ပညာရေး

မဲဆောက်ဒေသတွင် မြန်မာကျောင်း အများအပြား ပြန်ဖွင့်မည် 

ထိုင်းနိုင်ငံတွင် မြန်မာပြည်သား အများအပြားနေထိုင်သော ဒေသတချို့ရှိ မြန်မာစာသင်ကြားသည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ 

ကရင်ပြည်နယ် မြဝတီမြို့နှင့် ကပ်လျက်တည်ရှိသော တာ့ခရိုင်အတွင်း စာသင်ကျောင်း ၆၀ ကျော်မှာ ကိုဗစ်ကာလတွင် ၂ နှစ်ကြာ ပိတ်ထားခဲ့ရပြီး ကျောင်းပြန်ဖွင့်ခွင့်ရရေးမှာ ထိုင်းကျန်းမာရေးဌာနက ချမှတ်ထားသည့် ကိုဗစ်ဆိုင်ရာ စည်းကမ်းချက် အချက် ၂၀ ကို လိုက်နာဆောင်ရွက်နိုင်မှုအပေါ် မူတည်သည်ဟု မဲဆောက်မြို့ ဆာသူးလေအထက်ကျောင်းမှ ဒါရိုက်တာ နော်ဖောရေက ပြောသည်။

“ကိုဗစ်မူနဲ့ ကျွန်မတို့က အချက် ၂၀ လိုက်လုပ်နေရပါတယ်။ ကျောင်းသေးသေးနဲ့ အလှူရှင်မရှိတဲ့ ကျောင်းကတော့ ဒီအချက် ၂၀ ကို လိုက်လုပ်ဖို့က နည်းနည်းခက်ခဲပါတယ်။ တဖြည်းဖြည်းနဲ့တော့ လုပ်နိုင်အောင် ကြိုးစားပြီးတော့ ကျောင်းဖွင့်နိုင်အောင် လုပ်ရမှာပေါ့” ဟု  သက်တမ်း နှစ် ၂၀ ကျော်ကြာပြီဖြစ်သော အဆိုပါအထက်တန်းကျောင်းတည်ထောင်သူများထဲတွင် ပါဝင်သည့် နော်ဖောရေက ပြောသည်။

ကိုဗစ်ဆိုင်ရာ စည်းကမ်းချက် ၂၀ ထဲတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားရခြင်း၊ ကျောင်းတွင် နှာခေါင်းစည်း အချိန်ပြည့်တပ်ဆင်ရခြင်း၊ လက်ဆေးရည်နဲ့ လက်ဆေးကန်ထားရှိခြင်း စသည့်အချက်များ ပါဝင်သည်။

မြန်မာမှ နယ်စပ်ကျော်ဖြတ်ရောက်လာသူများ အနီးဆုံးစာသင်ကျောင်းကို ဆက်သွယ်ကြရန် နော်ဖောရေက တိုက်တွန်းထားသည်။ 

“ကျောင်းကို မပို့နိုင်တဲ့ မိဘတွေရှိသလို ကျောင်းရှိမှန်း၊ မရှိမှန်း မသိတဲ့ မိဘတွေလည်း ရှိပါတယ်။ မဲဆောက်ဧရိယာ၊ ဖုတ်ဖရဧရိယာ၊ မယ့်လမဧရိယာ၊ အုန်းဖန်ဧရိယာမှာ စုစုပေါင်းကျောင်း ၆၆ ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေနဲ့ ဆက်သွယ်ပြီးတော့ မိမိကလေးကို ကျောင်းကို ပို့ဖို့ ကျွန်မပြောချင်ပါတယ်” ဟု နော်ဖောရေက ပြောသည်။ 

တာ့ခ်ခရိုင်အတွင်း မြို့နယ် ၅ ခုတွင် မြန်မာစာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိခဲ့ရာမှ လျော့နည်းသွားရခြင်းမှာ ကိုဗစ်ကပ်ဘေးပြဿနာ၊ ထောက်ပံ့လှူဒါန်းငွေမရှိသည့် အခက်အခဲတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ 

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေဆိုးများကြောင့် နေရပ်စွန့်ခွာရသည့် အမျိုးသမီးတစ်ဦးက မြန်မာဘာသာနှင့် ပို့ချသည့်စာသင်ကျောင်းများ ရှိနေခြင်းမှာ ရွှေ့ပြောင်းရသူများအတွက် အဆင်ပြေသည်ဟု ပြောသည်။

၂ နှစ်ကြာ ကျောင်းနှင့် ဝေးခဲ့သော သူ့ကလေး ပညာသင်နိုင်ရန် ကရင်တိုင်းရင်းသားများ ဦးဆောင်ဖွင့်လှစ်ထားသည့် ဆာသူးလေကျောင်းကို ရွေးချယ်ခဲ့သည်ဟု သူက ပြောသည်။

“ကျွန်မက ကရင်လူမျိုးဖြစ်တဲ့အခါကျတော့ ကရင်ရိုးရာစကားကိုလည်း ထိန်းသိမ်းထားချင်တဲ့အတွက် ဒါကြောင့်မို့ ဒီကျောင်းမှာ အပ်ဖြစ်တဲ့ သဘောမျိုးဖြစ်တယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

မဲဆောက်မြို့ ဆာသူးလေအထက်တန်းကျောင်းတွင် ပညာသင်​ကြားမည့် ကျောင်းသူကျောင်းသားများ ၂၀၂၂၊ မေလလယ်မှစ၍ ကျောင်းအပ်နှံနေသည့်မြင်ကွင်း (ဓာတ်ပုံ – KIC)

တချို့ကျောင်းများမှာ ကလေးများအတွက် ကျောင်းကား စီစဉ်ပေးထားသည်။

ကျောင်းအများစုသည် မြန်မာနိုင်ငံ၏ ပညာရေးသင်ရိုးညွန်းတမ်းအတိုင်း သင်ကြားပေးနေပြီး ထိုင်းစာ၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကိလည်း ထည့်သွင်းပို့ချပေးနေသည်။

ရွှေ့ပြောင်းသွားလာသူများအတွက် ဖွင့်ထားသောကြောင့် ရွှေ့ပြောင်းကျောင်းဟု ဒေသတွင်း ပညာရေးဝန်ထမ်းများ ခေါ်ဆိုကြသည့် ထိုကျောင်းများသည် ထိုင်းနိုင်ငံ ဌာနဆိုင်ရာတချို့နှင့် ချိတ်ဆက်ဆောင်ရွက်နေသည်။

ကျောင်းတက်သူများ၏ လုံခြုံရေး စိတ်ချရသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကျောင်းသားမှန်ရင် ကျောင်းသားဝတ်စုံကို ဝတ်ပါ။ ဆိုင်ကယ်စီးရင်လည်း ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းရမယ်၊ နောက်ပြီး အရက်သေစာ မသောက်စားရဘူး။ ဒါမျိုးဆို သူတို့က မဖမ်းဘူး ဒါက ကျောင်းရဲ့ ပြင်ပပေါ့။ ကျောင်းအတွင်းမှာဆိုရင်လည်း သူတို့က လာရောက်ပြီး ဖမ်းတာဆီးတာ မရှိဘူး” ဟု သူက ပြောသည်။  

စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာရသူထဲမှ အများအပြား ထိုင်းနိုင်ငံသို့ ရောက်လာသဖြင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများတွင် ယခုနှစ်မှာ ကျောင်းအပ်နှံသူ ကျောင်းသားကျောင်းသူ ဦးရေ ပိုမိုများပြားလာနေသည်။ 

တနင်္သာရီတိုင်းနှင့် နီးကပ်စွာ တည်ရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်အတွင်း မြန်မာစာသင်ကျောင်း ၂ ကျောင်းကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ၏ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။

ထိုခရိုင်အတွင်း ခူရဘူရီမြို့ စာသင်ကျောင်းတွင် ယခင်က ကျောင်းသားအရေအတွက် ၃၀၀ ကျော် ရှိခဲ့ရာမှ ယခုနှစ်တွင်  ၄၀၀ ကျော် ရှိနေပြီဟု ဆိုသည်။

ထိုကျောင်းတွင် ယခုနှစ်မှစ၍ ၉ တန်းနှင့် ၁၀ တန်း တိုးချဲ့ဖွင့်လှစ်မည်ဟု သိရသည်။

ထိုင်းတွင် မြန်မာပြည်သား အလုပ်သမားအရေအတွက်မှာ သန်းနှင့်ချီ ရှိနေပြီး ခရိုင်တချို့တွင်သာ မြန်မာစာသင်ကျောင်းများ ရှိနေသည်။ 

ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင်လည်း မြန်မာဘာသာနှင့် ပို့ချသော စာသင်ကျောင်းတချို့ကို တွေ့နိုင်သည်။

မဲဆောက်တွင် အထက်တန်းကျောင်းတက်သူများသည် ပြီးခဲ့သည့်နှစ်များအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကရင်ပြည်နယ်အတွင်း သွားရောက်ဖြေဆိုခဲ့ကြသည်။

အထက်တန်းကျောင်းသားတချို့သည် GED, TOEFL စသည့် နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲကို ဝင်ဖြေပြီး၊ ပညာသင်စရိတ်လျှောက်ကာ ပြည်ပနိုင်ငံများတွင် တက္ကသိုလ်တက်နိုင်ရန် ဆက်သွယ်ဆောင်ရွက်နေကြသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button