သတင်း

တက္ကသိုလ်ဝင်တန်းဖြေသူများကို စစ်တပ်ကောင်းကြောင်း ဝါဒဖြန့်စာများဝေ

နေပြည်တော် အခြေခံပညာသင်ကျောင်းများတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေကြသည့် ကျောင်းသူ ကျောင်းသားများကို စစ်တပ်ကောင်းကြောင်း ရေးသားထားသည့် လက်ကမ်းစာစောင်များ လိုက်လံ ဝေငှနေသည်။

ယမန်နေ့ (မတ် ၁၅) တွင် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ဖြေဆိုပြီး စာမေးပွဲခန်းမှ ပြန်ထွက်လာသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စစ်တပ်က ပြည်သူအပေါ် မည်သို့ကောင်းကြောင်း ပါဝင်သည့် ဝါဒဖြန့်စာများ ပေးဝေခဲ့သည်။

လက်ကမ်းစာစောင်များတွင် ယခုလ ၂၇ ရက်၌ ကျရောက်မည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်၊ တပ်၏အား ၁၀ ပါး ဟု ခေါ်ဆိုသည့် စစ်သားများ လိုက်နာရမည့် စည်းကမ်းများ၊ အာဏာသိမ်းစစ်ခေါင်းဆောင်၏ မိန့်ခွန်းများ ပါဝင်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်အချို့ကိုလည်း လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။

“ပြည်သူတွေကို တပ်မတော်က ဘယ်လိုစွန့်စားပြီး ကယ်တာတွေ၊ အသက်ကို တိုင်းပြည်အတွက် ပေးထားတာတွေကို ဝတ္တုလို ရေးထားတယ်(လို့ သားက ပြောတယ်)။ အိမ်ကကောင် (သား) က လမ်းမှာ လွှင့်ပစ်လိုက်လို့ အသေးစိတ်တော့ မဖတ်လိုက်ရဘူး” ဟု ပျဉ်းမနားမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဝါဒဖြန့် လက်ကမ်းစာစောင်များ ဝေငှသည့်အကြောင်း စစ်ကောင်စီ၏ နေပြည်တော်ကောင်စီက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထိုသို့ ပေါ်ပေါ်ထင်ထင်ဝါဒဖြန့်ခြင်းမှာ စစ်သားသစ်လိုအပ်နေ၍ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် နေပြည်တော်မှ ကျောင်းဆရာတစ်ဦးက ဆိုသည်။

“အဖြူထည် ကလေးတွေကို Brainwash (ဝါဒမှိုင်းတိုက်) လုပ်တာပေါ့။ ခု (အစိုးရကျောင်းတက်နေတဲ့) ကလေးတွေက ရှေးရိုးစွဲမိဘတွေကို မလွန်ဆန်နိုင်လို့ (သာကျောင်းတက်) နေနေတာ။ အဲလောက် မညံ့ကြဘူး။ သူတို့ဝါဒဖြန့်တာ မအောင်မြင်နိုင်ပါဘူး” ဟု ထိုကျောင်းဆရာက မှတ်ချက်ပြုသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုချိန်နှင့် အောင်စာရင်းထုတ်ပြန်ချိန်များတွင် စစ်သားသစ်ရရန် အားကြိုးမာန်တက်စုဆောင်းသည်မှာ ယခင်ကပင်ဖြစ်သည်ဟု ၂၀၂၁ ဖေဖော်ဝါရီ တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တပ်ကိုစွန့်ခွာ (CDM) ခဲ့သည့် စစ်သက် ၁၇ နှစ်ရှိ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

သို့သော် ၎င်းတို့ တပ်တာဝန်ထမ်းဆောင်စဉ်ကာလများအတွင်း ယခုကဲ့သို့ စာသင်ကျောင်းရှေ့သွား၍ ကိုယ်ထိလက်ရောက် ဆွဲဆောင်စည်းရုံးရသည်အထိ စစ်တပ်အခြေအနေမှာ ရုပ်ပျက်ဆင်းပျက်မနိုင်ခဲ့ဟု ၎င်းက ဆက်ပြောသည်။ အာဏာမသိမ်းမီက ကျောင်းများအနီး လူလွှတ်ထောက်လှမ်းကာ ကျောင်းသားအချို့ကို ရွေးချယ်စည်းရုံးသည့် နည်းကိုသာ သုံးခဲ့သည်ဟု ဆိုသည်။

“စာမေးပွဲအောင်လို့ စိတ်ဓာတ်တက်ကြွနေတဲ့သူရှိတယ်။ မအောင်လို့ စိတ်လေသွားတဲ့သူရှိတယ်။ အဲဒီအချိန်ကို အမိအရဖမ်းပြီးတော့ တပ်သားသစ်စုတဲ့ ရာသီဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ဒါပေမဲ့ အရင်တုန်းက အခုလိုမျိုး လက်ကမ်းစာစောင်ဖြန့်တဲ့အထိတော့ မလုပ်ဖူးဘူး” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်တပ်မှာ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကြောင့် စစ်မျက်နှာများစွာဖွင့်ထားရချိန်၊ တပ်ကိုစွန့်ခွာသူ၊ သေဆုံး၊ ဒဏ်ရာရသူများနေချိန်၊ ဗိုလ်သင်တန်းတက်မည့်သူပင် ရှားနေချိန်တွင် စစ်ကောင်စီက ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများ၊ တပ်မိသားစုဝင်များကို နေ့စားခပေး၍ လက်နက်တပ်ဆင်ပေးနေရသည်။

အာဏာမသိမ်းမီက စစ်သားစုဆောင်းရာ ပင်မရင်းမြစ်ဖြစ်သည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းမှ ဒေသများတွင်ပင် ရွာစဉ်လှည့်မီးရှို့၊ ရက်စက်စွာ သတ်ဖြတ်၊ လေကြောင်းသုံး၍ တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ကျောင်းသားများကို စစ်တပ်၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပြည်သူအပေါ် စောင့်ရှောက်မှု ကောင်းကြောင်းများ ပြောဆိုစည်းရုံးနေခြင်းဖြစ်သည်။

လက်တွေ့တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းသည့် စစ်ကောင်စီကို ပြည်သူတို့က ပုံစံမျိုးစုံဖြင့် ဆန့်ကျင်နေရာ နိုင်ငံတစ်ဝန်း တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် ကျောင်းမတက်သည့် နည်းလမ်းလည်း ပါဝင်သည်။

ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ အာဏာသိမ်းပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ဦးရေ ၇၀ ရာခိုင်နှုန်းအောက်သို့ လျော့နည်းသွားသည်ကို တွေ့ရသည်။

ကိုဗစ်ကပ်ရောဂါ နိုင်ငံအတွင်း မဖြစ်ပွားမီ အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၈၅၁၅၂၄ ဦး ဖြေဆိုခဲ့ရာမှ အာဏာသိမ်းပြီး ၂၀၂၂ တွင် ၂၈၁၇၅၁ ဦး၊ ၂၀၂၃- ၁၆၁၆၈၁ ဦးသာ ဖြေဆိုခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button