စီးပွားရေးဆောင်းပါး

ကိုဗစ်နိုင်တင်း စီးပွားရေးဂယက်အတွက် အစိုးရ၏ လက်ရှိအကူအညီမလုံလောက်ဟု ကျွမ်းကျင်သူများဆို

ကိုဗစ်နိုင်တင်းကပ်ရောဂါကာလစီးပွားရေးထိခိုက်မှုများအတွက် အစိုးရ၏ အခွန်စည်းမျဉ်းများ လျှော့ချခြင်း၊ ဘဏ်တိုးများလျှော့ချခြင်းနှင့် ချေးငွေများထုတ်ပေးခြင်းတို့မှာ မလုံလောက်သေးဘဲ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဦးမော့ရေးအတွက်ပါ ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။

အစိုးရသည် ကိုဗစ်နိုင်တင်းကပ်ရောဂါပိုး မြန်မာနိုင်ငံတွင် စတင်မတွေ့ရှိမီကတည်းက စီးပွားရေးထိခိုက်မှုများအတွက် ကျားကန်သည့်အစီအစဉ်များ ချမှတ်ခဲ့သည်။ ဗဟိုဘဏ်သည် အပ်ငွေအပေါ်အတိုးနှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းများကို သုည ဒသမ ၅ ရာခိုင်နှုန်းစီ မတ် ၁၂ တွင် အသီးသီးလျှော့ချသည်။ နောက် ၁၂ ရက်အကြာတွင် ၁ ရာခိုင်နှုန်းစီ ထပ်မံလျှော့ချခဲ့သည်။

ထို့ပြင် သုံးလတစ်ကြိမ်ပေးဆောင်ရသည့် ဝင်ငွေခွန်နှင့် လစဉ်ဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်းကောင်း၊ ပို့ကုန်လုပ်ငန်းမှ ကြိုတင်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်းကောင်း ယခု ဘဏ္ဍာနှစ်ကုန် (စက်တင်ဘာ ၃၀) အထိ နောက်ဆုတ်ပေးထားသည်ဟု ကိုဗစ်နိုင်တင်းကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကုစားရေးကော်မတီက မတ် ၁၈ တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂ ရာခိုင်နှုန်းခန့်နှေးကွေးသွားနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဧပြီလဆန်းတွင် ထုတ်ပြန်သည်။ လက်ရှိတွင် အဓိကအထိအနားဆုံးဖြစ်နိုင်သည့် ကဏ္ဍများအဖြစ် အထည်ချုပ်ကဲ့သို့သော ကုန်ကြမ်းသွင်း ကုန်ချောယူ လက်ခစား (CMP) လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းဟူ၍ ကဏ္ဍသုံးခုကို အစိုးရကရွေးချယ်ထားသည်။

အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ထားသည့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ဘီလျံ ၅၀ နှင့် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ အစိုးရက ကျပ်ဘီလျံ ၅၀ စီထည့်ဝင်ပြီး စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ဖြင့် ကနဦး မတည်ရန်ပုံငွေထူထောင်ကာ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက်မှ ရွေးချယ်၍ အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ်သက်တမ်းဖြင့် ချေးငွေထုတ်ချေးနေပြီဖြစ်သည်။

သင်္ကြန်ပိတ်ရက်များအပြီးကာလတွင် လုပ်ငန်း ၈၈ ခုအား ကျပ် ၆ ဘီလျံကျော်ထုတ်ချေးရန် ခွင့်ပြုမိန့်ကျပြီး ဖြစ်သည်။ နောက်ထပ်လည်း ချေးငွေထုတ်ပေးရန် တင်ပြလာသည့် လျှောက်လွှာများကို လက်ခံမည်ဟု စီးပွားရေးလုပ်ငန်းများအားကုစားရေးကော်မတီအတွင်းရေးမှူး ဦးအောင်နိုင်ဦးက Myanmar Now ကိုပြောသည်။

ကျပ် ဘီလျံ ၁၀၀ (အမေရိကန်ဒေါ်လာ သန်း ၇၀) သည် ထိခိုက်သွားမည့် စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်မှုမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။ ယင်းပမာဏသည် နိုင်ငံ GDP (စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု တန်ဖိုး) ၏ သုည ဒသမ ၁ ရာခိုင်နှုန်းသာရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ကိုဗစ်နိုင်တင်း မူဝါဒတုံ့ပြန်မှုထုတ်ပြန်ချက်တွင် တွက်ပြထားသည်။

နှိုင်းယှဉ်ခြင်းအားဖြင့် အမေရိကန်တွင် ကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလျံဖြင့် နိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်း၊ အိမ်နီးချင်း ထိုင်းတွင် ဘတ် ၁ ဒသမ ၅ ထရီလျံဖြင့် ၈ ဒသမ ၉ ရာခိုင်နှုန်း၊ စင်ကာပူတွင် ဒေါ်လာ ၆၀ ဘီလျံဖြင့် ၈ ရာခိုင်နှုန်း သုံးစွဲသွားမည်ဟု နိုင်ငံအသီးသီးက ထုတ်ဖော်ပြောကြားထားကြောင်း IMF က ထုတ်ပြန်ထားသည်။

“(မြန်မာကသုံးစွဲမယ့်) ကျပ် ဘီလျံ ၁၀၀ (ဒေါ်လာသန်း ၇၀) ဆိုတာ သာမန်အားဖြင့်ဆိုရင် များတယ်ထင်ရပေမယ့် တစ်နိုင်ငံလုံးစီးပွားရေး GDP အနေနဲ့ ပြန်တွက်ရင် ဘာမှမဟုတ်ဘူး။ ဘီလျံမဟုတ်ဘူး၊ ထရီလျံ အထိ သုံးရမယ့်အနေအထားပါ။ လုံလောက်မှုမရှိသေးပါ ဘူး” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုအများဆုံးတွင်ပါဝင်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတစ်ခုတည်းနှင့်ပင် ကျားကန်ထားနိုင်အတွက် ကျပ်ဘီလျံ ၂၀၀ နီးပါး လိုအပ်မည်ဖြစ်ကြောင်း၊ ကောက်ယူထားသည့် အချက်အလက်များအရ နောက်သုံးလအထိ ခရီးသွားလုပ်ငန်းအနေဖြင့် အလုပ်မရှိနိုင်သည့် အနေအထားဖြစ်ကြောင်း ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

“အိမ်နီးချင်းနိုင်ငံတွေက ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ အားကောင်းတဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့က ပြန်ပြီး ရလာမယ့် (ဈေးကွက်) နည်းနည်းလေးကို ဝိုင်းပြီး … အပြိုင်အဆိုင်ဆွဲဆောင်ကြမယ်။ စျေးတွေ လျှော့ချကြမယ်။ မက်လုံးတွေပေးကြမယ်။ ဒါကို ကျွန်တော်တို့က ပြိုင်ဆိုင်နိုင်ဖို့လိုပါတယ်။ အဲဒီအချိန်မှာ ဈေးကွက်တစ်ခုကို ကျွန်တော်တို့ ရမထားဘူးဆိုရင် နောက်ပိုင်းရေရှည်မှာ ရဖို့ခက်ခဲသွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဟိုတယ်ခရီးသွားကဏ္ဍမှာ လာမည့်ခရီးသွားရာသီပြန်လည်စတင်မည့် စက်တင်ဘာလအထိ လည်ပတ်ရန်အခက်အခဲ များ ရှိနေမည်ဖြစ်သည့်အတွက် ချေးငွေသက်တမ်းကာလသတ်မှတ်ချက် တစ်နှစ်မှာ တိုတောင်းလွန်းသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းကလည်း သုံးသပ်သည်။

ပုံမှန်အားဖြင့် ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားနေတတ်သည့် ရွှေတိဂုံစေတီတော်ရင်ပြင်တွင် မတ် ၂၅ က ကိုဗစ်နိုင်တင်းကာကွယ်ရေးအတွက် သန့်ရှင်းရေး ပြုလုပ်နေကြပုံ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးကမူ လုပ်ထုံးလုပ်နည်းအဆင့်များ သည့် ချေးငွေထက် ထောက်ပံ့ငွေ (grant) က ပိုမိုအဆင်ပြေနိုင်မည်ဟု ဆိုသည်။

“ချေးငွေဖြစ်တဲ့အတွက်ကြောင့် အဆင့်တွေများနေတယ်။ လူတွေက ချေးပြီးရင်ပြန်ဆပ်ရမှာရှိတယ်။ အစိုးရဌာနက တာဝန်ရှိသူတွေက စိစစ်ရမယ့်တာဝန်ရှိတယ်။ ချေးတဲ့သူရော၊ ငှားတဲ့သူရော အဆင့်ဆင့် လုပ်ရမှာတွေဆိုတော့ လုပ်ထုံးလုပ်နည်းတွေ လည်းများတယ်” ဟု ၎င်းကပြောသည်။

အခြားနိုင်ငံများတွင် စီးပွားရေးဆိုင်ရာ ချေးငွေထက် ထောက်ပံ့ငွေပေးအပ်သည့်အတွက် ပိုမိုလျင်မြန်စွာရောက်ရှိနိုင် သည့် နည်းလမ်းများကို အသုံးပြုနေသည်ဟု ဒေါက်တာဇော်ဦးက ထောက်ပြသည်။

ကိုဗစ်နိုင်တင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်သည့် ကဏ္ဍသုံးခုကိုသာ အစိုးရက အာရုံစိုက်လုပ်ဆောင်နေခြင်းမှာ စီးပွားရေးလျင်မြန်စွာလည်ပတ်နိုင်ရန်အတွက် လုံလောက်မှုမရှိဟု ဒေါက်တာဇော်ဦးက သုံးသပ်သည်။

“ခရီးသွား၊ အသေးစား၊ အလတ်စားစက်မှု ဒါကိုပဲအာရုံစိုက်နေတာက မလုံလောက်ဘူးလို့ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ (ကိုဗစ်နိုင်တင်းက) စီးပွားရေးတစ်ခုလုံးကို သက်ရောက်မှုရှိနိုင်တယ်။ ရှိနိုင်တဲ့အတွက်ကြောင့် … သေသေချာချာလေ့လာဖို့လိုပါတယ်” ဟုထောက်ပြသည်။

အရေးပေါ်တုံ့ပြန်မှုအဖြစ် စီးပွားရေးလုပ်ငန်းများအား အစိုးရကငွေချေးရုံသာမက ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာကိုပါ ချမှတ်ထားရန်လိုသည်ဟု ဒေါက်တာဇော်ဦးက အကြံပြုသည်။

“ချေးငွေချေးတာဖြစ်ဖြစ်၊ ထောက်ပံ့တာဖြစ်ဖြစ် ဘာဆက်လုပ်မယ်ဆိုတာ တခြားနိုင်ငံတွေမှာ မဟာဗျူဟာရှိပါတယ်။ ဒီမှာလည်း ရှိသင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

ချေးငွေရတာကိုကြိုဆိုသူ

ချေးငွေပမာဏနှင့် သက်တမ်းအပေါ် မလုံလောက်ဟု မြင်သည့်လုပ်ငန်းရှင်များ ရှိသော်လည်း ဝမ်းသာနေကြသည့် အလယ်အလတ်လုပ်ငန်းများလည်း ရှိသည်။ လုပ်ခလစာပေးချေရန်ခက်ခဲနေချိန်တွင် ယင်းချေးငွေ သည် ၎င်းတို့ အတွက် အသက်ရှူချောင်စေနိုင်သည်ဟု မန္တလေးအခြေစိုက် အလတ်စား လုပ်ငန်းတစ်ခုဖြစ်သည့် ဦးကာက၊ ဒေါ်စိန် လက်ဖက်လုပ်ငန်း ပိုင်ရှင် ဦးမျိုးသန့်ဆွေက သုံးသပ်သည်။

ယခင်က လက်ဖက်ကို အမေရိကန်နိုင်ငံသို့ တိုက်ရိုက်တင်ပို့သလို ချက်၊ ဩစတြေးလျအပါအဝင် အနောက်နိုင်ငံများသို့ ဝယ်လက်မှတစ်ဆင့် တင်ပို့မှုများရှိခဲ့သော်လည်း မတ်လမှစ၍ တင်ပို့မှုမှာ လုံးဝနီးပါးရပ်ဆိုင်းထားရသည့် အခြေအနေဖြစ်ပြီး ပြည်တွင်းတွင်လည်း လုပ်သားအင်အားအခက်အခဲဖြစ်နေကာ မြို့နယ်များသို့ ပစ္စည်းပို့ချိန်တွင်လည်း အခက်အခဲများရှိနေသည်ဟု ၎င်းက ဆိုသည်။

“လုပ်ငန်းက ရပ်သလောက်ဖြစ်သွားတယ်။ အတူတူဖက်ပြီး ရုန်းကန်လာရတဲ့သူတွေဖြစ်လို့ လုပ်သားအင်အား လည်း မလျှော့ချင်ဘူး ဒီအချိန်မှာ အလုပ်သမားတွေကို လစာပေးဖို့ တော်တော်ရုန်းကန်ရပါတယ်” ဟု ဦးမျိုးသန့်ဆွေက ပြောသည်။

လုပ်သားအင်အား ၂၀၀ ကျော်ဖြင့်လည်ပတ်နေသည့် ဦးကာက၊ ဒေါ်စိန် လက်ဖက်လုပ်ငန်းတွင် လက်ရှိအချိန်ထိ အလုပ်သမားအင်အားလျှော့ချခြင်းမရှိဘဲ လစာအပြည့်အဝပေးထားသည်ဟု ဦးမျိုးသန့်ဆွေက ဆိုသည်။

မတ်နှင့် ဧပြီကာလမှာ လက်ဖက်ရောင်းအားကောင်းသည့် ရာသီချိန်ဖြစ်သော်လည်း ကပ်ရောဂါဂယက်ကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသလို ပြည်တွင်းဖြန့်ချိရေးတွင်လည်း အခက်အခဲများရင်ဆိုင်နေရသည်ဟု ဦးမျိုးသန့်ဆွေက ပြောသည်။

လုပ်ငန်းလည်ပတ်ရန်နှင့် လခပေးရန်အတွက် ချေးငွေကို လျှောက်ထားလိုက်သော်လည်း တာဝန်ရှိသူများဘက်က စိစစ်နေဆဲအဆင့်တွင် သာရှိသေးသည်ဟု ၎င်းက ဧပြီ ၂၂ တွင်ဆိုသည်။

အခြေခံလူတန်းစားများအတွက်အစီအမံများ

ပြီးခဲ့သည့် သင်္ကြန်ကာလပိတ်ရက်အတွင်း ပြည်သူအများကို အိမ်ထဲမှာသာနေကြရန် အစိုးရကတိုက်တွန်းပြီး နောက် ဝင်ငွေနည်းအခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့်ပဲ အခြေခံစားသောက်ကုန် ငါးမျိုးကို ထောက်ပံ့ခဲ့သည်။ ထို့ပြင် လျှပ်စစ်မီတာခကိုလည်း အိမ်သုံးမီတာများအတွက် ပထမယူနစ် ၁၅၀ စာကို ကင်းလွတ်ခွင့်ပြုခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ထောက်ပံ့ခြင်းမှာ ရေတိုအတွက်သာအဆင်ပြေနိုင်ပြီး အခြေခံလူတန်းစားများ ဝင်ငွေ မထိခိုက်ရေးအတွက် ရေရှည်အတွက်ပါ အစီအမံထည့်သွင်းရမည်ဟု ဒေါက်တာဇော်ဦးက ပြောသည်။

စားနပ်ရိက္ခာဖူလုံစေရန် ဖန်တီးပေးခြင်း၊ အခြေခံစားသောက်ကုန်များကို သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးတို့အတွက် အာရုံစိုက်လုပ်ဆောင်သင့် သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြသည်။

ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်း တင်ပို့ရန် မျှော်မှန်းထားပြီး တစ်သန်းကျော် တင်ပို့ထားပြီးဖြစ်သော် လည်းလက်ရှိအချိန်တွင် သိန်းဂဏန်းဝန်းကျင်သာ ပို့ဆောင်သင့်သည်ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက အကြံပြုသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မည့်သူများအနေဖြင့် တင်ပို့မည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ရောင်းချပေးရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ဧပြီ ၇ တွင် ထုတ်ပြန်ခဲ့သည်။

ဒေါက်တာအောင်ကိုကိုကမူ ကပ်ရောဂါကြောင့်စီးပွားရေးမထိခိုက်စေရန်အတွက် အလုပ်အကိုင်အသစ်များ ဖန်တီးပေးရန် လိုသည်ဟု ပြောသည်။

“အလုပ်အကိုင်သစ်တွေဖန်တီးပေးဖို့ဆိုရင် ရင်းနှီးမြှုပ်နှံမှုအသစ်တွေလိုတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှုဥပဒေအရ သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ် စသဖြင့် မက်လုံးပေးထားတာတွေရှိတယ်။ အဲဒါတွေကို ပြန်ပြီး သုံးသပ်ဖို့လိုရင် လိုပါလိမ့်မယ်” ဟု ၎င်းကထောက်ပြသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ကိုဗစ်နိုင်တင်းကြောင့် အလုပ်အကိုင်ရရှိရေးအတွက် အလုပ်သမားအခြေပြုလုပ်ငန်းများကို စိစစ်ခွင့်ပြုနေပြီး ဧပြီလဆန်းပိုင်းတွင် စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ အခြား ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ် ၁၁ ခုကို ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၂၀၀ ကျော် ကို ဖန်တီးပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံတကာချေးငွေတွေဘယ်လိုလဲ

ကပ်ရောဂါကြောင့် မြန်မာအပါအဝင် အာရှနှင့်ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ စီးပွားရေးကို ကျားကန်ပေးရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ အထိ ပံ့ပိုးပေးမည်ဟု ဘဏ်ဥက္ကဋ္ဌ Masa Asakawa က ဧပြီဒုတိယပတ်အတွင်း ကြေညာခဲ့သည်။

ယင်းသည် ဘဏ်က မူလကနဦးကြေညာခဲ့သည့် ဒေါ်လာ ၆ ဒသမ ၅ သန်းကို သုံးဆခန့် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ အာရှနှင့်ပစိဖိတ်ဒေသအတွက်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအတွက် အကူအညီမည်မျှရမည်ကိုတော့ ဘဏ်က မကြေညာသေးပါ။

တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်ကမူ မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးမည်ဟု ကြေညာ ထားသည်။ ကိုဗစ်နိုင်တင်းရောဂါ တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် “အရေးပေါ်ရန်ပုံငွေ” အဖြစ် ရည်ရွယ်သည်ဟု ၎င်းဘဏ်က ဧပြီ ၂၀ တွင်ကြေညာသည်။ ယင်းချေးငွေကို နောက်လတွင်ခေါ်ယူမည်ဟု ယူဆရသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုချက်ယူရမည်ဖြစ်သည်။

“(ဒီချေးငွေတွေနဲ့) mask တွေ၊ ပစ္စည်းတွေ၊ စက်တွေဝယ်ရမယ်။ reagent (ဓာတ်စမ်းပစ္စည်း) တွေဝယ်ရမယ်။ အဲ့ဒါတွေလုပ်နေသရွေ့ကတော့ ဒါကလိုအပ်ချက်ရှိမှာပဲ။ ဒီလိုအပ်ချက်တွေကိုဖြည့်ဖို့အတွက် ပိုက်ဆံရှိရင်တော့ အဲ့ဒီပိုက်ဆံနဲ့လုပ်ရင်တော့ ပိုအဆင်ပြေတာပေါ့” ဟု ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းကဆိုသည်။

Show More

Related Articles

Back to top button