ပညာရေး

စစ်ကောင်စီကျောင်းမှ ပြောင်းလာသူများ ဒဏ်ကြေးပေးမှ ကျောင်းတက်ခွင့်ရမည်ဟု ရေဦးပညာရေးဘုတ်အဖွဲ့ကြေညာ

စစ်ကောင်စီအုပ်ချုပ်မှုအောက် စာသင်ကျောင်းများတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားများသည် ပြည်သူ့အခြေပြုကျောင်းတွင် ကျောင်းပြောင်းပညာသင်လိုပါက ဒဏ်ကြေးပေးရမည်ဟု ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့က ကြေညာသည်။

စစ်ကောင်စီအုပ်ချုပ်မှုအောက် စာသင်ကျောင်းများတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားများသည် ပြည်သူ့အခြေပြုကျောင်းတွင် ကျောင်းပြောင်းပညာသင်လိုပါက ဒဏ်ကြေးအဖြစ် သုံးသိန်းမှ ငါးသိန်းထိ ပေးဆောင်ရမည်ဟု ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဧပြီ ၁၀ ရက် နေ့စွဲဖြင့် ကြေညာသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် အဆိုပါစာတွင် CDM ကျောင်းသားကျောင်းသူများ၏ ကြားကာလပညာရေးအခက်အခဲကို မျက်ကွယ်ပြုသည့် Non CDM မိဘများ၊ ကျောင်းသားကျောင်းသူများကို ပြင်းထန်စွာ အရေးယူမည်၊ စစ်ဆေးအကဲဖြတ်ခံရပြီးမှ ကျောင်းအပ်လက်ခံမည်ဟု ဆိုသည်။

ရေဦးမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ကြေညာချက်။

မူလတန်းအဆင့် ကျောင်းသားတစ်ဦးလျှင် သုံးသိန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများအတွက် ငါးသိန်း၊ မိသားစုတွင် ကျောင်းသားတစ်ဦးထက်ပိုပါက အတန်းအမြင့်ဆုံး တစ်ဦးအတွက်သာ ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အမိန့်စာသည် မှန်ကန်ကြောင်း ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးသင်္ကြန်ဖြိုးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးယန္တရား တည်ဆောက်နေချိန်တွင် ဒေသတွင်းမှ ထွက်ခွာသွားခဲ့ပြီး စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေများမှ ပြန်လာကြသူများကို အရေးယူခြင်းဖြစ်သည်ဟု ဆိုသည်။

“NUG ရဲ့ ပညာရေးစနစ်ကို ယုံကြည်မှုကင်းမဲ့ပြီး စစ်ကောင်စီကျောင်းတွေမှာ သွားထားကြတယ်၊ စစ်ကောင်စီက ဒီလို (စစ်မှုထမ်းဥပဒေ) လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ဆီ ပြန်လာတယ်၊ အဲဒါတွေမတိုင်ခင်မှာ ကျွန်တော်တို့ ပြည်သူ့ကျောင်းတွေ ဖွင့်တဲ့အခါ Mi 35 (တိုက်ခိုက်ရေး ရဟတ်ယာဉ်) နဲ့ ပစ်ခံရတာ ၇ ကျောင်း ရှိပါတယ်၊ အဲအချိန်မှာ ပေးဆပ်ပြီး NUG ရဲ့ ပညာရေးအကောင်အထည်ပေါ်အောင်လုပ်တာ ဒီကျောင်းသူကျောင်းသားတွေပဲဖြစ်တယ်၊ ကျောင်းသူကျောင်းသားတွေရဲ့ ပေးဆပ်မှုနဲ့ ညီမျှသောပေါ့ဗျာ​၊ ဒီအတိုင်းအတာနဲ့ ဖြစ်သင့်တယ်ဆိုပြီး ဘုတ်အဖွဲ့ကိုက လုပ်လိုက်တာ” ဟု ဆိုသည်။

အဆိုပါထုတ်ပြန်ချက်မှာ NUG ၏ မူဝါဒမဟုတ်ဘဲ ဒေသန္တရပညာရေးဘုတ်အဖွဲ့များက ထုတ်ပြန်သည့် ထုတ်ပြန်ချက်ဟု နားလည်ကြောင်း NUG ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆိုသည်။

အခြေခံပညာကျောင်းသားများသည် အသက် ၁၈ နှစ်အောက်ကလေးငယ်များဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်သဖြင့် Non CDM ကျောင်းသားများဟု အသုံးပြုခွင့်မရှိသလို ပညာသင်ယူမှုကြောင့် အရေးယူခွင့် လုံးဝမပြုလုပ်သင့်ကြောင်း Generation Wave အဖွဲ့ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဝေဖန်သည်။

“မဖြစ်မနေ အရေးယူမှရမယ့်အခြေအနေဆိုရင် စစ်ကောင်စီကျောင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ထမ်းတွေနဲ့၊ ကိုယ့်ရဲ့ကလေးတွေကို စစ်ကောင်စီကျောင်းတွေဆီ တက်ရောက်စေခဲ့တဲ့ မိဘတွေကိုပဲ အရေးယူရမှာဖြစ်တယ်။ ဒီလို မဖြစ်မနေလိုအပ်ချက်အရ အရေးယူမယ်ဆိုရင်လည်း သူတို့ရဲ့ ပြစ်မှုဟာ စာသင်ကြားမှုနဲ့ ကလေးကို ကျောင်းထားမှု မဖြစ်ရဘဲ၊ အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းဆောင်ရွက်မှု (သို့မဟုတ်) ဆန့်ကျင်ရှောင်ရှားရန် ပျက်ကွက်မှုဆိုတာမျိုး ဖြစ်ရမယ်” ဟု ဆိုသည်။

အဆိုပါကြေညာချက်ကို ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မတိုင်ပင်ဘဲ ထုတ်ခဲ့သဖြင့် ပညာရေးဘုတ်အဖွဲ့နှင့် ဆွေးနွေးသွားမည်ဟု ရေးဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နာယက ဦးမြင့်ထွေးက ပြောသည်။

“မြို့နယ်ပအဖအဖွဲ့က မသိလိုက်ဘူး၊ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်းဆောင်ရွက်ချက်တွေကို မေးမြန်းပြီး ပြန်လည်ထိန်းညှိဖို့တော့ စီစဉ်ထားပါတယ်၊ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ညှိနှိုင်းသွားပါဦးမယ်” ဟု ဆိုသည်။

ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့ထုတ်ပြန်ချက်တွင် ရရှိလာသည့် ဒဏ်ကြေးများကို မြို့နယ်ပညာရေးဘုတ်အဖွဲ့ ၃၀ ရာခိုင်နှုန်းနှင့် ဒေသန္တရအခြေပြုကျောင်းများကို ၇၀ ရာခိုင်နှုန်း ခွဲဝေကာ ကြာကာလပညာရေးအတွက် အသုံးပြုသွားမည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button