နိုင်ငံတကာသတင်းသတင်း

ကျောက်ဖြူ-ကူမင်းပိုက်လိုင်းမှတစ်ဆင့် ရုရှားက တရုတ်သို့ ရေနံတင်ပို့နေ

ယူကရိန်းကို စစ်ဆင်မှုကြောင့် ကမ္ဘာ့နိုင်ငံများ၏ ပိတ်ဆို့မှုကို ရင်ဆိုင်နေရသော ရုရှားသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ကူမင်းမြို့သို့ သွယ်တန်းထားသည့် ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ရေနံတင်ပို့နေသည်။

မိုင် ၅၀၀ နီးပါး ရှည်လျားသည့် တရုတ် – မြန်မာရေနံပိုက်လိုင်းသည် ဘင်္ဂလားပင်လယ်သို့ အဝင်အထွက်ပြုလုပ်နိုင်သည့် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမှတစ်ဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းတို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွယ်တန်းထားသည်။ 

ရုရှားသည် လိုက်ဘေးရီးယားတွင် မှတ်ပုံတင်ထားသည့် Leonid Loza အမည်ရ သင်္ဘောကို အသုံးပြု၍ တရုတ်သို့ တင်ပို့မည့် ရေနံစည်ပေါင်း ၁ သန်းကို ယခုလဆန်းပိုင်းတွင် ကျောက်ဖြူဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့သည်ဟု စွမ်းအင်အရေးကိစ္စကို စူးစမ်းနေသည့် Energy Intelligence ဆိုသော နိုင်ငံတကာအဖွဲ့အစည်းက ယခုလ ၁၇ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

Leonid Loza သင်္ဘောကို ရုရှားနိုင်ငံပိုင် Sovcomflot ကုမ္ပဏီ၏ ဒူဘိုင်းအခြေစိုက် Sun Ship Management က ပိုင်ဆိုင်သည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် လုပ်ရပ်ကြောင့် ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူထားချိန် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းသည့် ရုရှားက မြန်မာကို အသုံးချ၍ ရေနံတင်ပို့မှုလမ်းကြောင်းသစ်ဖော်ထုတ်လာခြင်းဖြစ်သည်။

ရုရှားမှ မြန်မာနိုင်ငံသို့ ရေနံတင်ပို့မှုမှာ အရပ်သားအစိုးရကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၂၃ ဖေဖော်ဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် ရေနံစည်သုံးသန်း (တစ်နေ့ ရေနံစည် ၇ သောင်းကျော်ခန့်) ကျောက်ဖြူဆိပ်ကမ်းသို့ ပို့နေသည်ဟု Energy Intelligence က ဆိုသည်။

ဧပြီလကုန်နှင့် မေလကုန်တွင်လည်း ပနားမားမှတ်ပုံတင်သင်္ဘောများဖြစ်သည့် Sable၊ Fjord Seal တို့သည် ရေနံစိမ်းတင်ဆောင်လာပြီး ကျောက်ဖြူဆိပ်ကမ်းသို့ ဆိုက်ကပ်ရန်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရေနံစိမ်းကို အဆင်မြင့်နိုင်သည့် စက်ရုံတစ်ခုသာ ရှိပြီး တစ်နေ့လျှင် ရေနံစည် ၆ ထောင်ကျော်သာ ထုတ်လုပ်နိုင်သည်ဖြစ်၍ ရုရှားက တရုတ်သို့ ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်း တင်ပို့နေခြင်းဖြစ်သည်ဟု အထက်ပါ အဖွဲ့က ထောက်ပြသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ၂၀၂၀ အကောက်ခွန်အချက်အလက်များအရ ထိုနှစ်တွင် ကျောက်ဖြူ-ကူမင်းပိုက်လိုင်းမှ ရေနံစည် ၂၁၅,၀၀၀ ကို တင်ပို့သည်ဟု သိရသည်။

ကျောက်ဖြူ-ကူမင်း ရေနံပိုင်းလိုင်းကို တရုတ်နိုင်ငံပိုင် ရေနံကုမ္ပဏီ China National Petroleum Corp (CNPC) က ၅၀ ဒသမ ၉ ရာခိုင်နှုန်း၊ ကျန်ရှယ်ယာကို စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ပိုင်ဆိုင်ထားသည်။

ရုရှားရေနံကို ပိုက်လိုင်းမှတစ်ဆင့် တရုတ်သို့ တင်ပို့ခြင်းကြောင့် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းမျိုးစုံ ကြုံနေရသည့် စစ်ကောင်စီအတွက် ငွေကြေးအမြတ်အစွန်းရမည်ဖြစ်သည်။

ရုရှားသည် ယခင်က အရှေ့ဆိုက်ဘေးရီးယားပစိဖိတ်ပင်လယ် ကုန်တွင်းရေနံပိုက်လိုင်း (ESPO)ကို အသုံးပြု၍ တရုတ်နိုင်ငံသို့ ရေနံတင်ပို့နေခြင်းဖြစ်သော်လည်း ၂၀၂၂ တွင် ယူကရိန်းကို စတင် စစ်ဆင်ပြီးနောက် ကမ္ဘာ့နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အကန့်အသတ်များဖြစ်ပေါ်နေသည်။

ထို့အတူ ESPO ပိုက်လိုင်းသုံး၍ ရုရှားက တရုတ်သို့ တစ်နှစ်လျှင် ရေနံဆီတန်ချိန် ၃၅ သန်းသာ တင်ပို့နိုင်သည်ဟု စွမ်းအင်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း နောက်ထပ်တစ်ခုဖြစ်သည့် SPG global ၏ ၂၀၂၂ ၏ စာရင်းအရ သိရသည်။ ထို့ကြောင့် တရုတ် – မြန်မာရေနံပိုက်လိုင်းနှင့် ပင်လယ်ရေလမ်းကြောင်းများသုံး၍ ရုရှားက ၎င်း၏ ရေနံထုတ်ကုန်များကို တင်ပို့ရန် နည်းလမ်းရှာနေခြင်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသည့် ရှရှားနိုင်ငံသည် ယူကရိန်း ကျူးကျော်စစ် အ‌‌စောပိုင်းကာလများတွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် အခက်တွေ့ခဲ့သည်။ သို့သော် စစ်ပွဲကာလ တစ်နှစ်ကျော်အကြာ ၂၀၂၃ မတ်လတွင် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ စစ်ပွဲမတိုင်မီ ပမာဏသို့ ပြန်လည်ရောက်ရှိနေပြီဟု The Independent သတင်းဌာနက ဧပြီလ ၁၅ ရက်တွင် ရေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button