ပညာရေး

ဖြေဆိုသူ ထက်ဝက်လျော့သွားချိန် ဆယ်တန်းအောင်ချက် အဆမတန်ခုန်တက်

လွန်ခဲ့သည့် မတ်လအတွင်း ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲအောင်စာရင်းကို စစ်ကောင်စီက ယမန်နေ့ (ဇွန် ၈) တွင် ထုတ်ပြန်လိုက်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း အဆမတန်ခုန်တက်သွားသည်။

စစ်ကောင်စီထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်တွင် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားကာ စစ်တပ်က နေ့စဉ်မပြတ် ဝင်ရောက် မီးရှို့ဖျက်ဆီးနေသော စစ်ကိုင်းတိုင်းသည်ပင် အောင်ချက် ၆၅ ရာခိုင်နှုန်းကျော် ရှိနေသည်။

ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာနှုန်း ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်သည်ဆိုသော်လည်း ဝင်ရောက်ဖြေဆိုသူအရေအတွက် ထက်ဝက်နီးပါး လျော့နည်းသွားသည်။ ပြီးခဲ့သည့်နှစ်တွင် ဆယ်တန်းစာမေးပွဲဖြေဆိုသူ ၂၈၀,၀၀၀ ကျော် ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၆၀,၀၀၀ ကျော်သာ ရှိသည်။

ဖြေဆိုသူ ၁၆၁,၈၅၀ ရှိသည့်အနက် ၁၀၉,၈၅၁ ဦး အောင်မြင်သည်ဟု စစ်ကောင်စီက ဆိုပြီး ကယားပြည်နယ်တွင် ဖြေဆိုသူ ၉၀၀ ကျော်၊ ချင်းနှင့် ကရင်ပြည်နယ်တို့တွင် ၂,၀၀၀ သာသာ ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ အနည်းဆုံးဒေသများဖြစ်သည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့်နှစ်တွင် ဆယ်တန်းစာမေးပွဲ ကျရှုံးသူများအတွက် သီးသန့်စာမေးပွဲလုပ်မည်ဟု စစ်ကောင်စီက ဆိုခဲ့သော်လည်း ယခုနှစ်တွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် ပြင်ပသင်တန်းတက်ရောက်ကာ တက္ကသိုလ်ဝင်တန်း ထပ်ဖြေစေမည်ဟု သိရသည်။

ဆယ်တန်းစာမေးပွဲဟု လူသိများသော တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် အခြေခံပညာအထက်တန်းကျောင်း စာမေးပွဲများတွင် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်သည်ဟု နာမည်ကြီးသည်။

စစ်တပ်က အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ကိုးသိန်းကျော်ရှိသည့်အနက် သုံးသိန်းနီးပါးသာ အောင်မြင်ပြီး အောင်ချက် ၃၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်း ကျောင်းတက်သူ မရှိသလောက်ဖြစ်ကာ စာသင်ချိန် လအနည်းငယ်သာရှိခဲ့သော်လည်း စစ်ကောင်စီက အတန်းတင်စာမေးပွဲများ မဖြစ်မနေကျင်းပစေကာ ၎င်းတို့လက်ထက်တွင် အောင်ချက်ရာနှုန်းမြင့်မားသည်ဟု နှစ်နှစ်ဆက်တိုက် ထုတ်ပြန်နေသည်။

စစ်ကောင်စီ၏ စာမေးပွဲအောင်စာရင်းရလဒ် ယုံကြည်စရာမရှိဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးအောင်မြတ်မိုးက ဝေဖန်သည်။

“တက်သုတ်ရိုက် စာမေးပွဲစစ်ပြီး စံချိန်တင် အောင်ပေးလိုက်ကတည်းက စစ်မှန်တဲ့ စာမေးပွဲမဟုတ်ဘူး။ ယုံကြည်စရာ တစ်ကွက်မှမရှိတဲ့ စာမေးပွဲလို့ပဲ ပြောချင်တယ်ဗျ”

စစ်အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သောအားဖြင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားကျောင်းသူများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းဆရာဆရာမများ CDM တွင် ပါဝင်ခဲ့ကြသည်။ တစ်နိုင်ငံလုံးမှ ဆရာဆရာမ နှစ်သိန်းခွဲကျော် CDM ဝင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနက လွန်ခဲ့သည့်နှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် ကသောင်းကနင်းအခြေအနေများကြောင့် အခြေခံပညာကျောင်းများတွင် ကျောင်းတက်သူအရေအတွက် သိသိသာသာ လျော့နည်းခဲ့သည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံခဲ့ဖူးသည်။

တစ်နိုင်ငံလုံးတွင် ကျောင်းသားကျောင်းသူ ၁၀ သန်းနီးပါး ကျောင်းတက်မည်ဟု ခန့်မှန်းခဲ့သော်လည်း စာရင်းကောက်ယူချိန်၌ လေးသန်းကျော် ပျက်ကွက်နေသည်ဟု ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက နေပြည်တော်အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုသည်။

ထိုသို့ဆိုသော်လည်း ယခင်အစိုးရများလက်ထက်၌ စာတတ်မြောက်ရေးထက် အတန်းတက်ရေး ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေး အားနည်းခဲ့သည်ဟု အာဏာသိမ်းခေါင်းဆောင်က ပြစ်တင်ဝေဖန်ခဲ့သည်။

နိုင်ငံတည်ဆောက်ရေးအတွက် ပညာတတ်များ ပေါများရေး ဦးစားပေးဆောင်ရွက်နေသည်ဟုလည်း ပြီးခဲ့သည့်မေလအတွင်းက ပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ၌ စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button