ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးဝန်ထမ်းများသည် ပိုမို သက်သောင့်သက်သာရှိသော ဘောင်းဘီရှည်ဝတ်စုံများကို ဝတ်ဆင်နေကြချိန်တွင် ဦးထုပ်ဖြူဆောင်း သူနာပြုဝတ်စုံဝတ် မြန်မာသူနာပြုများသည် ထိုင်းနိုင်ငံနယ်စပ်ကို ဖြတ်၍ ပြည်တွင်းသို့ ပြန်လာသော ရွှေ့ပြောင်းအလုပ်သမားများကို ကိုယ်အပူချိန်တိုင်းရင်း လုပ်အားပေး ဆင်းနေကြသည်။ ၂၀၂၀ မတ်လအကုန်တွင်မှ မြန်မာသည် ကိုဗစ်နိုင်တင်း (COVID-19) ကို တွန်းလှန်ရေးများစတင်ပြုလုပ်လာသည်မှာ အခြားသော အာရှနိုင်ငံများနှင့်စာလျှင် နောက်ကျပါသည်။ ရောဂါပိုးတွေ့ရှိရသူများသည်လည်း နှစ်ဆ၊ ရှစ်ဆ စသည်ဖြင့် ရှောင်လွှဲ၍ မရနိုင်အောင် တိုးပွားလာပြီဖြစ်သည်။
ယခုကပ်ရောဂါသည် ရှေးယခင် အင်းဝ၊ မြောက်ဦး အပါအဝင် အရှေ့တောင် အာရှတစ်ခွင် ကူးစက်ပြန့်ပွားခဲ့သော ကျောက်ရောဂါ၊ ပလိပ်ရောဂါ၊ ကာလဝမ်းနှင့် HIV/AIDS ခေါ် ခုခံအားကျဆင်း ကူးစက်ရောဂါများကို တစေ့တစောင်း ပြန်လည်အမှတ်ရစေသည်။ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် အဆက်အဆံသိပ်မရှိဟု ဆိုကြသော်လည်း ရှေးယခင်ကာလက မြန်မာသည် အာရှ၏ လမ်းဆုံဖြစ်သည်။ မြန်မာ၏ မြစ်ချောင်းများနှင့် ပင်လယ်ဆိပ်ကမ်းများသည် ကမ္ဘာ့ကုန်သွယ်ရေး၊ စစ်ပွဲများနှင့် ကိုလိုနီစနစ်တို့၏ အလိုအကျ အသုံးတော်ခံခဲ့ရသည်။
အင်းဝမြို့တည်နန်းတည် သတိုးမင်းဖျားသည် ငယ်ရွယ်စဉ် အသက် ၂၁ နှစ်အရွယ်မှာပင် ကံတော်ကုန် နတ်ရွာစံခဲ့ရသည်။ ထိုသူရဲကောင်းဘုရင်သည် ဓားလှံလက်နက်ကြောင့် ကံကုန်ရခြင်းမဟုတ်ဘဲ ၁၃၆၇ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် ကျောက်ရောဂါကပ်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ၁၈ ရာစု ရခိုင်ပြည်တွင် ကျောက်ရောဂါကာကွယ်ဆေးအဖြစ် ကျောက်အနာများမှ ထွက်လာသော ပြည်စပြည်နများကို ရောဂါမရှိ သူများ၏ကိုယ်ပေါ် သုတ်လိမ်းခြင်းအားဖြင့် ရောဂါခုခံနိုင်စွမ်းတိုးလာသည့် နည်းလမ်းကို အသုံးပြုခဲ့ကြသည်။ ၁၇၈၅ ခုနှစ်တွင် ရခိုင်ကို ဗမာဘုရင် ဘိုးတော်ဘုရားက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိုရောဂါကာကွယ်သည့် နည်းလမ်းကို ဗမာဘုရင်စိုးမိုးရာ နိုင်ငံအလယ်ပိုင်းတွင် စတင်ကျင့်သုံးခဲ့သည်။ နောက်ပိုင်းတွင် ပိုမိုထိရောက်သည့် ကာကွယ်ဆေးများကို မြန်မာပြည်တွင်းသို့ ဗြိတိသျှ ကိုလိုနီအရာရှိများက ယူဆောင်ခဲ့သော်လည်း ထိုကာကွယ်ဆေးများမှာ ၁၉၂၀ ပြည့်လွန်နှစ်များအထိ ပြည်တွင်းတွင် တွင်ကျယ်စွာမရရှိနိုင်ခဲ့ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သည် မြန်မာပြည်တွင် ကျောက်ရောဂါကင်းစင်ပြီးဖြစ်ကြောင်းကို ၁၉၇၇ ခုနှစ်ရောက်မှ သတ်မှတ်ကြေညာခဲ့သည်။
ကြွက်သန်းများမှတစ်ဆင့် ကြောက်မက်ဖွယ်ရာကောင်းအောင် ကူးစက်မှုမြန်ဆန်သော ပလိပ်ရောဂါသည်လည်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော ကပ်ရောဂါတစ်ခုပင်ဖြစ်သည်။ ၁၈၅၅ ခုနှစ်တွင် လူ ၁၂ သန်း၏အသက်ကိုနုတ်ယူသွားခဲ့သော တတိယပလိပ်ကပ်ရောဂါကြီးသည် ယူနန်နယ်တစ်ဝိုက် ကုန်သွယ်လမ်းကြောင်းများမှကူးစက်ကာ တရုတ်ပြည်တွင်ပျံ့နှံ့ခဲ့ပြီးနောက် လှေသင်္ဘောများမှတစ်ဆင့် အခြားဒေသများသို့ ဆက်လက်ပြန့်ပွားခဲ့သည်။ ၁၉၀၆ ခုနှစ် တစ်နှစ်အတွင်းတွင် မြန်မာပြည်တွင် ပလိပ်ရောဂါကြောင့်သေဆုံးသူ ၈၆၃၇ ဦးရှိခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်ဓာတ်ပုံမှတ်တမ်းတွင် ဂျိုနသန် ဆာဟာ က “ပလိပ်ရောဂါကို တိုက်ဖျက်သည့် နည်းလမ်းများသည် မှားယွင်းသည့်အပြင် အကျိုးမရှိဘဲ အန္တရာယ်များလှသည်။ ဗြိတိသျှပိုင် အိန္ဒိယအင်ပါယာအတွင်း ဗမာပြည်ကို ထည့်သွင်းခြင်းနှင့် ပြည်တွင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများရောက်ရှိလာခြင်းတို့ကြောင့် ဗမာပြည်သို့ ပလိပ်ရောဂါပိုး ဆိုက်ရောက်လာခြင်းဖြစ်နိုင်သည်” ဟု ရေးသားခဲ့သည်။
၁၉၄၇ ခုနှစ်တွင် မြန်မာပြည်တွင် လူပေါင်း ၁၁၉၂ ဦးသေဆုံးခဲ့သော ပလိပ်ရောဂါကပ်ကြီးသည် ကမ္ဘာပေါ်တွင်ဖြစ်ပွားခဲ့သမျှထဲတွင် ပဋိဇီဝကုထုံးမရရှိခဲ့သော နောက်ဆုံးကပ်ရောဂါဖြစ်သည်။ ထို့နောက်ပိုင်းတွင် ပလိပ်ရောဂါကူးစက်မှုများ ပြည်တွင်းတွင် ကြိုးကြားကြိုးကြားဖြစ်ပွားခဲ့သော်လည်း ထိန်းချုပ် ကုသနိုင်ခဲ့သည်။ “၁၉၅၄ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း မြန်မာနှင့် ဗီယက်နမ်နိုင်ငံတွင် ပလိပ်ရောဂါဖြစ်ပွားမှုများရှိဆဲဖြစ်သည်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၀ ပြည့်နှစ်တွင် တင်ပြခဲ့သည်။ မြန်မာပြည်တွင် နောက်ဆုံးဖြစ်ပွားခဲ့သော ကူးစက်ရောဂါပျံ့နှံ့မှုမှာ ရန်ကုန်မြို့တွင် ၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်သည်။
၁၉ ရာစုတွင် ကူးစက်လွယ်သော ကာလဝမ်းရောဂါကပ်ကြီးများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ ၁၈၁၇ မှ ၁၈၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပထမကာလဝမ်းရောဂါကပ်သည် မြန်မာပြည်သို့ ၁၈၁၉ ခုနှစ်တွင် ရောက်ရှိပြန့်ပွားခဲ့သည်။ ဒုတိယကာလဝမ်းရောဂါကပ် (၁၈၄၂-၁၈၄၃) သည် မြောက်ပိုင်းရှိ တရုတ်၊ မြန်မာနယ်စပ်မှ တောင်ပိုင်းရှိ တနင်္သာရီကန်းရိုးတန်းတစ်လျှောက်အထိ လူများကို သေကျေပျက်စီးစေခဲ့သည်။
၁၈၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့သော C. MacNamara ၏ ‘အာရှကာလဝမ်းရောဂါ သမိုင်းကြောင်း’ အမည်ရှိ စာစောင်အရ ရခိုင်ပြည်နယ်တွင် ၁၈၅၃-၅၄ ခုနှစ်အတွင်း ကာလဝမ်းရောဂါကြောင့် “လူပေါင်းမြောက်မြားစွာ” သေဆုံးခဲ့သည်။ မြန်မာပြည်တွင် တပ်စွဲထားသော ဗြိတိသျှစစ်သားများသည် ကာလဝမ်းရောဂါကို သယ်ဆောင်လာသူများ ဖြစ်ပြီး ထိုရောဂါကြောင့်ပင် သေကျေပျက်စီးခဲ့သည်။ ဆဋ္ဌမကာလဝမ်းရောဂါကပ်ကြီးသည် ၁၉၀၁ ခုနှစ်တွင် မြန်မာပြည်သို့ တစ်ကျော့ပြန် ရောက်ရှိခဲ့သည်။ ယခုခေတ်တွင် ကာလဝမ်းရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သည့် ပဋိဇီဝဆေးများရှိသည့်အပြင် ရောဂါကာကွယ်ဆေး များလည်း ရရှိနေပြီဖြစ်သော်လည်း မြန်မာနှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် ကာလဝမ်းရောဂါကူးစက်မှုများ ကြိုးကြားဖြစ်ပွားဆဲပင်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကာလဝမ်းရောဂါဖြစ်ပွားမှု ၇၈၂ ခု ရှိခဲ့သည်။
ဆင်းရဲနိမ့်ကျ၍ လူနေထူထပ်သော နေရာများသည် တီဘီရောဂါကူးစက်ပြန့်ပွားရန် အလွယ်ကူဆုံး အခြေအနေပင်ဖြစ်သည်။ ၂၀ ရာစု အစောပိုင်းကာလများတွင် မြန်မာပြည်ရှိ ဗြိတိသျှ အရာရှိများသည် ပြည်တွင်း အလုပ်သမားအင်အားထုအကြား ကူးစက်ပျံ့နှံ့သော တီဘီရောဂါကို အထူးဂရုစိုက်ကြသော်လည်း ရောဂါကုသရေးနှင့် ကူးစက်မှုတားဆီးရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါ။ လွတ်လပ်ရေး ရပြီးခေတ် အစိုးရသည်လည်း ထိုကဲ့သို့ပင် တီဘီရောဂါကို အမြစ်ပြတ်အောင် ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိပါ။ ဖြစ်ပွားဆဲဖြစ်သော တီဘီကပ်ရောဂါပိုးသည် ဆေးယဉ်လာသည့်အပြင် ရန်ကုန်နှင့် မြန်မာ-ထိုင်းနယ်စပ် စစ်ရှောင်စခန်းများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည်။
စပိန် H1N1 တုပ်ကွေးရောဂါကပ်သည် ပထမကမ္ဘာစစ်အပြီးကာလ ဘုံဘေမြို့သို့ ပြန်လာသော ဗြိတိသျှစစ်သားများမှ တစ်ဆင့် အိန္ဒိယသို့ ၁၉၁၈-၁၉ ခုနှစ်တွင် ရောက်ရှိကူးစက်ပြန့်ပွားခဲ့သည်။ ထိုကပ်ရောဂါအတွင်း အိန္ဒိယတွင် လူသေမှုအများဆုံးဖြစ်ပြီး ခန့်မှန်းခြေ လူပေါင်း ၁၀ သန်းမှ သန်း ၂၀ အထိ သေဆုံးခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယအင်ပါယာကြီး၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သော်လည်း ဘုံဘေမြို့နှင့်မူ အလှမ်းကွာဝေးပါသည်။ ထိုသို့ ပထဝီအရ နီးစပ်ခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင် ထိုကပ်ရောဂါကြောင့် နှစ်နှစ်အတွင်း နိုင်ငံ၏ လူဦးရေ၏ ၁ ရာခိုင်နှုန်း ဆုံးရှုံးခဲ့သည်။ ၁၉၁၈ ခုနှစ် တစ်နှစ်တည်းတွင် နိုင်ငံအတွင်း ကပ်ရောဂါကြောင့် လူပေါင်း ၆၀,၀၀၀ ခန့် သေဆုံးခဲ့သည်။
မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ ထိုးနှက်မှုကို အဆိုးရွားဆုံးခံစားခဲ့ရသည်။ မဟာမိတ်တပ်သားများနှင့် ဂျပန်စစ်သားများအပြင် အိုးမဲ့အိမ်မဲ့ ပြည်သူများသည် ဝမ်းရောဂါနှင့် အသည်းရောင်အသားဝါရောဂါများအပါအဝင် ကူးစက်ရောဂါများ၏ ဒဏ်ကို ခံစားခဲ့ရသည်။ ကပ်ပါးကောင်များကြောင့်ဖြစ်ပွားသော အူရောင်ငန်းဖျားရောဂါသည် မြန်မာပြည်ရှိ တောရွာများတွင် အစုလိုက်အပြုံလိုက်ကူးစက်ပြန့်ပွားခဲ့သည်။ တောတောင်များအတွင်း ကင်းထောက်ရခြင်း၊ အမိုးအကာမလုံခြုံဘဲ ကင်းစခန်းချရခြင်းတို့ကြောင့် စစ်သားများ အူရောင်ငန်းဖျားရောဂါကူးစက်လာကြရာ ကပ်ရောဂါအဆင့်အထိဖြစ်ခဲ့သည်။ ထိုခေတ်က ထုတ်ဝေသော ပိုစတာများတွင် စစ်သားများကို ကပ်ပါးကောင်များ စွဲကပ်နေနိုင်သော “သစ်လုံးအဆွေးများနှင့် ပုပ်သိုးပျက်စီးနေသော ဟင်းရွက်စိုက်ခင်းများကို မထိကြရန်” သတိပေးနှိုးဆော်ထားသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျန်းမာရေးဝန်ထမ်းများ မြန်မာပြည်တွင် ပိုလီယိုရောဂါကို တိုက်ဖျက်ရန် ကြိုးစားရာတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်။ ပိုလီယိုကာကွယ်ဆေးများကို နိုင်ငံတစ်ဝန်းရှိ ကလေးများအားလုံးရရှိနိုင်ရန် ကြိုးပမ်းမှုများသည်လည်း ပြည်တွင်းစစ်ဖြစ်ခြင်း၊ ပြည်သူများ အိုးအိမ်စွန့်ခွာပြေးရခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းတို့ကြောင့် မျှော်လင့်ထားသလောက် အရာမထင်ခဲ့ပါ။ ၂၀၀၇ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပိုလီယိုရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ခဲ့သည်။ မျိုးရိုးဗီဇပြောင်းလဲ ပိုလီယိုဗိုင်းရပ်စ်ပိုးအသစ် (VDPV) ကူးစက်မှုကို ၂၀၁၁ ခုနှစ်၌ မန္တလေးမြို့တွင် တွေ့ရှိခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင် ကရင်ပြည်နယ်၌ ထိုဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး HIV/AIDS ခုခံအားကျဆင်းရောဂါလူနာကို တွေ့ရချိန်တွင် စစ်အစိုးရလက်အောက်မှာ ရှိနေဆဲဖြစ်သည်။ ရောဂါကို လက်မခံနိုင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဂရုမထားခြင်းနှင့် အစိုးရ၏ ဖိနှိပ်ထိန်းချုပ်ထားခြင်းတို့ကြောင့် HIV/AIDS ရောဂါကာကွယ်ရေး ပညာပေးသတင်းအချက်အလက်များ အလွန်ရှားပါးခဲ့သည်။ ကွန်ဒုံးများကို “ကိုယ်ကျင့်တရားပျက်ပြားမှု” သင်္ကေတဟု ယူဆက တရားမဝင်အဖြစ်သတ်မှတ်ခဲ့သည်။
၁၉၈၀-၉၀ ပြည့်လွန်နှစ်များအတွင်း အာရှတွင် မြန်မာသည် HIV/AIDS ခုခံအားကျဆင်းရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့သည်။ ဘိန်းဖြူကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ တောင်ပေါ်ရွာများမှ လူငယ်များ၊ ကျောက်စိမ်းတူးဖော်ရေးလုပ်သားများ အပါအဝင် ဆေးစွဲသောလူများတွင် ဆေးထိုးအပ်များ မျှသုံးခြင်းကို တွင်တွင်ပြုလုပ်ခဲ့ကြသည်။ မြန်မာပြည်သူအများစုသည်လည်း ဆေးသောက်ရသည်ထက် ဆေးထိုး၊ ဆေးသွင်းရသည်ကို ပို၍ထိရောက်သည်ဟု ယူဆကြသည်။ ထို့ကြောင့် ဘေးကင်းသော ကုသရေးနည်းလမ်းများကို လေ့ကျင့်သင်ယူထားခြင်းမရှိသော တရားမဝင်ဆေးထိုးဆရာများသည် နယ်လှည့်ကာ ဆေးကုကြသည်။ မှားယွင်းသော ကုသရေးနည်းလမ်းများကို ဖြန့်ဝေကြသည်။
သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်များအတွင်း HIV/AIDS ခုခံအားကျဆင်းသည့် ရောဂါကူးစက်ပုံနှင့် ကုသပုံများ အပါအဝင် ကျန်းမာရေး အသိပညာပေးချက်များကို ပိုမိုတွင်ကျယ်စွာ ရရှိလာပြီဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် UNAIDS ၏ ထုတ်ပြန်ချက်အရ ခုခံအားကျဆင်းရောဂါအတွက် ပဋိဇီဝဆေး (ART) ရရှိမှုကောင်းမွန်ပြီး HIV ပိုးရှိသော လူကြီး ၇၀ ရာခိုင်နှုန်းနှင့် ကလေး ၈၀ ရာခိုင်နှုန်းတို့ ဆေးဝါးကုသခွင့် ရရှိသည်။ သို့သော်လည်း ဆေးသုံးသော လူများအတွင်း ခုခံအားကျဆင်းရောဂါကူးစက်မှု မြင့်တက်ဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ကူးစက်မှု ၁၉ ရာခိုင်နှုန်းရှိခဲ့သည်ဟု UNAIDS ၏ “HIV Sero Sentinel Surveillance” စစ်တမ်းအရ သိရသည်။ ထို ကူးစက်မှုများသော လူအုပ်စုသည် HIV/AIDS ကူးစက်ရောဂါကာကွယ်ရေး အစီအစဉ်များကို လက်လှမ်းမမီနိုင်သော သူများဖြစ်သည်။
၂၁ ရာစုဦးပိုင်းတွင် ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးများ ပိုမိုတိုးတက်လာသည်နှင့်အမျှ နောက်ထပ်ဖြစ်ပွားလာသော ကူးစက်ရောဂါများသည်လည်း ကမ္ဘာအနှံ့ ပြန့်ပွားလာသည်။ အချို့ကူးစက်ရောဂါများသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အချို့မှာ မရောက်ရှိခဲ့ပါ။ ၂၀၀၂-၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆားစ် SARS ရောဂါနှင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော MERS မားစ် ရောဂါများကို မြန်မာပြည်သူများ မခံစားခဲ့ရပါ။ သို့သော် H1N1 ဝက်တုပ်ကွေး (၂၀၀၉-၂၀၁၀ ကပ်ရောဂါ) သည် မြန်မာနိုင်ငံတွင် ရာသီပေါ်တုပ်ကွေးရောဂါအဖြစ် ကူးစက်ပြန့်ပွားခဲ့သည်။ ဝက်တုပ်ကွေးကြောင့် ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များတွင် လူအသေအပျောက်များရှိခဲ့သည်။
တိရစ္ဆာန်မှ လူသို့ကူးစက်သော ကြက်ငှက်တုပ်ကွေးကူးစက်ရောဂါသည်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ရှာဖွေရေးစီမံချက် ဖြစ်သော Predict သည် ၂၀၁၈ ခုနှစ်တွင် ဆားစ်ရောဂါဗိုင်းရပ်နှင့် ဆက်စပ်ဗိုင်းရပ်အသစ်တစ်မျိုးကို မြန်မာလင်းနို့မျိုးစိတ်များတွင် ရှာဖွေတွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ဆိုးရွားသော သစ်တောပြုန်းတီးမှုနှင့် အထိန်းအကွပ်မဲ့သော တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်မှုတို့ကြောင့် တိရစ္ဆာန်မျိုးစိတ်ကွဲအချင်းချင်း ဗိုင်းရပ်ကူးပြောင်းရောက်ရှိလာရာမှ ဗိုင်းရပ် ပိုးအသစ်များ ထွက်ပေါ်နိုင်သည့် အန္တရာယ်ရှိသည်။ ထိုအခြေအနေများကို စုံစမ်းဖော်ထုတ်နိုင်ရန်မှာ အလွန်အရေးပါသော်လည်း ၂၀၁၉ ခုနှစ်တွင် အမေရိကန်အစိုးရ၏ ရန်ပုံငွေဖြတ်တောက်မှုကြောင့် USAID ၏ မိတ်ဖက်စီမံချက် တစ်ခုဖြစ်သော Predict ၏ ကွင်းဆင်းလုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။
စစ်အစိုးရအုပ်ချုပ်ခဲ့သည့်ကာလတွင် လူထုကျန်းမာရေးအတွက် ရန်ပုံငွေသုံးစွဲခဲ့သည်မှာ နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၂ ရာခိုင်နှုန်းသာရှိခဲ့ရာ အလွန်အမင်းနည်းပါးလှပါသည်။ မြန်မာ၏ လူထုကျန်းမာရေး လုပ်ငန်းများသည် တိုးတက်လာပြီဖြစ်သော်လည်း ရန်ပုံငွေ မလောက်ငသေးပါ။ ဆိုးရွားသော စီးပွားရေးမညီမျှမှုများကြောင့် မြန်မာမြောက်ပိုင်းရှိ ကျောက်စိမ်းတွင်းဒေသများသို့ လည်းကောင်း၊ ထိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံရပ်ခြားသို့လည်းကောင်း အလုပ်ရှာထွက်သည့် ရွှေ့ပြောင်းလုပ်သားများ ပေါများလာသည်။ မပြီးဆုံးနိုင်သော ပြည်တွင်းစစ်များနှင့် တိုင်းရင်းသားအပေါ် ဖိနှိပ်သည့်မူဝါဒများကြောင့် အိမ်ရာမဲ့ပြည်သူများ များပြားလာရာ ကူးစက်ရောဂါဖြစ်ပွားလွယ်သော အန္တရာယ်ဇုန်များလည်း တိုးပွားလာသည်။
ဒေသတွင်း ခွဲခြားမှုများနှင့် လက်လှမ်းမမီမှုများသည် မြန်မာ့ကျန်းမာရေး ပြဿနာများကို အဓိက ပံ့ပိုးသော အကြောင်းခြင်းရာဖြစ်သည်။ မြန်မာပြည်၏ တောင်တန်းဒေသနေ ပြည်သူများသည် ကာကွယ်ဆေးမှန်မှန်မရခြင်းနှင့် ဆေးရုံ၊ ဆေးခန်းမရှိခြင်း စသည့် ကျန်းမာရေးပြဿနာများကို မကြာခဏရင်ဆိုင်ကြရသည်။ ၂၀၁၆ ခုနှစ် ဝက်သက်ရောဂါကူးစက်မှုတွင် စစ်ကိုင်းတိုင်း နာဂလူမျိုးများ၊ အထူးသဖြင့် နာဂကလေးငယ်များ ၆၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၇ ခုနှစ် တီဘီရောဂါကူးစက်မှုတွင် ထိုဒေသရှိ လူ ၁၄ ဦး သေဆုံးခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများ၏ ကျန်းမာရေးလိုအပ်ချက်များ၊ အထူးသဖြင့် ကလေးငယ်များအတွက် အရေးကြီးသော ကာကွယ်ဆေးလိုအပ်ချက်များကို လျစ်လျူရှုထားကြသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်စစ်ရှောင်စခန်းရှိ ဆေးဝန်ထမ်းများက ကာလဝမ်းရောဂါ ကာကွယ်ဆေးများ ပေးခဲ့သည်။ ထိုစခန်းများတွင် ဆုံဆို့နာနှင့် ရေကျောက်ရောဂါများ အံ့မခန်း ကူးစက်ပြန့်ပွားခဲ့သည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်စစ်ရှောင်စခန်းများတွင် အင်တာနက်ဖြတ်တောက်မှုများကြောင့် ထိုအလွန်အမင်း ထိခိုက်လွယ်သောဒေသများရှိလူများအတွက် ကျန်းမာရေးအသိပေးကြားချက်များနှင့် စောင့်ရှောက်မှုများ မရောက်ရှိနိုင်ဘဲဖြစ်နေရသည်။
ဆေးပညာဂျာနယ်ဖြစ်သော The Lancet ၏ ၂၀၂၀ခုနှစ်၊ မတ်လ ၂၁ ရက်ထုတ် စာစောင်တွင် “ယခုအချိန်တွင် ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတိုင်း၏ တန်ဖိုးအရှိဆုံး အရင်းအမြစ်ဖြစ်သည်” ဟု ရေးသားထားသည်။ မြန်မာနိုင်ငံတွင် လုပ်အားပေးကြသော ဆေးဝန်ထမ်းများနှင့် အရေးပေါ်ကျန်းမာရေးလုပ်သားများ ချီးကျူးဖွယ်ရာ များပြားလာသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တပ်စွဲသော ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် အားကိုးအားထားရသော ကျန်းမာရေးဝန်ထမ်းများ၊ အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ မြောက်မြားစွာရှိသည်။ သို့သော် ယခင်ကပ်ရောဂါများအတွင်း ခံစားခဲ့ရသော အတိဒုက္ခများကို ယခု ကိုဗစ်နိုင်တင်းကပ်ရောဂါတွင် ပြည်သူများ ထပ်မံ မခံစားကြရန် ကျန်းမာရေးဝန်ထမ်းများ၏ အားစိုက်ကာကွယ်မှုများ မည်မျှအရာထင်နိုင်မည်ဆိုသည်ကိုမူ စောင့်ကြည့်ရမည်သာဖြစ်သည်။
New Mandala ဝက်ဘ်ဆိုက်တွင် ၂၀၂၀ ဧပြီ ၁ ရက်စွဲဖြင့် ဖော်ပြထားသော A plague of epidemics throughout Myanmar history ကို ဆွေဇင်မိုး ဘာသာပြန်သည်။ ဆောင်းပါးရှင် Edith Mirante သည် “The Wind in the Bamboo: Journeys in Search of Asia’s ‘Negrito’ Indigenous Peoples” စာအုပ်ကို ရေးသားသူဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း စာအုပ်နှစ်အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် မြန်မာပြည်၏လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးသည့် Project Maje ကို တည်ထောင်ခဲ့သည်။
www.projectmaje.org
Follow @edithmirante for her Twitter History Threads on topics including armed struggle, mining and land rights.