သတင်း

လေတပ်ကြောင့် ဖာပွန်တွင် ၅ ဦးသေ၊ ပညာရေးနှင့် ဘာသာရေးပစ်မှတ်များ ထိခိုက်

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့၊ လေးဝါးကျေးရွာကို လေတပ်က ဇန်နဝါရီ ၁၂ မွန်းလွဲပိုင်းက တိုက်ခိုက်ရာ ၅ ဦး သေဆုံးပြီး အဆောက်အအုံများ ပျက်စီးသည်ဟု သိရသည်။

သေဆုံးသူများထဲတွင် ၂ နှစ်အရွယ် ကလေးငယ်နှင့် သူ၏မိခင်၊ သင်းအုပ်ဆရာတော်တစ်ပါး ပါဝင်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အရာရှိများက အတည်ပြုသည်။

ပျက်စီးသည့် အဆောက်အအုံများထဲတွင် လူနေအိမ် ၂၁ လုံး၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ ပါဝင်သည်။

မြို့အနောက်မြောက်ဘက် မိုင် ၅၀ ကျော်အကွာရှိ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KHRG နှင့် KNU တို့မှ တာဝန်ရှိသူများက ပြောသည်။

ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) က ဦးစီးဖွင့်လှစ်ထားသည့် ကျောင်းများဖြစ်ပြီး ထိုနေ့က ကျောင်းပိတ်ရက်ဖြစ်သည်ဟု သိရသည်။

“စာသင်နေတဲ့အချိန်သာဆိုရင် ကလေးတွေအကုန် ထိခိုက်သေဆုံးကုန်မှာ သေချာတယ်” ဟု အဆိုပါ ဒေသခံများနှင့် နီးစပ်သည့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်တိုင်းရင်းသားတစ်ဦးက မှတ်ချက်ပြုသည်။

စာသင်ကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ လုံးဝ ပျက်စီးသွားခဲ့သည်ဟုလည်း KHRD တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ၂ နှစ် အရွယ်ကလေးငယ်၊ မိခင်နှင့် သင်းအုပ်ဆရာတို့၏ ရုပ်အလောင်း

ကြဲချသည့် ဗုံးသီး ၆ လုံးအနက် ၂ လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။ လေယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဒေသခံ ၇ ဦးလည်း ဒဏ်ရာရသွားကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ဆိုသည်။

“လေယာဉ်နဲ့ ပစ်တယ်ပေါ့။ ထိခိုက်သေဆုံးမှုတွေရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေ အနီးအနားဆေးရုံတွေမှာ ဆေးကုသနေရတယ်။ လိုအပ်ရင် နယ်စပ်ဘက်ကို ပို့ရမယ်။ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့ရဲ့ လုံခြုံရေးအရ အကုန်လုံးပြောလို့မဖြစ်ဘူးပေါ့နော်။ ရွာသားတွေရဲ့ လုံခြုံရေးကလည်း ချင့်ချိန်ရမှာပေါ့” ဟု သူက ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြရသည်ဟုလည်း သိရသည်။

စစ်ကောင်စီလေတပ်က ဇန်နဝါရီလဆန်းမှာပင် KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်း ကျေးရွာအချို့ကို ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

၇ ရက်နေ့တွင် KNU က ဖာပွန်ခရိုင်၊ ဒွယ်လိုမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသဟု သတ်မှတ်ထားသော နေရာ တိုက်ခိုက်ခံရပြီး ကျေးရွာနေပြည်သူ ၆ ဦး သေဆုံးခဲ့သည်။

ထိုနေ့တွင်ပင် မဲဝိုင်ကျေးရွာအုပ်စုရှိ မဲဝိုင်ကျေးရွာ၊ ဒိုမယ်ခီးကျေးရွာ၊ ခလိုခီးကျေးရွာအတွင်းသို့ တိုက်လေယာဉ် ၄ စီးကို အသုံးပြုကာ ဗုံးအလုံးရေ ၅၀ ကျော်၊ ကျည်ဆံအလုံးရေ ၂၀,၀၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

“စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေတဲ့အခါကျတော့ ဒါကလည်း အံ့သြစရာမရှိပါဘူး။ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို တော်လှန်ရေးအင်အားစုတွေသာမကဘဲ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အရေးယူဆောင်ရွက်ဖို့ လိုနေပြီ” ဟု ပဒိုမန်းမန်းက ဆက်လက်ပြောသည်။

KNU တပ်မဟာ ၇ ခုအနက် တပ်မဟာ (၅) ဒေသသည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးနယ်မြေထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

၂၀၂၁ မတ်လ ၂၇၊ ၂၈ နှင့် ၃၀ ရက်များတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မဟာ (၅) နယ်မြေအတွင်း အရပ်သား ၂၀ ကျော် သေဆုံးခဲ့ဖူးသည်။

ပြီးခဲ့သည့်လများအတွင်း စစ်တပ်က စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင် စသည့် ဒေသများကို စစ်လေယာဉ်များ စေလွှတ်ပြီး တိုက်ခိုက်လျက်ရှိရာ အရပ်သားအများအပြား သေဆုံးခဲ့သည်။ စစ်ရေးပစ်မှတ် မည်သို့ထိခိုက်သည်ကို မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button