
စစ်တပ်နှင့် ပြည်သူအကြား နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်လာတိုင်း ထိုနိုင်ငံရေးဂယက်၏ နယ်စပ်ဖြတ်ကျော်ရိုက်ခက်မှုကို တိုက်ရိုက်ကြုံတွေ့ အခံစားရဆုံး အိမ်နီးချင်းနိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်သည်။
ထိုင်းနိုင်ငံသည် အားကိုးတကြီး ထွက်ပြေးခိုလှုံလာသော မြန်မာပြည်သူများကို လက်ခံထားလေ့ရှိပြီး၊ တစ်ဖက်တွင် ကိုယ့်ပြည်သူများကို ရက်ရက်စက်စက် ပစ်ခက်သတ်ဖြတ်နှိမ်နှင်းနေသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့်လည်း အခင်အမင်မပျက် ဆက်ဆံလေ့ရှိသည်။
ထိုင်းအစိုးရနှင့် မတူသော ရပ်တည်ချက်ကို ထိုင်းပြည်သူများ၏ လူမှုအသိုက်အဝန်းကြားတွင်လည်း တွေ့ရသည်။ အထူးသဖြင့် ထိုင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် တက္ကသိုလ်ပညာရှင်များ အသိုင်းအဝန်းသည် မြန်မာပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို စာနာထောက်ခံ ရပ်တည်လေ့ရှိပြီး၊ တတ်နိုင်သော အကူအညီများ အစဥ်အမြဲ ပေးလေ့ရှိသည်။
၁၉၈၈ ခုနှစ် ပြည်သူများ၏ ဒီမိုကရေစီအရေးတော်ပုံကို မြန်မာစစ်တပ်က ရက်စက်စွာသတ်ဖြတ် ဖမ်းဆီးနှိမ်နှင်းမှုကြောင့် ကျောင်းသားလူငယ်အများအပြား ထိုင်းနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ထိုစဥ်က ကျောင်းသားတပ်မတော် (ABSDF) တည်ထောင်မှုကို ထိုင်းပြည်သူများသာမက နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့ကြသည်။
ထိုစဥ်က မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်ခဲ့ရာ ကရင်နှင့် ကရင်နီ တိုင်းရင်းသားမျိုးနွယ်စုများ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ရသည်။ ယနေ့အချိန်ထိ ထိုဒုက္ခသည်များကို လက်ခံထားသော စခန်း ၉ ခု ထိုင်းနယ်စပ်တွင် ဖွင့်လှစ်ထားဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် မြန်မာပြည်တွင် စစ်အာဏာသိမ်းမှု နောက်တကြိမ်ဖြစ်ပေါ်ခဲ့ရာ ပြည်တွင်းအခြေအနေများကို ၁၉၈၈ ခုနှစ်ထက် ပို၍လျှင်မြန်စွာ သိရှိခွင့်ရခဲ့ကြပြီး၊ ထိုင်း-မြန်မာနယ်စပ်ဒေသများတွင် တကျော့ပြန် မတည်ငြိမ်မှုများ၊ စစ်ပြေးဒုက္ခသည်များနှင့် မြန်မာစစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်နေမှုမှ လွတ်မြောက်ရန် နယ်စပ်ဒေသသို့ ရောက်လာ ကြမည့် ထောင်နှင့်ချီသည့် ဒီမိုကရေစီလှုပ်ရှားသူများကို သမိုင်းတပတ်လည်သည့်အလား ထိုင်းပြည်သူများ တွေ့ မြင်လာရသည်။
၁၉၈၈ ခုနှစ် မြန်မာအာဏာသိမ်း စစ်အစိုးရနှင့် ဆက်ဆံခဲ့ဖူးသော အတွေ့အကြုံရှိသည့် ထိုင်းအစိုးရသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပေါ် တုန့်ပြန်မှုများက မည်သို့ရှိနေပါသနည်း။ စစ်အာဏာသိမ်းမှု မကြာခဏဖြစ်ပေါ်လေ့ ရှိသော ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရအကြီးအကဲသည် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး ဖြစ်သဖြင့် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နှင့် မည်ကဲ့သို့ ဆက်ဆံရေးရှိသနည်း။ ထိုင်းအစိုးရ၏ “အိမ်နီးချင်းကောင်း” မူဝါဒက လက်ရှိ မြန်မာ နိုင်ငံ၏ အခြေအနေနှင့် ဆီလျှော်အပ်စပ်မှု ရှိသေးပါ၏လော။
မြန်မာအကြပ်အတည်းကြားက အကျိုးစီးပွားရှာတတ်သော ထိုင်းအစိုးရ
အာဏာသိမ်းသည့် မြန်မာစစ်ခေါင်းဆောင်တိုင်း နိုင်ငံရေးထောက်ခံမှုနှင့် အာဏာ သိမ်းမှုကြောင့် ဖြစ်ပေါ်သော စီးပွားရေးအရ ကုန်ကျစရိတ် (the economic cost of the coup) ကို ကာကွယ်ရန် ငွေကြေးလိုအပ်ချက်ရှိလာမည်ကို ထိုင်းအစိုးရ ကောင်းစွာနားလည်သဘောပေါက်ထားသည်။
ထိုကြောင့် ထိုင်းနိုင်ငံ၏ “အိမ်နီးချင်းကောင်း” မူဝါဒ အဓိပ္ပာယ်မှာ မြန်မာ့အကျပ်အတည်းမှ ပေါ်ထွက်လာသော စီးပွားရေးအခွင့်အလမ်းများကို အမိအရ ရယူတတ်ခြင်းဟု နားလည်နိုင်ပြီး၊ ထိုအချက်ကို မဝေးလှသော ထိုင်း-မြန်မာ ဆက်ဆံရေးသမိုင်းက ဖော်ပြနေသည်။
၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့သည် မြန်မာ့သမိုင်းတွင် အထင်ကရ “၈၈၈၈” ဒီမိုကရေစီအရေးတော်ပုံ၏ သမိုင်း ဝင်နေ့ ဖြစ်ခဲ့သလို၊ နောင်တွင် ထိုင်းနိုင်ငံ၏ နာမည်ကျော် အိမ်နီးချင်းနိုင်ငံများဆိုင်ရာ နိုင်ငံခြားရေးမူဝါဒသစ် ဖြစ်သော “စစ်မြေပြင်မှ ဈေးကွက်ဆီသို့” (From Battlefields into Marketplaces) မူဝါဒကို စတင်ဖော်ထုတ်ခဲ့ သည့် ထိုင်းဝန်ကြီးချုပ် Chatichai Choonhavan ဝန်ကြီးချုပ်ရာထူး စတင်ရယူခဲ့သော နေ့ဖြစ်သည်။
စစ်အေးခေတ်တလျှောက်လုံး အင်ဒိုချိုင်းနားစစ်ပွဲနှင့် နယ်စပ်ချင်းထိစပ်မှု အရှည်ဆုံး မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာစစ်တပ်အကြား စစ်ပွဲများ စသည့် အိမ်နီးချင်းနိုင်ငံနယ်စပ်များမှ စစ်ရေးပဋိက္ခများ ကြောင့် ထိုင်းနိုင်ငံသည် စစ်ပြေးဒုက္ခသည်များ ခိုလှုံရာနိုင်ငံ ဖြစ်ခဲ့သည်။ ထိုကာလ ထိုင်းအစိုးရအဆက်ဆက် အိမ်နီးချင်းနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒမှာ “ကြားခံနယ်မြေ” (Buffer Zone) မူဝါဒကို ကျင့်သုံးသည်။

အဓိပ္ပာယ်မှာ မြန်မာနယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေးကို ဦးစားပေး ကျင့်သုံးခြင်းဖြင့် ထိုင်းနိုင်ငံ၏နယ်စပ်ဒေသလုံခြုံရေးကို အာမခံချက်ရရှိရန် ကြိုးစားသည့်နည်းလမ်း ဖြစ်ပြီး၊ ထိုစဥ်က ဦးနေဝင်း ဆိုရှယ်လစ်အစိုးရနှင့် အရင်းရှင်စီးပွားရေး ဦးစားပေးသော ထိုင်းအစိုးရအကြား နီးကပ်သော ဆက်ဆံ ရေး မရှိခဲ့ပါ။
ထိုင်းက အိမ်နီးချင်းမူဝါဒသစ်ကို ပြောင်းလဲကျင့်သုံးလာချိန် မြန်မာနိုင်ငံက အာဏာသိမ်းမှုနှင့် ကြုံကြိုက်လာသည့် အခါ ချက်တီချိုင်းအစိုးရသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ပထဆုံး အသိအမှတ်ပြုသည့် အိမ်နီးချင်းအစိုးရ ဖြစ်လာပြီး ထိုစဥ်က ထိုင်းကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chavalit Yongchaiyudh ကို ရန်ကုန်မြို့သို့ စေလွှတ်ခဲ့သည်။
အာဏာသိမ်းပြီးစ မြန်မာစစ်ခေါင်းဆောင်များ ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်နေသည်ကို သိရှိသော ထိုင်းအစိုးရသည် ၁၉၈၉ ခုနှစ် ထိုင်းမြန်မာနယ်စပ်ရှိ သစ်တောများတွင် ထိုင်းကုမ္ပဏီများ သစ်ခုတ်ခွင့်နှင့် မြန်မာ့ရေပိုင်နက် အတွင်း ငါးဖမ်းခွင့်လိုင်စင်များကို အလျင်အမြန်ရယူနိုင်ခဲ့ပြီး၊ မြန်မာစစ်တပ်၏ ငွေကြေးအကျပ်အတည်းကို ကူညီ ဖြေရှင်းပေးခဲ့ဖူးသည်။ ထိုနှစ်မှာပင် ထိုင်းတနိုင်ငံလုံးတွင် သစ်ခုတ်ခွင့်ကို တင်းကျပ်စွာ ပိတ်ပင်လိုက်ပြီး၊ သစ်လိုအပ်မှုအတွက် မြန်မာ့သစ်တောများကို အပြောင်ရှင်းစနစ်ဖြင့် ခုတ်ယူခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ထပ်မံဖြစ်ပွားသည့်အခါ မြန်မာစစ်တပ်၏ ကိုယ့်ပြည်သူများကို ရက်စက်စွာသတ်ဖြတ် ဖမ်းဆီးနေသော လူ့အခွင့်အရေးကျူးလွန်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်လာရသည့် နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာနိုင်ငံက အသီးသီးထွက်ခွာကြရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ဩစတေးလျ အခြေစိုက် Woodside, ပြင်သစ်အခြေစိုက် TOTAL, အမေရိကန်အခြေစိုက် Chevron နှင့် မလေးရှားအခြေစိုက် Petronas စသည့် ရေနံကုမ္ပဏီကြီးများပါ မြန်မာနိုင်ငံမှ အသီးသီးထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် မုတ္တမကမ်းလွန်တွင် ဇောတိကသဘာဝဓာတ်ငွေ့သိုက်ကို ဦးစီးလုပ်ကိုင်နေသော ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီသည် မထွက်ခွာသည့်အပြင် တနင်္သာရီကမ်းလွန်က ရတနာနှင့် ရဲတ့ခွန်သဘာဝဓာတ်ငွေ့သိုက်များမှ ထွက် ခွာသွားသော အထက်ပါကုမ္ပဏီတို့၏နေရာကို အစားထိုးရယူလိုက်ခြင်းဖြင့် တနင်္သာရီနှင့် မုတ္တမပင်လယ်ကွေ့ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို လက်ဝါးကြီးအုပ်ခွင့် ရရှိသွားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်၍ အာဏာသိမ်းခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းဖြစ်စဥ်ကဲ့သို့ ဦးနေဝင်း၏ ဆိုရှယ်လစ်အစိုးရက စစ်တပ်ကို လိုလိုလားလား အာဏာအပ်နှင်းလိုက်ပုံနှင့် အခြေခံကျကျ ကွဲပြားခြားနားသည်။ ထိုအချက်ကို အာဏာသိမ်းပြီး အစိုးရအကြီးအကဲဖြစ်လာသော လက်ရှိဝန်ကြီးချုပ် Prayut Chan-o-cha က အလေးထား ဂရုစိုက်ဟန်မတူပါ။
မြန်မာစစ်ကောင်စီ၏ ယခုတကြိမ် ဖိနှိပ်ရက်စက်မှုများသည် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ယုံမျှမက၊ ယခင်ကနှင့်မတူ တကမ္ဘာလုံးက မျက်ဝါးထင်ထင် မြင်တွေ့နေရသောကြောင့် ထိုင်းနယ်စပ်ဒေသကို ထွက်ပြေးရောက်ရှိ လာသော မြန်မာနိုင်ငံသားများကို ခိုလှုံခွင့်ပေးထားခြင်းဖြင့် ထိုင်းအစိုးရသည် “အိမ်နီးချင်းကောင်း” ပုံရိပ်ကိုပြပြီး၊ အခြားတဖက်တွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ စီးပွားရေးအခွင့်အလမ်းများ ဆက်လက်ရှာဖွေနေသည်။

ထိုင်းအစိုးရအဆက်ဆက် မြန်မာမူဝါဒ ချွတ်ခြုံအကျဆုံးအချိန်
မြန်မာအရေးနှင့်ပတ်သက်လျှင် ထိုင်းပညာရှင်အသိုင်းအဝန်းတွင် ထိုင်းအစိုးရ၏ မူဝါဒရပ်တည်ချက်ကို အပွင့်လင်း ဆုံး ဝေဖန်သူမှာ ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ပါမောက္ခ Thitinan Pongsudhirak ဖြစ် သည်။
ပါမောက္ခ Thitinan သည် ထိုင်းနိုင်ငံ၏ ဩဇာအရှိဆုံး ဘန်ကောက်ပို့စ် သတင်းစာကြီတွင် ထိုင်းနိုင်ငံ၏ ဒေဝါလီခံ မြန်မာမူဝါဒ (Thailand’s bankrupt Myanmar policy) ခေါင်းစဥ်ဖြင့် ဇွန်လလယ်က ဆောင်းပါးတပုဒ် ရေးသား ခဲ့ပြီး ထိုင်း၏ မြန်မာမူဝါဒကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အစဉ်အလာမဟုတ်ဘဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦး ခန့်အပ်လိုက်ခြင်းအတွက် အံ့ဩမိသည်၊ မြန်မာ့အရေးကို အာဆီယံက အထူးကိုယ်စားလှယ်ခန့်အပ် ကိုင်တွယ်ဖြေရှင်းနေသည့် ကြားမှ တမူထူးခြားသည့် ကြားဝင်ဖြေရှင်းမှုမျိုး ထိုင်းအစိုးရ စီစဥ်နေပြီလားဟု စိတ်ဝင်တစား စောင့်ကြည့်နေသည်ဟု ဆိုပါသည်။
သို့သော် စင်္ကာပူနိုင်ငံတွင် ဇွန်လ ၁၀ -၁၂ ရက်နေ့ထိ ကျင်းပခဲ့သော Shangri-la Dialogue ၏ Myanmar: Finding a way forward ခေါင်းစဥ်ဖြင့် ပါဝင်ဆွေးနွေးရာတွင် အထူးကိုယ်စားလှယ် Ms. Pornpimol Kanchanalak က ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီကကျင်းပရန် စီစဥ်ထားသည့် ရွေးကောက်ပွဲကို လက်ခံရန် ပြောကြားခဲ့သည့်အခါ၊ ယင်းသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ထိုင်းအစိုးရလုပ်နေကျ မြန်မာစစ်ခေါင်းဆောင်တို့အလိုကျ ပြောဆိုခြင်း သာဖြစ်ပြီး၊ ထိုစကားပြောရန်အတွက် အထူးကိုယ်စားလှယ်ခန့်စရာ မလိုအပ်ကြောင်း၊ ထိုင်းအစိုးရ၏ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ချွတ်ခြုံကျနေကြောင်း ဝေဖန်ခဲ့ပါသည်။
လက်ရှိ မြန်မာ့ပြဿနာသည် ၁၉၉၀ နှင့် ၂၀၀၀ ဆယ်စုနှစ်ကာလများက ကဲ့သို့မဟုတ်တော့ဘဲ မြန်မာပြည်သူများက စစ်အာဏာသိမ်းမှုကို စုစည်းညီညွတ်စွာ ဆန့်ကျင်နေကြသည်၊ အမြို့မြို့အနယ်နယ်တွင် ပြောက်ကျားစစ် ဆင်နွဲ၍ စစ်တပ်ကို တော်လှန်နေရာ တဖြည်းဖြည်း အသာစီးရလာနေသည်၊ ထိုင်းအစိုးရ လုပ်ရမည့်အရာက မြန်မာစစ်တပ်ကို ဖိအားပိုပေးပြီး မလေးရှားအစိုးရ ဆောင်ရွက်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထိတွေ့ဆက်ဆံရမည် ဟု ပါမောက္ခ Thitinan က ထောက်ပြဝေဖန်ခဲ့သည်။
ထို့အပြင် နယ်စပ်တွင် မြန်မာဖက်က နိုင်ငံရေးအရ ခိုလှုံလာသူများကို လုံခြုံစိတ်ချစွာ ခိုလှုံခွင့်ပေးသင့်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ လူသားချင်းစာနာမှုအကူအညီ ပေးနိုင်ရန် ကူညီလမ်းဖွင့်ပေးသင့်ကြောင်း ပါမောက္ခ Thitinan က အကြံပြုထားပါသည်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို ကြိုးပေးကွပ်မျက်မှုကို နှုတ်ဆိတ်နေသော ထိုင်းအစိုးရ
ဇူလိုင်လ ၂၄ ရက်နေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုး ပေးကွပ်မျက်ခဲ့ခြင်းကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် အခြားအဖွဲ့ဝင်နိုင်ငံများဖြစ်သော မလေး ရှား၊ စင်္ကာပူ တို့က ကန့်ကွက်ရှုတ်ချခဲ့ကြသော်လည်း ထိုင်းအစိုးရက ရေငုံနှုတ်ပိတ်နေခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ဩဇာ ရှိသော ဘန်ကောက်ပို့စ် သတင်းစာကြီးက အယ်ဒီတာ့အာဘော် ရေးသားပြီး ထိုင်းအစိုးရကို သတိပေးခဲ့သည်။
အယ်ဒီတာ့အာဘော်က ထိုင်းအစိုးရသည် မြန်မာစစ်အစိုးရနှင့်ပတ်သက်ပြီး ၎င်း၏ “အိမ်နီးချင်းကောင်း” (Nice Neighbor) မူဝါဒကို ပြင်ဆင်ရန် အချိန်ကျပြီ ဖြစ်ပြီး၊ ပထမဆုံး လုပ်ဆောင်သင့်သည့် ကိစ္စမှာ မြန်မာနိုင်ငံမှ ထိုင်း နယ်နမိတ်ထဲကို ထွက်ပြေးခိုလှုံလာသူများကို အကာအကွယ်ပေးသည့် မူဝါဒကို ထုတ်ပြန်ခြင်းပင် ဖြစ်ပြီး၊ အကယ်၍ ပြန်လည်ပို့ဆောင်မည်ဆိုပါက ရာဇဝတ်မှုကျူးလွန်ရာရောက်မည်ဖြစ်ကြောင်း သတိပေးထောက်ပြ ဝေဖန်ထားပါသည်။
ထို့အပြင် ပါမောက္ခ Thitinan ထောက်ပြခဲ့သကဲ့သို့ နယ်စပ်ဒေသတွင် ထိုင်းစစ်တပ်တခုတည်းက ခိုလှုံလားသူများ အရေး ကိုင်တွယ်ဆောင်ရွက်နေခြင်းထက် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့ကို အကူအညီပေးခွင့်ပြုရန် ထောက်ပြထားသည်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရင်းနှီးသောမိတ်ဆွေအဖြစ် သိထားကြသော ထိုင်းဝန်ကြီးချုပ် Prayut ၏ မြန်မာ့အရေး ကိုင်တွယ်လုပ်ဆောင်ချက်များကို ထိုင်း၏ မိတ်ဆွေနိုင်ငံများက စောင့်ကြည့်နေကြောင်းကိုလည်း သတိပေးထားသည်။

နယ်စပ်ဖြတ်ကျော် အကူအညီပေးနိုင်ရန် ထိုင်းအစိုးရ ပိတ်ဆို့မထားသင့်
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်၏ ပြည်သူများအပေါ် စစ်ဆင်နွဲနေမှုများကြောင့် မြန်မာတနိုင်ငံလုံးတွင် အိုးအိမ်စွန့်ခွဲထွက်ပြေးခဲ့ရ သော ပြည်သူ စုစုပေါင်း ၈၆၆,၄၀၀ ဦးရှိသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံး (UN-OCHA) ၏ ဇူလိုင်လကုန် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ ၏ လူသားချင်းစာနာမှု အခြေအနေ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းပမာဏသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ မြန်မာစစ်တပ်၏ စစ်ဆင်မှု ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရသည့် လူဦးရေထက်ပင် ပို၍များပြားလာပြီ ဖြစ် ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့အတူ Data for Myanmar ၏ လေ့လာချက်များအရ စစ်တပ်က ယနေ့အချိန်ထိ နိုင်ငံအနှံ့ မြို့ရွာနေရာ ပေါင်း ၄၃၅ နေရာတွင် ပြည်သူများ၏ နေအိမ်ပေါင်း ၁၈,၈၈၆ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်ဒေသများဖြစ်သော ကရင်နှင့် ကရင်နီပြည်နယ်များတွင် ၎င်းတို့ကို ဆန့်ကျင်တော်လှန်နေ သော တော်လှန်ရေးအင်အားစုများကို မြန်မာစစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခဲ့သည်မှာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ယနေ့ထိ ဖြစ်သည်။ ကရင်ပြည်နယ် ထိုင်းနယ်စပ်အနီး တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော စစ်ပြေးဒုက္ခသည်များ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြရပြီး၊ မြန်မာဖက်အခြမ်း သောင်ရင်း မြစ်ကမ်းနဘေးတလျှောက်တွင်လည်း ဖြစ်သလို ခိုလှုံနေကြရသည်။
နိုင်ငံတကာအဖွဲ့အစည်းများက နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီ (Cross-border humanitarian assistance) များကို စစ်ဘေးသင့်ဒေသများသို့ ပေးအပ်နိုင်ရန် ထိုင်းအစိုးရက ခွင့်ပြုရန် လိုလားလျက်ရှိသည်။ သို့သော် ထိုင်းအစိုးရသည် မြန်မာစစ်ခေါင်းဆောင်များနှင့် မျက်နှာမပျက် “အိမ်နီးချင်းကောင်း” မူဝါဒကြောင့် နယ်စပ်ဒေသ တောတောင်များထဲ ပုန်းအောင်းရင်း စစ်ဘေးရှောင်နေကြရသော မြန်မာပြည်သူများ အတိဒုက္ခရောက် နေရသည်ကို နိုင်ငံတကာက မကူညီနိုင်ဘဲ ဖြစ်နေပါသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံဖက်ခြမ်းက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထိန်းချုပ်ရာ နယ်မြေများအတွင်းရှိ အိုးအိမ်စွန့်ခွာထွက် ပြေးကြရသော ပြည်တွင်းဒုက္ခသည်များ (IDPs) ကို လူသားချင်းစာနာမှု အကူအညီများ တိုက်ရိုက်ပေးအပ်နိုင်ရန် ၎င်း၏နယ်စပ်ကို ဖွင့်ပေးပြီး အာဆီယံ၊ နိုင်ငံတကာအစိုးရများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ လူသားဆန်မှုကို ပြသရန် အချိန်တန်နေပြီ ဖြစ်ပါသည်။
သို့မဟုတ်ပါက မြန်မာ့အခြေအနေသည် လူသားကပ်ဆိုးဆိုက်ခြင်း (Human Catastrophe) ဆီ ဦးတည်လျက်ရှိပြီး၊ ထိုင်းမီဒီယာနှင့် ပညာရှင်များက တိုက်တွန်းနေသကဲ့သို့ ထိုင်းအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲကို အလျင်အမြန် မလုပ်ဆောင်ပါက မြန်မာ့လူသားကပ်ဘေး နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမည့် အန္တရာယ်ကို ခံစားရနိုင်ဆုံး အိမ်နီးချင်းနိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်လာပေလိမ့်မည်။ ထိုင်းအစိုးရ ဆုံးဖြတ်ချိန် မနှောင်းသင့်ပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)