ပညာရေး

ကရင်ဒေသတွင် လေတပ်ရန်ကြောင့် တောတွင်း စာမေးပွဲဖြေရသူများရှိနေ

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေအတွင်း စာမေးပွဲကာလတွင် လေကြောင်းရန် ကျရောက်လာသည့်အတွက် မူလတန်းကလေးငယ်များမှာ တောတွင်းတွင် စာမေးပွဲဖြေဆိုနေကြရသည်။

KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ဘားအံခရိုင်အတွင်း ဖေဖော်ဝါရီ ၁၈ တွင် စစ်လေယာဉ်ပျံသန်းမှု ၄ ကြိမ်ထက်မနည်း ရှိလာပြီးနောက် ထိုဒေသ ကျေးရွာများတွင် ရှိနေသူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြခြင်းဖြစ်သည်။

ထိုနယ်မြေအတွင်း မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၃ ကျောင်းရှိရာ မူလတန်းစာမေးပွဲ မပြီးဆုံးသေးကြောင်း အဆိုပါ ကျောင်းတစ်ကျောင်းတွင် သင်ကြားပေးနေသည့် ဆရာမတစ်ဦးက ပြောသည်။

“ကျောင်းသားအကုန် အခု တောထဲမှာပဲ။ ရှောင်ရင်း ဖြေဖို့ စီစဉ်ရတယ်။ မိဘတွေက ကလေးတွေပညာရေး ထပ်နောက်ကျမှာ စိုးရိမ်ကြတယ်” ဟု ထိုဆရာမက Myanmar Now ကို ပြောသည်။

ဖေဖော်ဝါရီ ၁၄ နှင့် ၁၅ တွင် KNU တပ်မဟာ (၅) နယ်မြေဖြစ်သည့် ဖာပွန်ခရိုင်အတွင်းရှိ ဒေးဘူနိုနှင့် ထော့ထီးပယ်ကျေးရွာများအတွင်းသို့ ဗုံးကြဲချခဲ့ခြင်းကြောင့် စာသင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၆ လုံး ပျက်စီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလေကြောင်းအန္တရာယ်ကြား စာမေးပွဲဖြေနေသည့် ကလေးငယ်

ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီက တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ ပေကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာအတွင်းသို့ လေတပ်က ဗုံးကြဲချခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၁ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့သည်။

လေတပ်ရန်မှ တိမ်းရှောင်နေရသော်လည်း စိုးရိမ်နေရဆဲဟု တောတွင်း စာမေးပွဲဖြေနေသည့် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးက အုပ်ထိန်းသူ ကျောင်းဆရာမ၏ ခွင့်ပြုချက်ဖြင့် Myanmar Now ကို ပြောသည်။

“တခြားနေရာတွေမှာလည်း စာသင်ကျောင်းတွေ ဗုံးကြဲခံရတာ၊ သမီးတို့အရွယ် ကလေးတွေ သေကြရတာတွေ သိရပါတယ်။ စိတ်မကောင်းဘူး။ သူတို့ကို သနားတယ်။ အခုလည်း တောထဲ စာမေးပွဲဖြေရတာ စိတ်မဖြောင့်ဘူး။ ဘယ်အချိန် လေယာဉ်နဲ့ လာပစ်မလဲ၊ ထပြေးရမလဲ စိတ်ပူရတယ်၊ ပုရွက်ဆိတ်လည်း ကိုက်တယ်၊ ဆူးတွေလည်း စူးတယ်” ဟု အထက်ပါ ကျောင်းသူက ပြောသည်။

စစ်ဘေးရှောင်ရင်း ပညာသင်နေကြရသည့် ကလေးငယ်များ

စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ်များသည် KNU ဌာနချုပ်တည်ရှိရာ အနီးတစ်ဝိုက်ရှိ ကျေးရွာများအပေါ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ပျံသန်းခဲ့ခြင်းဖြစ်ပြီး ညပိုင်းအချိန်များတွင် ဒရုန်းများဖြင့်ပါ ကင်းထောက်နေသည်ဟု ဒေသခံများက ဆိုသည်။ အဆိုပါ အခြေအနေများကြောင့် မော်ပယ်ခို့၊ လေးဝါး စသည့် ရွာများမှ ဒေသခံ ၁,၀၀၀ ခန့်လည်း တိမ်းရှောင်နေကြရသည်။

ကျန်းမာရေးအခြေအနေအရ နေအိမ်တွင် မဖြစ်မနေကျန်ရှိနေသည့် ဒေသခံများမှာ ဗုံးခိုကျင်းများအနီးတွင် အဆင်သင့်အနေအထားဖြင့် နေထိုင်နေကြရကြောင်းလည်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများက ဆိုသည်။

ဒေသခံအရပ်သားများအတွက် ဖွင့်လှစ်ထားသည့် ဆေးပေးခန်းများနှင့် ဆေးရုံများသည်လည်း ယခင်က ၂၄ နာရီ လည်ပတ်နိုင်ခဲ့သော်လည်း ယခုလ ၁၈ ရက်နေ့မှစ၍ အချိန်ပိုင်းသာ ဖွင့်လှစ်ပေးနိုင်တော့ကြောင်း သိရသည်။

“အချို့ ဆေးခန်းတွေ၊ ဆေးရုံတွေဆို လူနာတွေပါ အကုန်ပေးဆင်းထားတယ်၊ အခြေအနေက လေကြောင်းက ဘယ်အချိန်လာမယ် မသိဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လေကြောင်းရန်ကြောက်၍ ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံအများစုမှာ တောထဲတွင် ပုန်းခိုကြရပြီး အချို့မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက် ခိုလှုံရန် ကြိုးစားသော်လည်း ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လက်မခံဟု ဒေသခံများက ဆိုကြသည်။

“တချို့မိသားစုတွေ ထိုင်းဘက်ခြမ်းကို ကူးဖို့ ကြိုးစားကြတယ်။ ထိုင်းဘက်ရောက်ရင် အန္တရာယ်ကင်းတယ် ထင်ကြတာ။ သောင်ရင်းကမ်းနားပဲ​ ခိုလို့ရတယ်။ ထိုင်းပုလိပ်တွေက ပေးမကူးဘူး။ အပေါ်တက်ရင် လိုက်ဖမ်းတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

၂၀၂၁ မတ်လ ၂၇၊ ၂၈ နှင့် ၃၀ ရက်များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မဟာ (၅) နယ်မြေအတွင်း အရပ်သား ၂၀ ကျော် သေဆုံးခဲ့ဖူးသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂ နှစ်အတွင်း KNU ထိန်းချုပ်နယ်မြေ ၇ ခုအတွင်း အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၀၇ ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်း KNU ဌာနချုပ်က ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်နေ့) က ထုတ်ပြန်ပြောဆိုခဲ့သည်။

ထိုတိုက်ခိုက်မှုများနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း အရပ်သား ၃၆ ဦး သေဆုံးပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နေအိမ် ၂၅၈ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊​ ဆေးရုံ ၆ ခု၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၈ ကျောင်း ပျက်စီးခဲ့ကြောင်း KNU က ပြောသည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ကချင်ပြည်နယ် အနမ့်ပါရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ အရာရှိများ၊ အနုပညာရှင်၊ စီးပွားရေးသမားများ အပါအဝင် ၆၂ ဦး သေဆုံးသွားခဲ့သည်။ စက်တင်ဘာ ၁၆ တွင် စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းကို ဗုံးကြဲခဲ့ရာ ကလေးငယ် ၇ ဦးနှင့် ကျေးရွာနေ ဒေသခံ အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ရံဖန်ရံခါ သတင်းထုတ်ပြန်ရာ ၎င်းတို့၏ လက်နက်ကိုင်များက အကြမ်းဖက်သမားများကို တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ထုတ်ပြန်ချက်များတွင် ဖော်ပြထားတတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button