သတင်း

အာဏာသိမ်းပြီးနောက် ၁၀ တန်း စာမေးပွဲဖြေဆိုသူ စံချိန်တင်ကျဆင်း

၁၀တန်းစာမေးပွဲ ဖြေဆိုသူကျောင်းသား အရေအတွက်သည် အာဏာသိမ်းပြီးနောက် တဖြည်းဖြည်းကျဆင်းလာရာ ယခုနှစ်တွင် စံချိန်တင်ကျဆင်းသွားသည်။

၁၀တန်းစာမေးပွဲဟု လူသိများသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူကျောင်းသား အရေအတွက်သည် အာဏာသိမ်းပြီးနောက် တဖြည်းဖြည်းလျော့နည်းလာရာ ယခုနှစ်တွင် ၁ သိန်း ၄ သောင်းကျော်သာရှိပြီး စံချိန်တင်ကျဆင်းသွားသည်။

ယခုနှစ် ၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား ၁၄၆,၅၂၃ ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထိုအရေအတွက်သည် စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် စာရင်းပေးသူအားလုံး၏ ၁၅ ရာခိုင်နှုန်းခန့်သာရှိသည်။ ထိုစဉ်က ကိုဗစ်ကပ်ရောဂါအပါအဝင် အခက်အခဲများရှိသည့်တိုင် ကျောင်းသား ၉ သိန်း ၇ သောင်းကျော် စာရင်းသွင်းခဲ့ကြသည်။

နိုင်ငံရေးနှင့် ဆက်စပ်နေသည့် ၁၀ တန်းစာမေးပွဲ

မြန်မာလူငယ်များအတွက် အသက်မွေးဝမ်းကြောင်းတက္ကသိုလ်များနှင့် အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန် အရေးပါသည့် ၁၀ တန်းစာမေးပွဲဖြေဆိုမှုသည် နိုင်ငံရေးအခြေအနေများနှင့် တိုက်ရိုက်ဆက်စပ်နေသည်ကို ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်းက ၁၀ တန်း ဖြေဆိုသည့် ကျောင်းသားအရေအတွက်က သက်သေပြနေသည်။

၂၀၁၄-၂၀၂၄ ၁၀ နှစ်တာအတွင်း ၁၀ တန်းဖြေဆိုရန် စာရင်းပေးခဲ့သူများ

၂၀၁၁ တွင် စစ်အုပ်ချုပ်ရေးစနစ်မှ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများလုပ်ပြီး သုံးနှစ်အကြာတွင် ၁၀ တန်းဖြေရန် စာရင်းပေးသူ ၅သိန်း ၈သောင်းခန့်ရှိခဲ့သည်။ ထို့နောက် နောက်ပိုင်းနှစ်များတွင် ၁၀ တန်းဖြေဆိုသူ အရေအတွက် တစ်နှစ်ပြီးတစ်နှစ် သိသိသာသာတိုးလာခြင်း ဖြစ်သည်။

စစ်တပ်သည် ၂၀၂၁ ခုနှစ် ၁၀တန်းစာမေးပွဲဖြေဆိုရန် တစ်လခွဲခန့်အလို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီး ထိုနှစ်စာမေးပွဲများကိုလည်း ဖျက်သိမ်းခဲ့သည်။

ထို့နောက် ၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ တို့တွင် ၁၀တန်းစာမေးပွဲကို သုံးကြိမ် ကျင်းပခဲ့သည်။ ထိုသုံးနှစ် ပေါင်းလိုက်လျှင်ပင် ဖြေဆိုသူ စုစုပေါင်း ၆ သိန်း ၄ သောင်းကျော်သာ ရှိသည်။

စစ်တပ်သြဇာကျဆင်းမှုကို ပြသည့် စာစစ်ဌာနအရေအတွက်

အာဏာသိမ်းပြီးနောက် စစ်ပွဲနယ်မြေ ပိုမိုကျယ်ပြန့်လာရာ ၁၀ တန်းစာမေးပွဲ ကျင်းပနိုင်သည့် စာစစ်ဌာနအရေအတွက်လည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသည်။

ယခင်က စာစစ်ဌာန ၁၉၉၉ ခုရှိခဲ့ရာမှာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၁၂၅၈ သို့ ကျဆင်းသွားသည်။

ယခုနှစ်တွင် စာစစ်ဌာန ၈၄၁ ခုသာ ရှိတော့သည်။ 

နိုင်ငံအရှေ့ပိုင်း ကရင်နီဒေသ (ကယားပြည်နယ်) တွင် ယခုနှစ် ၁၀ တန်းစာမေးပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိပါ။ ထိုဒေသတွင် တော်လှန်ရေးတပ်များ၏ ပြင်းထန်သည့် ခုခံမှုနှင့် ရင်ဆိုင်ရပြီးနောက် စစ်ကောင်စီသည် ပြည်နယ်ဧရိယာ၏ ထက်ဝက်နီးပါးကို စွန့်လွှတ်ထားရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ စာစစ်ဌာနတစ်ခုကို ၂၀၂၂ ၁၀တန်းစာမေးပွဲ(၂၀၂၂) တွင်တွေ့ရစဉ် (ဓာတ်ပုံ – MOI)

အလားတူ ချင်းပြည်နယ်တွင် စာမေးပွဲဖြေရန် စာရင်းပေးထားသူ ၁၇၀၀ ကျော်သာရှိသည့်အနက် ၁၃၀၀ ကျော်က စာမေးပွဲခန်းထဲသို့ ရောက်မလာဟု စစ်ကောင်စီစာရင်းများအရ သိရသည်။

အာဏာသိမ်းပြီးနောက် ၁၀ တန်းစာမေးပွဲဖြေဆိုသူ များပြားခဲ့သည့် ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်ကို  ရက္ခိုင့်တပ်တော် (AA) က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေရာ ယခုနှစ်တွင် စာမေးပွဲဖြေဆိုသူ စံချိန်တင်ကျဆင်းသွားသည်။

အာဏာသိမ်းပြီးပြန်ကျင်းပသည့် ၂၀၂၂ ခုနှစ် စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ကျောင်းသား ၄၅,၀၀၀ ကျော် စာရင်းပေးခဲ့ပြီး စာစစ်ဌာန ၁၂၇ ခုရှိခဲ့သည်။ ယခုအခါ ၆၉ ခုသာရှိတော့သည်။ ယခုနှစ် ၁၀ တန်းစာမေးပွဲကို ဖြေဆိုရန် ရခိုင်ပြည်နယ်မှ ကျောင်းသား ၁၈၀၀၀ ကျော် စာရင်းပေးထားသော်လည်း ၁ သောင်းကျော်မှာ စာမေးပွဲခန်းသို့ ရောက်မသွားကြပေ။

အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း တစ်တိုင်းထဲမှပင် စာစစ်ဌာန ၂၄၈ ခုမှ ကျောင်းသား ၁ သိန်း ၂ သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြသော်လည်း ယခုနှစ်တွင် စာစစ်ဌာန ၃၇ ခု၊ ဝင်ရောက်ဖြေဆိုသူ ၅,၆၀၀ ကျော်သာ ရှိတော့သည်။

စစ်ပွဲများကြောင့် စာမေးပွဲပျက်ကွက်သည့် ကျောင်းသားအရေအတွက် တတိယအများဆုံးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်သည်။ ယမန်နှစ်က ကျောင်းသား ၃,၆၀၀ ကျော် စာရင်းပေးပြီး ၃,၃၀၀ ကျော် ဖြေဆိုသော်လည်း ယခုနှစ်တွင် ကျောင်းသား ၂,၈၀၀ ကျော်သာ စာရင်းပေးပြီး ၈၀၀ ကျော်က လာမဖြေနိုင်ပေ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လည်ပတ်စေသော စာသင်ကျောင်းများကို လူထုက သပိတ်မှောက်ခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများနှင့် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသော မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မကွေးရှိ တချို့ဒေသများတွင် ကိုယ်ပိုင်အစီအစဉ်ဖြင့် သင်ကြားကြသောစာသင်ကျောင်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလပညာရေးကျောင်းများဖြင့် စာသင်ပေးကြပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့များ ဦးစီးသင်ကြားသည့် အွန်လိုင်းအခြေပြုစာသင်ကျောင်းများလည်း ရှိသည်။

သို့သော် အာဏာမသိမ်းခင်က စာသင်ကြားနေကြသည့် ကျောင်းသားအရေအတွက်နှင့် နှိုင်းယှဉ်ပါက ထိုနည်းလမ်းဖြင့်ပညာသင်ကြားနိုင်သော ကျောင်းသားပမာဏ အလွန်နည်းသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button