သတင်း

ကယားဝန်ကြီးချုပ်နှင့် ဝန်ကြီးကို ဝေဖန်သည့် ကရင်နီလူငယ်များအား ထောင်(၆)လချ

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူသည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များကိုရာဇဝတ်ကောင်သစ္စာဖောက်စသည်ဖြင့် ပြောဆိုဝေဖန်ခဲ့သည့် ကရင်နီလူငယ်ခြောက်ဦးကို ထောင်ဒဏ်ခြောက်လစီ ကျခံစေရန် လွိုင်ကော်မြို့နယ်တရားရုံးက ယနေ့ အမိန့်ချမှတ်ခဲ့သည်။

တက်ကြွလှုပ်ရှားသူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည့်ကြားမှ ပြည်နယ်မြို့တော်၌ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့သည့်အပေါ် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်နှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကို ဦးတည်ကာ ကရင်နီလူငယ်ခြောက်ဦးက မတ်လအတွင်းက လက်မှတ်ရေးထိုး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် အထက်ပါပုဂ္ဂိုလ်များအားနိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် သတ်မှတ်ကြောင်းကရင်နီလူငယ်များက မတ်လအတွင်းက လက်မှတ်ရေးထိုးကြေညာခဲ့သည့်အတွက် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ) ပုဒ်မဖြင့် ပြည်နယ်အစိုးရအရာရှိတစ်ဦးက တရားစွဲခဲ့ခြင်းဖြစ်သည်။

ကရင်နီလူငယ်များဖြစ်သည့် ခူကြူးဖဲကေး()ဂူးဂူး၊ ဂျွန်ပေါ()ပျားလေး၊ မျိုးလှိုင်ဝင်း()ပါစကွားလယ်၊ ခွန်သောမတ်စ်၊ ဒီးဒီ()စစ်မုန်း၊ ခူးရီဒူး()ခူးရီးရယ် တို့သည် ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ရမည်ဖြစ်သောကြောင့် နှစ်ပတ်မှ တစ်လခန့်အတွင်း ထောင်မှ ပြန်လွတ်လာမည်ဖြစ်သည်။ ၄င်းတို့သည် စတင်ဖမ်းဆီးခံခဲ့ရချိန်များတွင် အာမခံလျှောက်ထားသော်လည်း မရခဲ့သဖြင့် အချုပ်မှ ငါးလခန့်ကြာ တရားရင်ဆိုင်ခဲ့ရသည်။

နိုင်ငံသားအခွင့်အရေးအရ မည်သူမဆို လွတ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်ရှိသော်လည်း အခြားသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန် လိုအပ်ကြောင်း၊ ကရင်နီလူငယ်ခြောက်ဦး၏အမှုတွင် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေရုံသာမကဘဲ ၎င်းတို့အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေခြင်းကြောင့် နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမိန့်ချမှတ်ရခြင်းဖြစ်ကြောင်း မြို့နယ်တရားသူကြီး ဒေါ်အေမီဝင်းက တရားခွင်တွင် ပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဥပဒေအရဆိုပါက နိုင်ငံသားတစ်ဦးကိုယ်တိုင်ကသာ တရားစွဲဆိုရမည်ဖြစ်ပြီး ပြည်နယ်အစိုးရကိုယ်စား တရားစွဲဆိုခဲ့ခြင်းဖြစ်သည့်အတွက် တရားစွဲဆိုခြင်းမှာ မသင့်တော်ဟု ယူဆကြောင်း ကရင်နီလူငယ် ဦး၏ ရှေ့နေ စောခူးတလေက ပြောသည်။

ဒီအမှုမှာက နိုင်ငံသားတစ်ယောက်ချင်းအနေနဲ့ လာစွဲတာ မဟုတ်ဘဲနဲ့ ပြည်နယ်အစိုးရ၊ အစိုးရအဖွဲ့အစည်း အာဏာရှိတဲ့လူက နေပြီးတော့မှ သူ့ရဲ့လက်အောက် ဒုဦးစီးကို တရားစွဲခိုင်းတယ်ဆိုတော့ ဒါက မသင့်တော်ဘူး၊ စွဲလို့မရဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်ဟု တရားရုံးချိန်းအပြီးတွင် သတင်းမီဒီယာများအား ပြောသည်။

ဖမ်းဆီးခံရသည့် ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခူကြူးဖဲကေး()ဂူးဂူးက တရားရုံးစစ်ဆေးရာတွင် တရားလိုပြသက်သေများကို အသားပေးစစ်ဆေးသွားကြောင်း၊ ထိုအချက်မှာ တရားရေးမဏ္ဍိုင်မှာ ယိုယွင်းနေပြီး တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်နေသည်မှာ ထင်ရှားကြောင်း တရားခွင်မှအထွက်တွင် ပြောသည်။

အမျိုးသားတန်းတူရေးလို့ ကြွေးကြော်ပြီးတော့ တိုင်းရင်းသားတွေကို ဖိနှိပ်နေတာ၊ နိုင်ငံရေးရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်ဆိုတော့ ဒီကနေ့ မျက်ဝါးထင်ထင် တွေ့မြင်ရပြီး ဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

ကရင်နီလူငယ်ခြောက်ဦး အမိန့်ချမှတ်မည့်အချိန်တွင် ကရင်နီလူငယ်အဖွဲ့အစည်းများ၊ ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ တောင်သူလယ်သမားအဖွဲ့အစည်းများက လာရောက်ဝန်းရံခဲ့ပြီး လုံခြုံရေးများလည်း တင်းကျပ်စွာ ချထားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အဆိုပါကရင်နီလူငယ်များအကြား လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရေး၊ မထားရေးအတွက် လွန်ခဲ့သည့်နှစ်များကတည်းက အငြင်းပွားကာ ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်သည်။

ကြေးရုပ်ထားလိုသူများဘက်က လွတ်လပ်ရေးခေါင်းဆောင်၏ ရုပ်တုသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် စိုက်ထူရန်လိုအပ်ကြောင်း အကြောင်းပြခဲ့ပြီး၊ ကန့်ကွက်သူများကမူ ကြေးရုပ်ထက် ဗိုလ်ချုပ်၏ တိုင်းရင်းသားများအပေါ်ထားသည့် ကတိကဝတ်က ပိုမိုအရေးကြီးကြောင်း ဆိုခဲ့ကြသည်။

ကန့်ကွက်နေမှုများကို လျစ်လျူရှုပြီး ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား နုတ်ထွက်ပေးရန် ရာနှင့်ချီသော ဆန္ဒပြသူများက ယခုနှစ် ဖေဖော်ဝါရီလအတွင်းက လွိုင်ကော်မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ပြီး ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

Show More

Related Articles

Back to top button