အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးလေ့လာသုံးသပ်ချက်

ရုရှား၊ မင်းအောင်လှိုင်၏ နျူကလီးယားအိပ်မက်နှင့် ဒေသတွင်းအန္တရာယ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ” တည် ဆောက်မည်ဟု မတ်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သော ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် အမျိုးသားစီမံကိန်းများအတွက် အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုလာပါသည်။

သူပြောသည့်စီမံကိန်း ဆိုသည်မှာ ယခင်က မြန်မာစစ်ခေါင်းဆောင်များ ပြောခဲ့ဖူးသော သုတေသနလုပ်ငန်း အတွက် နျူကလီးယား ဓာတ်ပေါင်းဖို အငယ်စား တည်ဆောက်ရေး မဟုတ်တော့ပါ။

တိုက်ဆိုင်စွာပင် ထိုသို့ထုတ်ဖော်ပြောဆိုပြီး နောက်တစ်နေ့တွင် ရုရှားသမ္မတ ပူတင်၏ လူယုံတော် ရှေ့နေချုပ် Igor Krasnov နေပြည်တော်သို့ နေ့ချင်းပြန်ရောက်လာပြီး မင်းအောင်လှိုင်ကို တွေ့ဆုံခဲ့သည်။

စစ်ကောင်စီ၏ သတင်းများက ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာကို ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများ ဟု ခေါင်းစဥ်တပ်ထားသော်လည်း၊ မိုင်ထောင်ချီခရီးကို နေ့ချင်းပြန်လာရောက်ခြင်းက ထို့ထက်ပိုမို အရေးပါသော ကိစ္စရပ်များအတွက် လာရောက်ခြင်း မဖြစ်နိုင်ဘူးလားဟု စဉ်းစားစရာ ဖြစ်နေပါသည်။

မင်းအောင်လှိုင်၏ နျူကလီးယားအိပ်မက်သည် မြန်မာစစ်တပ်နှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေး၏ အဓိက မဟာဗျူဟာရည်မှန်းချက်အဖြစ် တဖြည်းဖြည်းရုပ်လုံးပေါ်လာနေပြီး၊ နျူကလီးယားလက်နက် ကင်းမဲ့ဇုန် ထူထောင်ရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှဒေသအတွက် အိပ်မက်ဆိုးကြီး ဖြစ်လာပါလိမ့်မည်။

ယူကရိန်းကျူးကျော်စစ်ကြောင့် ကမ္ဘာအသိုက်အဝန်း၏ ဖယ်ကျဉ်မှုကို ခံနေရပြီး မကြာသေးခင်က နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ ဝရမ်း ထုတ်ခြင်း ခံထားရသော ရုရှားသမ္မတ ပူတင်သည် အရှေ့ တောင်အာရှမှ ဘဝတူ အပယ်ခံစစ်ခေါင်းဆောင်ကို နျူကလီးယားနည်းပညာ ဖြန့်ဝေပေးရန် လုပ်ဆောင်နေခြင်းသည် အလွန်အန္တရာယ်များသောလုပ်ရပ်ဖြစ်ပြီး၊ ထိုအရေးကို အာဆီယံအသင်း ကြီးနှင့် ကမ္ဘာကြီးက အလေးထားစောင့်ကြည့်ရန် လိုအပ်လာပါသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်တက္ကသိုလ်နည်မြေနှင့် ပြည်လမ်းမကြီး အကြား အင်းလျားကန်ဘေးက ဆိုရှယ်လစ်ခေတ် “အင်းယားလေး လူငယ်လေ့ကျင့်ရေး စခန်း” အဖြစ် အသုံးပြုခဲ့သော မြေနေရာတွင် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ကို မင်းအောင်လှိုင် ကိုယ်တိုင် ဖွင့်လှစ်ခဲ့သေးသည်။

အဆိုပါ စင်တာ ဖွင့်လှစ်မှုကို သာမန်ဖြစ်ရပ်ဟု သဘောထားနိုင်သော်လည်း၊ ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း ROSATOM အကူအညီဖြင့် လုပ်ဆောင်ခဲ့သော ထိုစင်တာသည် မင်းအောင်လှိုင် ၏ နျူကလီးယားရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်လိုက်သော ‘စ’ မှတ် ဖြစ်ပေ လိမ့်မည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ မင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ROSATOM နှင့် နားလည်မှု စာချွန် လွှာချုပ်ဆိုခဲ့ပြီး (၇) လခန့်အကြာတွင် အဆိုပါ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ ပေါ်ပေါက်လာခြင်းကို ထောက်ရှုလျှင် အလျင်အမြန် ကြီးထွားလာနေသော ရုရှား-မြန်မာ ဆက်ဆံ ရေး၏ သရုပ်သကန်ကို လှစ်ဟပြသနေပါသည်။

ထိုကာလမတိုင်မီကတည်းက အင်းလျားကန်စပ်က နျူကလီးယားနည်းပညာစင်တာ တည်ဆောက် ရေးလုပ်ငန်းကို လျှို့ဝှက်စွာ နှစ်ချီတည်ဆောက်လာခဲ့ပုံရသည်။ Myanmar Now က နားလည်မှု စာချွန်လွှာနှင့် ပတ်သက်၍ ROSATOM ကို တိုက်ရိုက် ဆက်သွယ်မေးမြန်းရာတွင် နျူကလီးယား စွမ်းအင်ဆိုင်ရာ လေ့ကျင့်သင်ကြားရေး အစီအစဉ်ပါဝင်ကြောင်း အကြောင်းပြန်ခဲ့သည်။

နျူကလီးယားဓာတ်အားပေးစက်ရုံမှ နျူကလီးယားလက်နက်ဆီသို့

နိုင်ငံတိုင်းသည် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် အသုံးပြုပိုင်ခွင့်ရှိ သည်။ သို့သော် မျက်မှောက်ခေတ် ကမ္ဘာသမိုင်းကို လေ့လာပါက အာဏာရှင်နိုင်ငံများဖြစ်သော မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့သည် နျူကလီးယားနည်းပညာကို စစ်ရေးရည်မှန်းချက်အတွက် အသုံးချရန် ကြိုးပမ်းလျက်သည်ကို တွေ့ရမည် ဖြစ်သည်။

ထိုနှစ်နိုင်ငံလုံးသည် အမေရိကန်နိုင်ငံကို ရန်သူအဖြစ် သဘောထားပြီး၊ ၎င်းတို့၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေးကြိုးပမ်းမှုသည် အမေရိကန်နိုင်ငံ၏ ကျူးကျော်ရန်စမှုမှ ကာကွယ်နိုင်ရေးအတွက်ဟု အကြောင်းပြကြသည်။ ထို့အပြင် အဆိုပါ နှစ်နိုင်ငံလုံးသည် အမေရိကန်နှင့် အဓိက အင်အား ပြိုင်ဆိုင်နေသော ရုရှားနှင့် ဆက်ဆံရေးကောင်းမွန်ကြသည်။

အီရန်နှင့် မြောက်ကိုရီးယားနည်းတူ အရှေ့တောင်အာရှဒေသတွင် နာမည်ဆိုးဖြင့် ရပ်တည်နေသော မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ရင်ဆိုင်နေရပြီး၊ ရုရှားနိုင်ငံကို ပိုမိုအားကိုးချည်းကပ် ပေါင်းသင်းဆက်ဆံလာနေသည်ကို အာဏာသိမ်း ပြီး ၂နှစ်အတွင်း တွေ့မြင်နေရသည်။

မင်းအောင်လှိုင်သည် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုရန် ကြိုးပမ်းနေပါသည်ဟု ပြောဆိုနေသော်လည်း၊ ရုရှားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယားနည်းပညာ ရရှိရေး အလျင်အမြန် ကြိုးပမ်းလာနေမှုက စစ်ရေးအတွက်ပါ ရည်မှန်းချက်ရှိနေပြီလား ဆိုသည်ကို အလေးအနက်ထား စောင့်ကြည့်လေ့လာရန် လိုအပ်ပါသည်။

အရှေ့တောင်အာရှက ရုရှားလက်ဝေခံ မြန်မာ

“ရန်သူ၏ ရန်သူသည် မိတ်ဆွေ ဖြစ်သည်” ဟု ဆိုရိုးစကားအတိုင်း ရုရှားသည် အမေရိကန်ကို ရန်သူ ဟု သဘောထားသော နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ စစ်လက်နက်ရောင်းချခြင်းနှင့် နည်းပညာ အကူအညီပေးခြင်းဖြင့် ၎င်း၏အင်အားကို တည်ဆောက်ခဲ့ရာ အီရန်၊ ဆီးရီးယား၊ မြောက်ကိုရီးယား တို့နှင့်အတူ ယခုနောက်ဆုံး အရှေ့တောင်အာရှဒေသ တည်ငြိမ်မှုကို အနှောက်အယှက်ပြုနေသော မြန်မာစစ်တပ်နှင့်ပါ မဟာမိတ်ပြုလာပြီ ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်ပြီးနောက် အပယ်ခံဖြစ်လာသော အခြေအနေတွင် ယခင်က လက်နက်ရောင်း ချခြင်းနှင့် မော်စကိုရှိ ဗိုလ်သင်တန်းကျောင်းများတွင် လေ့ကျင့်သင်တန်းပေးခြင်းသာ ရှိခဲ့သော မြန်မာ စစ်တပ်ကို မဟာမိတ်ရှားပါးလာနေသော ရုရှားက ပို၍ပေါင်းဖက်ဆက်ဆံလာသည်မှာ ထူးဆန်းလှ သည်တော့ မဟုတ်ပါ။ သို့သော် မြန်မာစစ်တပ်ကို နျူကလီးယားနည်းပညာ လွှဲပြောင်းပေးခြင်းသည် လွန်စွာအန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်သည်။

ရုရှား၏အကူအညီဖြင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို စစ်ကောင်စီက ကမ္ဘာသိ ထုတ်ဖော်ကြေညာခဲ့သော်လည်း၊ ၎င်း၏နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော ပူးပေါင်း ဆောင်ရွက်မှုများ ရှိနိုင်ပါသည်။

ထိုအချက်ကို နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း ရည်မှန်းချက်  ရှိထား ကြောင်း မတ်လ ၂၁ ရက်နေ့ အမျိုးသားစီမံကိန်း ကော်မရှင် (၁/၂၀၂၃) အစည်းအဝေးတွင် မင်းအောင်လှိုင်၏ ထုတ်ဖော်ပြောဆိုခဲ့မှုက သက်သေပြုလျက်ရှိသည်။

ဓာတ်အားပေးစက်ရုံတွင် အသုံးပြုမည့် ယူရေနီယမ်မှ ထွက်ရှိလာသော အနုမြူ စွန့်ပစ် ပစ္စည်းတမျိုးဖြစ်သည့် ပလူတိုနီယမ်သည် နျူကလီးယား လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။၊ မြောက်ကိုရီးယားနှင့် အီရန်တို့သည် ၎င်းတို့၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ရှေ့ပြေး အဆင့်သည်  အဆိုပါဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်  လ နျူကလီးယား လက်နက်ပပျောက်ရေး စည်းရုံးလှုံ့ဆော်နေသော၊ လန်ဒန်တွင် အခြေစိုက်သော Campaign for Nuclear Disarmament က နိုင်ငံတကာတွင် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအသစ်များ တည်ဆောက်ခြင်းကို ကန့်ကွက်လျက်ရှိသည်။ အထူးသဖြင့် စစ်သွေး ကြွ အာဏာရှင်များ ကြီးစိုးသော နိုင်ငံများက နျူကလီးယားနည်းပညာရရှိရေး ကြိုးပမ်းမှုသည် မည်သို့မျှ ငြိမ်ချမ်းရေးအတွက် မဖြစ်နိုင်ပေ။

သို့သော် မြန်မာစစ်သွေးကြွခေါင်းဆောင် မင်းအောင်လှိုင်၏ နျူကလီးယားရည်မှန်းချက်ကို ကမ္ဘာကြီးက သိရှိမှု နည်းပါးနေပြီး၊ ထိုအခြေအနေသည် မင်းအောင်လှိုင်အတွက် အခွင့်ကောင်း ဆိုက်လျက်ရှိသည်။

Myanmar Now သည် နျူးနည်းပညာရရှိရေး အပူတပြင်းကြိုးပမ်းနေသည့် မင်းအောင်လှိုင် ၏ ရုရှား နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ယခုနှစ်ပိုင်းအတွင်း စောင့်ကြည့်လေ့လာခဲ့ရာတွင် ရုရှားကုမ္ပဏီများ ၏ မြန်မာနိုင်ငံတွင်း ခြေလှမ်းများကိုလည်း သတိပြုလေ့လာလျက်ရှိသည်။

လတ်တလောတွင် ရုရှားအစိုးရပိုင် Inter RAO – Export က နေပြည်တော်အနီး ပေါင်းလောင်းမြစ်ပေါ် က ရေအားလျှပ်စစ်စီမံကိန်း တွင် ပါဝင်ဆောင်ရွက်မည့် သတင်းကို လေ့လာတွေ့ရှိထားပါသည်။ 

ထို့ကြောင့် Inter RAO ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုသမိုင်းကို လေ့လာခဲ့ရာ ထိုကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ်က အီတလီကုမ္ပဏီ Enel နှင့်ပူးပေါင်း၍ ရုရှားနိုင်ငံ ကလင်နင်ဂရက် (Kaliningrad) မြို့တွင် ၂,၃၄၀ မီဂါဝပ် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ တူရကီနိုင်ငံက Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ပိုင်ဆိုင်ထားသော အစုရှယ်ယာ တချို့ကို ၂၀၂၀ ပြည့်နှစ်တွင် ရောင်းချခဲ့ကြောင်း တွေ့ရှိရသည်။

တူရကီနိုင်ငံ၏ ပထမဆုံး Akkuyu နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် တူရကီနှင့် ရုရှားအစိုးရတို့အကြား စာချုပ်ချုပ်ဆိုမှုကို ၂၀၁၀ တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ Akkuyu အစုရှယ်ယာ ရောင်းချခြင်းနှင့်ပတ်သက်ပြီး၊ Inter RAO နှင့် ROSATOM အကြား ဆွေးနွေး ညှိနှိုင်းခဲ့မှုများကို လေ့လာပါက ရုရှားအစိုးရပိုင် အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးသည် ရုရှားပြင်ပတွင် နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေး၊ နည်းပညာဖြန့်ဖြူးရေးတို့ကို အဓိကထား လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိ ရသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်ပေး ခဲ့သည်မှာလည်း ROSATOM ကုမ္ပဏီပင် ဖြစ်သည်။ ယခုအခါ မင်းအောင်လှိုင်၏ ရည်မှန်းထားသော နျူကလီးယား ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ပေးနိုင်ဖွယ်အရှိဆုံး ကုမ္ပဏီ နှစ်ခုမှာ Inter RAO နှင့် ROSATOM တို့ ဖြစ်သည်။

ဒေသတွင်း နျူကလီးယားအင်အားကြီး နှစ်နိုင်ငံများလည်းဖြစ်၊  မြန်မာ၏ အိမ်နီးချင်းများလည်းဖြစ်သော  တရုတ်နှင့် အိန္ဒိယတို့က ရုရှား၏ မိတ်ဖက် ဖြစ်နေကြခြင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် နျူကလီးယား အိပ်မက် အကောင်အထည်ဖော်ရေးတွင် သွယ်ဝိုက်စွာ အထောက်အပံ့ဖြစ်လျက်ရှိသည်။

ရုရှား-မြန်မာစီးပွားရေးကောင်စီ တည်တောင်ခြင်း

တချိန်တည်းမှာပင် မတ် ၂၁ တွင် ရုရှား-မြန်မာစီးပွားရေးကောင်စီကို စတင်တည်ထောင် ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ကောင်စီ တည်ထောင်ခြင်း အစည်းအဝေးကို မော်စကိုမြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးအဆောက်အဦတွင် ကျင်းပခဲ့သည်ဟု သိရသည်။

ရုရှား ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း (The Chamber of Commerce and Industry of the Russian Federation) ၏ ရုရှား-မြန်မာစီးပွားရေးကောင်စီ တည်ထောင်ခြင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ရုရှားစွန့်ဦး တီထွင်လုပ်ငန်းရှင်များအတွက် အလွန်စိတ်ဝင်စား စရာကောင်းသော လမ်းကြောင်းပေါ်တွင် ရှိနေပါသည်ဟု ဖော်ပြထားသည်။

ထိုအစည်းအဝေးတွင် Techpromimport JSC ၏ ညွှန်ကြားရေးမှူးချုပ် Mr. Aleksei SHUPLOV ကို ရုရှား-မြန်မာစီးပွားရေး ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည် ဟု သိရသည်။

ရုရှား-မြန်မာစီးပွားရေးကောင်စီတွင် ပါဝင်သော ရုရှားကုမ္ပဏီများတွင် Inter RAO – EXPORT, National Payment Card System ‘MIR’, Trans-Show Tour, R-Pharm, Russian Environmental Operator (reo) နှင့် Techpromimport JSC တို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး သဘောတူလက်မှတ်ထိုးထားသည့် Inter RAO – EXPORT သည် ကောင်စီတွင် ပါဝင်နေသည်ကို တွေ့ရှိရပြီး၊ ROSATOM ပါဝင်ခြင်းမရှိပါ။

အခြားကောင်စီအဖွဲ့ဝင်များကို လေ့လာကြည့်ရာတွင် National Payment Card System ‘MIR’ သည် VISA နှင့် MASTER Cards များကဲ့သို့ အလားသဏ္ဌာန်တူသော ရုရှားနိုင်ငံအတွင်း အဓိကသုံးစွဲနေသော အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြစ်သည်။

ရုရှား-မြန်မာ စီးပွားရေးကောင်စီတွင် ထိုကုမ္ပဏီ ပါဝင် နေခြင်းကို ထောက်ရှုလျှင် စစ်ကောင်စီသည် လက်နက်ဝယ်ယူရေးအပါအဝင် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မှုတွင် အမေရိကန်ဒေါ်လာကို ရှောင်ရှားပြီး၊ ရုရှား၏ ရူဘယ်ငွေကြေးဖြင့် ငွေပေးချေနေပုံရသည်။

ထိုအခမ်းအနားကို တက်ရောက်ခဲ့သော စစ်ကောင်စီကိုယ်စားလှယ်ကလည်း ၂၀၂၀-၂၁ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးသည် ဒေါ်လာ ၁၅.၇ သန်းသာရှိခဲ့သည်၊ ၂၀၂၂ ခုနှစ်တွင် ၃၃၅ သန်း အထိ ကြီးထွားလာပြီး၊ မြန်မာက ဆန်နှင့် ကော်ဖီကို တင်ပို့နိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

ရုရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ တွင်းထွက်ပစ္စည်း တူးဖော်ရေး၊ မှန်နှင့် ကျောက်မျက်ရတနာ ထုတ်လုပ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ဓာတ်မြေဩဇာ၊ သစ်လုပ်ငန်းနှင့် အပေါ့စား စက်မှုလုပ်ငန်းနယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဆွဲဆောင်ခဲ့သည်။

ရုရှားကုမ္ပဏီများ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခြေအနေကို လေ့လာကြည့်ရာ မြန်မာတွင် ယခင်စစ်အစိုးရက နိုင်ငံရေးအပြောင်းအလဲများ စတင်ခဲ့သော ၂၀၁၁ ခုနှစ် ကတည်းက ယနေ့အချိန်ထိ ၁၂ နှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ (Foreign Direct Investments – FDIs) တွင် ရုရှားနိုင်ငံ ဝင်ရောက်ခဲ့ခြင်း လုံးဝမရှိသည်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသော အချက်အလက်များအရ တွေ့ရှိရသည်။

ရုရှား၏ ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၁ ခုနှစ် ရှေ့ပိုင်း ယခင်စစ်အစိုးရလက်ထက်တွင်သာ တွေ့နိုင်ပြီး ပမာဏအားဖြင့် ဒေါ်လာ ၉၈ သန်း ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ အချက်အလက် များအရ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်အတွင်း ရုရှားက မြန်မာနိုင်ငံကို စီးပွားရေးအရ စိတ်ဝင်စားမှုမရှိပေ။

သို့သော် ယခုအခါ နှစ်နိုင်ငံကုန်သွယ်ရေးကို ဒေါ်လာ ၁ ဘီလီယံ ရောက်ရှိသည်အထိ ကြိုးပမ်းသွား မည်ဆိုသည့် စစ်ကောင်စီ ကိုယ်စားလှယ်၏ အဆိုပြုချက်ကို အသစ်ဖွဲ့စည်းလိုက်သော ရုရှား-မြန်မာ စီးပွားရေးကောင်စီအဖွဲ့ဝင်များက သဘောတူလက်ခံကြသည်။

မြန်မာစစ်တပ်က ရုရှား၏ လက်နက်ဖောက်သည်အဖြစ်သာ ရှိခဲ့ရာမှ ယခုအခါ ရုရှား နှင့် ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ အလျင်အမြန်တိုးချဲ့လာနေသည်ကို လွန်ခဲ့သော ၂နှစ် အတွင်း နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခြင်းက ပြသလျက်ရှိသည်။

ရုရှား-မြန်မာ ဆက်ဆံရေး၏ ရှေ့လာမည့်ကာလများတွင် နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုသည် အရှေ့တောင်အာရှ ဒေသတွင်း တည်ငြိမ်ရေးကိုပါ အန္တရာယ်ပြုနိုင်သောကြောင့် မျက်ခြည်မပြတ် စောင့်ကြည့်ရမည် အရေးကိစ္စဖြစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button