရမည့်နေရာ ရောက်သည်။ နှစ်နှစ်ကြာပြီးမှ ကျောင်းပြန်အပ်ခြင်းဖြစ်ရာ ပြဿနာအရှာခံရတော့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဟုတ်မဟုတ်ပင် မေးမြန်းသည်ဟု ဆိုသည်။

“ဒီရပ်ကွက်ထဲမှာ အခြားကလေးတွေတက်နေတာ ဒီကလေးတွေက ဘာလို့မတက်လဲဆိုပြီး အကြီးကြီး ပြဿနာတက်တာ။ ဖောင် (လျှေက်လွှာ) မပေးဘူး၊ မိဘတွေက ဘာအလုပ်လုပ်လဲ၊ ကျွန်တော့်ကို NLD ပါတီဝင်လား၊ ပါတီဝင်မဟုတ်ရင် မနှစ်က ဘာလို့မအပ်တာလဲ” ဟု ဆရာဆရာမတချို့က ခက်ထန်မာကျောစွာ မေးမြန်းကြောင်း သူက ပြောသည်။

စားဝတ်နေရေး မပြေလည်လို့ပါဟု အကြောင်းပြချက်ပေးရာ ဆရာမတစ်ဦးက အခမဲ့ပညာရေးလေဟု ပြန်ပက်သည်။ ကျောင်းဝတ်စုံနှင့် လွယ်အိတ်မှသည် ကျောင်းသွားကျောင်းပြန် ကယ်ရီခ စသည့် ကုန်ကျစရိတ်များ ရှိသည်ဟု ပြန်လည်ဖြေရှင်းရသည်။

“နောက်ဆုံး ကဲ မအပ်တော့ဘူးကွာလို့ ဆိုပြီး ဖောင်တွေပါ လွှင့်ပစ်ပြီး ပြန်လာချင်တာ” ဟု ဦးစန်းလွင်က ပြန်ပြောင်းပြောပြသည်။

ကျောင်းအပ်ရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူတို့အပြင် နိုင်ငံရေးကင်းရှင်းကြောင်း အချက် ၁၅ ချက်ပါ ခံဝန်ကတိ ထိုးပေးရသည်ဟု ဆိုသည်။

“ကျွန်တော့်သားလေးက ၁၄ နှစ်ရှိပြီ။ လူကောင်ထွားနေပြီဆိုတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ စိုးလို့ ဒီကလေးတွေကို ဆန္ဒပြတာ ဘာညာ မလုပ်ပါဘူး၊ မိဘက တာဝန်ယူပါတယ်ဆိုပြီး လက်မှတ်ထိုးရတယ်” ဟု ဦးစန်းလွင်က ပြောသည်။

ထို့ပြင် ယခင်ကျောင်းမှ ကျောင်းထွက်လက်မှတ်နှင့် ထောက်ခံစာပါ တောင်းပေးရသည်။ ထောက်ခံစာက ချိပ်ပိတ်ထားသေးသည်။

“နှစ်နှစ်အတွင်း ဘာလို့ ကျောင်းမထားဘူးလဲဆိုတာကို အရင်ကျောင်းမှာ စာသွားယူရတယ်။ အဲဒါက ချိပ်ပိတ်၊ ဘာရေးထားမှန်း မသိဘူး”

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာ အထက်တန်းကျောင်း ဖျက်ဆီးခံထားရသည်ကို ၂၀၂၃ မေ ၄ တွင် တွေ့ရစဉ်။ ထိုရွာကို စစ်ကောင်စီတပ် ၅ ကြိမ်မြောက် ဝင်ရောက် ဖျက်ဆီးပြီးနောက် လက်ကျန်စာသင်ကျောင်းဆောင်ကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။ (ဓာတ်ပုံ-ပေးပို့)

မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပညာရေးအစီအစဉ်

အာဏာသိမ်းပြီးနောက် ကသောင်းကနင်းအခြေအနေများကြောင့် အခြေခံပညာကျောင်းများတွင် ကျောင်းတက်သူအရေအတွက် သိသိသာသာ လျော့နည်းခဲ့သည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ်အတွင်း ဝန်ခံပြောဆိုဖူးသည်။

တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းသားကျောင်းသူ ၁၀ သန်းနီးပါး ကျောင်းတက်မည်ဟု ခန့်မှန်းခဲ့သော်လည်း စာရင်းကောက်ယူချိန်၌ လေးသန်းကျော် ပျက်ကွက်နေသည်ဟု ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက နေပြည်တော်အစည်းအဝေးတစ်ခုတွင် အာဏာသိမ်းခေါင်းဆောင်က ပြောဆိုခဲ့သည်။

ကျောင်းမတက်သည့် အကြောင်းရင်းများတွင် နိုင်ငံရေးမတည်ငြိမ်ခြင်း၊ ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် မရှိခြင်းများ ပါဝင်သည်ဟု စစ်ခေါင်းဆောင်က ဆိုခဲ့သည်။

တစ်နိုင်ငံလုံးတွင် ဆရာဆရာမ လေးသိန်းကျော်ရှိသည့်အနက် နှစ်သိန်းခွဲကျော် CDM ဝင်ခဲ့သည်ဟု NUG ၏ ပညာရေးဝန်ကြီးဌာနက လွန်ခဲ့သည့်နှစ်အတွင်း ထုတ်ဖော်ကြေညာခဲ့သည်။

အာဏာသိမ်းစစ်တပ်က ကျောင်းများ ပြန်ဖွင့်ရန် ကြိုးပမ်းချိန်တွင် ဆန့်ကျင်တော်လှန်သူများက ကိုယ်ပိုင်ပညာရေးအစီအစဉ်များ ဖော်ဆောင်ခဲ့ကြသည်။ လက်မထောင်လိုသော စစ်ကောင်စီအတွက် မျက်နှာပျက်စရာအခြေအနေပင်ဖြစ်သည်။

လုံခြုံရေးအရ အာမခံချက်မပေးနိုင်သော ဒေသများသာမက တည်ငြိမ်အေးချမ်းသည့်နေရာများ၌ပင် ကျောင်းတက်ရာနှုန်း ကျဆင်းနေသည်ဟု မတ်လအစည်းအဝေးတစ်ခုတွင် အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောဆိုသည်။

မေလလယ် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင်လည်း ကျောင်းတက်သူဦးရေ တိုးတက်လာစေရေး နည်းလမ်းရှာဖွေကြရန် အာဏာသိမ်းခေါင်းဆောင်က တိုက်တွန်းခဲ့သည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ကျောင်းတက်သူ နည်းပါးလာကာ စာသင်ချိန် လအနည်းငယ်သာ ရှိခဲ့သော်လည်း စစ်ကောင်စီက အတန်းတင်စာမေးပွဲများ မဖြစ်မနေ ကျင်းပစေခဲ့သည်။ တက္ကသိုလ်ဝင်တန်းအဆင့်ဖြစ်သော ဆယ်တန်းစာမေးပွဲ အောင်ချက်ရာနှုန်း နှစ်နှစ်ဆက်တိုက် မြင့်တက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဆယ်တန်းစာမေးပွဲတွင် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး နေ့စဉ်မပြတ် ဝင်ရောက်မီးရှို့ဖျက်ဆီးခံနေရသော စစ်ကိုင်းတိုင်းသည်ပင် အောင်ချက် ၆၅ ရာခိုင်နှုန်းကျော်ရှိသည်ဟု စစ်ကောင်စီ၏ ယခုလ ၂ ရက်နေ့ ထုတ်ပြန်ချက်က ဆိုသည်။

ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက အောင်ချက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်သည်ဆိုသော်လည်း ဝင်ရောက်ဖြေဆိုသူ အရေအတွက်မှာ ထက်ဝက်နီးပါး လျော့နည်းသွားသည်။ ပြီးခဲ့သည့်နှစ်၌ ဆယ်တန်းဖြေသူ သုံးသိန်းနီးပါးရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်သိန်းခြောက်သောင်းကျော်သာ ရှိသည်။

အရပ်သားအစိုးရလက်ထက်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကိုးသိန်းကျော်အထိ ရှိခဲ့သော်လည်း သုံးသိန်းနီးပါးသာ အောင်မြင်ပြီး အောင်ချက် ၃၂ ရာခိုင်နှုန်းသာ ရှိသည်။

စာမေးပွဲအောင်ချက် အဆမတန်မြှင့်တင်နေသူ အာဏာသိမ်းခေါင်းဆောင်က ယခင်အစိုးရများလက်ထက်၌ စာတတ်မြောက်ရေးထက် အတန်းတက်ရေး ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေး အားနည်းခဲ့သည်ဟု ပြစ်တင်ဝေဖန်ထားသည်။

ထို့ပြင် နိုင်ငံတည်ဆောက်ရေးအတွက် ပညာတတ်များ ပေါများရေး ဦးစားပေးဆောင်ရွက်နေသည်ဟုပင် မေလအတွင်းက ပညာရေးညီလာခံ၌ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပြန်သည်။

စစ်ကောင်စီက ပညာရေးကို အားပေးသယောင် ကြွေးကြော်နေသော်လည်း ကျောင်းပရိဝုဏ်အတွင်းအထိ အာဏာစက်ဖြန့်ကြက်ထားသည့်အပြင် အခြားသော နည်းလမ်းများဖြင့်လည်း ဖိနှိပ်လျက်ရှိသည်။

ကျောင်းဖွင့်ရာသီ မရောက်မီ မေလအတွင်း၌ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ကောင်စီက ခပ်မြန်မြန် ထုတ်ပြန်သည်။ ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံရေးနှင့် နိုင်ငံရေးပါတီအကြောင်း ဆွေးနွေးခြင်း၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော အပြုအမူများ ပြုလုပ်ပါက ဒဏ်ငွေ ကျပ်သိန်း ၃၀ မှ ၅၀ အထိ ချမှတ်မည့်အပြင် ထောင်ဒဏ်ခြောက်လမှ တစ်နှစ်အထိ ချမှတ်မည်ဟု ထိုဥပဒေတွင် ထည့်သွင်းထားသည်။

နိုင်ငံရေးအရ မလွတ်မကင်းဆောင်ရွက်သည်များ ရှိသည်ဆိုကာ ပြီးခဲ့သည့်နှစ်အတွင်း နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းတချို့ကို စစ်ကောင်စီက ပိတ်သိမ်းခဲ့ဖူးသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ စာသင်ခန်းတစ်ခု။ ထိုမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် ကြားကာလပညာရေးကျောင်း ၁၀၀ ကျော် ရှိသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ၁၀,၀၀၀ ကျော်ရှိပြီး စေတနာ့ဝန်ထမ်းနှင့် CDM ဆရာ၊ ဆရာမ ၁၀၀၀ ကျော်က ကူညီနေသည်။ (ဓာတ်ပုံ – KNDF တပ်ရင်း ၅)

အန္တရာယ်မကင်းသော ကြားကာလပညာရေး 

စစ်ကောင်စီက ကျောင်းများ ပြန်ဖွင့်နိုင်ရေး အသည်းအသန်ကြိုးပမ်းသည့်နည်းတူ NUG ကလည်း ကြားကာလပညာရေးအစီအစဉ်ကို ဖော်ဆောင်ခဲ့ရာ ပြည်တွင်းရှိ ကျောင်းသားမိဘများ ဗျာများကာ ကျောင်းဖွင့်ချိန်ရောက်တိုင်း ဝေခွဲမရဖြစ်ကြရသည်။

ကြားကာလအစီအစဉ်ဆိုသည်မှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေစဉ်အတွင်း NUG က ဦးစီး ဖော်ဆောင်နေသည့် ပညာသင်ကြားရေးအစီအစဉ်ဖြစ်သည်။ စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်း မရှိသော ဒေသများတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် NUG ကျောင်းများ ဖွင့်လှစ်ကြသည်။

ကြားကာလပညာရေးအစီအစဉ်အရ အွန်လိုင်းစနစ်ဖြင့် သင်ကြားသည့်ကျောင်းများ အပါအဝင် နိုင်ငံတစ်ဝန်း၌ ကျောင်းပေါင်း ၄၀၀ ကျော်ရှိပြီး ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ပုဂ္ဂလိကကျောင်းပေါင်း ၇၀ ကျော်ရှိသည်ဟု မတ်လအတွင်း NUG ၏ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က ပြောသည်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားကိုးဖြင့် ဖွင့်လှစ်ထားသည့် NUG ကျောင်းများကို စစ်ကောင်စီက လေတပ်နှင့် မြေပြင်စစ်ကြောင်းများကို စေလွှတ်ကာ အငြိုးတကြီး ဖိနှိပ်ဖြိုခွင်းလေ့ရှိသည်။

ထို့ကြောင့် အချို့သော ဒေသများတွင် ထင်သာမြင်သာ ကျောင်းဖွင့်ရဲသည်မရှိဘဲ တောထဲတောင်ထဲ ပုန်းလျှိုးကွယ်လျှိုးဖွင့်ရသည်။ စာသင်ကျောင်းပါမကျန် မီးရှို့ဖျက်ဆီးခံနေရခြင်းကြောင့် သစ်ပင်ဝါးပင်များအောက် ဖြစ်သလို စာသင်ကြရသည့် ဒေသများ ရှိလာသည်။ ကျေးလက်ဒေသမှ စာသင်ကျောင်းများသာမက မြို့ပြ၌ အွန်လိုင်းစနစ်ဖြင့် သင်ကြားသည့် NUG ကျောင်းများသည်လည်း ဘေးကင်းလုံခြုံသည်မရှိပေ။

ပြီးခဲ့သည့်နှစ်အတွင်း ဆရာဆရာမ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်။ NUG ၏ နာမည်ကျော် အွန်လိုင်းကျောင်းများဖြစ်သည့် Kaung for you နှင့် Free Online Education Institution Myanmar – FOEIM တို့နှင့် ပတ်သက်သော အချက်အလက်တချို့ ပေါက်ကြားသောကြောင့် စစ်ကောင်စီက ထိုဆရာဆရာမများကို ခြေရာခံမိခြင်း ဖြစ်သည်ဟု ယူဆကြသည်။

အွန်လိုင်းကျောင်း၏ အားနည်းချက်တစ်ခုမှာ မိဘအုပ်ထိန်းသူများက အိမ်တွင် သင်ယူလေ့လာသူကို ကြီးကြပ်ပေးရခြင်း ဖြစ်သည်။

“အနီးကပ်ဆရာလည်း မရှိ။ မိဘကလည်း ဒါချည်းပဲ ထိုင်မကြည့်ပေးနိုင်ဘူး။ သူ့ဘာသာ သင်နေရတော့ မလိုက်နိုင်ဘူး” ဟု ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှ ကိုအောင်လွင်* က ဆိုသည်။

တူဖြစ်သူကို NUG အွန်လိုင်းကျောင်း တက်စေခဲ့သော်လည်း တစ်လသာ တက်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီအရောက်တွင် ကျောင်းမအပ်ကြသေးဘဲ ရပ်ကွက်ထဲရှိ ကျောင်းသားမိဘများ တစ်ဦးနှင့်တစ်ဦး အရိပ်အခြည်ကြည့်နေခဲ့ကြသည်။ ကျောင်းဖွင့်ရက် နီးလာချိန်တွင် ကိုအောင်လွင်လည်း တူဖြစ်သူရှေ့ရေးအတွက် ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ သွားအပ်လိုက်ဖြစ်တော့သည်။

“ကလေးက ငယ်တော့ အိမ်မှာနေရင် ဂိမ်းဆော့နေတာပဲ၊ ဘာမှလည်း မလေ့လာဖြစ်ဘူး။ ဒီအတိုင်း အချိန်ကုန်မယ့်အစား တတ်တာမတတ်တာထက် အတန်းလေး အောင်သွားရင် ဆိုပြီး သွားအပ်လိုက်ကြတာပဲ” ဟု သူက ရှင်းပြသည်။

အာဏာသိမ်းမှု ဆန့်ကျင်သူများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန်တွင် တွေ့ရပုံ။ စစ်တပ် အာဏာသိမ်းအပြီး ပေါ်ပေါက်လာသော အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ဆရာဆရာမ အများအပြား ပါဝင်ခဲ့ကြပြီး ဆန္ဒပြသူများက ဌာနဆိုင်ရာ ဝန်ထမ်းများကို ရုံးမတက်ဘဲ စစ်ခေါင်းဆောင်များလက်အောက်မှ ရုန်းထွက်ကြရန် တိုက်တွန်းခဲ့ကြသည်။

အန္တရာယ်နှင့် အခက်အခဲမျိုးစုံကြောင့် ယခုနှစ်တွင် စစ်ကောင်စီ ထိန်းချုပ်သည့် ကျောင်းများတွင် ကျောင်းတက်သူ တိုးလာသော်လည်း ကြားကာလပညာရေးအစီအစဉ်အောက်ရှိ ကျောင်းများတွင်လည်း သိသိသာသာ လျော့သွားခြင်း မရှိဟု အခြေခံပညာပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီမှ အတွင်းရေးမှူးဖြစ်သည့် CDM ကျောင်းဆရာ ဦးနောင်ချိုက ဆိုသည်။

“တချို့ CDM ဆရာဆရာမတွေရဲ့ သားသမီးတွေတောင် စစ်ကောင်စီကျောင်းတွေမှာ မလွှဲသာလို့ တက်နေရတာတွေရှိတယ်” ဟု သူက ဆိုသည်။

အခက်အခဲရှိနေသော်လည်း NUG ကျောင်းမျာက အာမခံချက်တစ်ခုခု ပေးနိုင်ရန် လိုအပ်သည်ဟုလည်း ဦးနောင်ချိုက ထောက်ပြသည်။

“အခုလုပ်နေတဲ့ စာမေးပွဲစစ်တာတို့ထက်စာရင် သေချာတဲ့ ခိုင်မာတဲ့ အာမခံချက်ပေးနိုင်ဖို့ NUG အနေနဲ့ ကြိုးစားသင့်ပြီလို့ ထင်တယ်။ ဆိုလိုတာက အွန်လိုင်းကျောင်းတွေမှာ သင်တဲ့သင်ရိုးက နိုင်ငံတကာက အသိအမှတ်ပြုနိုင်မယ့် သင်ရိုးဖြစ်ဖို့လိုတယ်” ဟု သူက ပြောသည်။

စစ်အာဏာရှင်စနစ်အောက်တွင် ကြီးပြင်းလာခဲ့သူ ကိုအောင်လွင်အနေဖြင့် တူဖြစ်သူကို အလားတူအဖြစ်မျိုး မကြုံစေချင်ပေ။ နီးရာဓား ကြောက်နေရသော အခြေအနေကြောင့် မလွှဲမရှောင်သာ စစ်ကောင်စီ ထိန်းချုပ်သည့်ကျောင်းကို ပို့လိုက်ရသည်။

“မြို့မှာကျ စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေပဲ ရှိတာလေ၊ ရွေးစရာမရှိဘူး။ နိုင်ငံရေးစနစ်ပြောင်းလဲမှ ပညာရေးစနစ်က ပြောင်းလဲမှာ။ စစ်ကောင်စီကျောင်းတွေမှာတော့ လုံးဝမျှော်လင့်လို့ရမှာ မဟုတ်ဘူး” ဟု ဦးနောင်ချိုက ပြောလိုက်သည်။

(မှတ်ချက် – *သတင်းရင်းမြစ်များကို လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button