ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း စွပ်စွဲပြစ်တင်ခံရမှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ (အောက်တိုဘာ ၆) တွင် စတင်ကြားနာခဲ့ရာ ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုသည် အခြေခံဥပဒေခုံရုံးသို့ တင်သွင်းခွင့် မရှိကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက လျှောက်ထားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုသည် ပြည်နယ်လွှတ်တော်၌ အစည်းအဝေးတက်ရောက်ရန် ဩဂုတ် ၃၁ တွင် လက်မှတ်ရေးထိုးထားသောကြောင့် ယင်းနေ့တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတထံ ဝန်ခံလက်မှတ်ရေးထိုးပြီး ခုံရုံးတင်သွင်းလွှာ ပို့ခဲ့သည်ဆိုသည်မှာ နောက်ကြောင်းပြန် လက်မှတ်ထိုးထားခြင်းသာ ဖြစ်သည်ဟု ခုံရုံးကြားနာမှုအပြီးတွင် ဦးလှထွေးက ပြောသည်။
“အစိုးရရုံးကို စုံစမ်းကြည့်တဲ့နေရာမှာလည်း အဲဒီနေ့က (လွိုင်ကော်မှာ) ရှိတယ်။ (စက်တင်ဘာ) ၁ ရက်နေ့မှာ (ပြည်နယ်လွှတ်တော်မှာ) မိန့်ခွန်းပြောဖို့ ပြင်ဆင်နေတယ်လို့ သိရတယ်” ဟု ဦးလှထွေးက e-court စနစ်ဖြင့် ကြားနာမှုအပြီး လွိုင်ကော်မြို့၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
အယ်လ်ဖောင်းရှိုသည် ခုံရုံးတင်သွင်းလွှာကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဩဂုတ် ၃၁ တွင် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည့်အတွက် ခုံရုံးသို့ တင်သွင်းခွင့်ရှိသူဖြစ်ကြောင်း အယ်လ်ဖောင်းရှို၏ အကျိုးဆောင်ရှေ့နေ ဒေါ်မင်းမင်းစိုးက ကြားနာမှုတွင် ချေပလျှောက်လဲခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အယ်လ်ဖောင်းရှိုကို စက်တင်ဘာ ၃ တွင် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခဲ့သည်။
အခြေခံဥပဒေ ပုဒ်မ ၃၂၅ အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသူ ခြောက်ဦးသာရှိပြီး သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ဖြစ်သည်။
တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်သူ သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၁၀ ရာခိုင်နှုန်းရှိသော ကိုယ်စားလှယ်များမှာမူ ‘သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ’ သာ တင်သွင်းခွင့်ရှိသည်ဟု အခြေခံဥပဒေ ပုဒ်မ ၃၂၆ တွင် ပြဋ္ဌာန်းထားသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံခဲ့ရခြင်းမှာ ပြီးဆုံးခဲ့သည့်ကိစ္စဖြစ်သော်လည်း နောင်အခါတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍကြား အပြန်ထိန်းကျောင်းရာတွင် ဥပဒေနှင့်ညီစေရန် အခြေခံဥပဒေခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုပေးသင့်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူမာဝေက ခုံရုံးသို့ တင်ပြခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုသည် ခုံရုံးသို့ တင်သွင်းခွင့်ရှိသူ ဟုတ်မဟုတ်၊ စွပ်စွဲပြစ်တင်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ငါးဦးအနက် တစ်ဦးနုတ်ထွက်ထားသဖြင့် စွပ်စွဲပြစ်တင်မှု မြောက်မမြောက်နှင့် စွပ်စွဲပြစ်တင်သူ သုံးဦးကို လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ထည့်သွင်းထားခြင်းမှာ ဥပဒေနှင့် ညီမညီ စသည့် အချက်သုံးချက်အပေါ် အပြန်အလှန်လျှောက်လဲချက်များ ပေးခဲ့ကြသည်။
စွပ်စွဲပြစ်တင်သူတစ်ဦး နုတ်ထွက်ပြီးနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦးတည်း၏ သဘောထားဖြင့် ဖွဲ့စည်းခြင်းမဟုတ်ဘဲ လွှတ်တော်တွင် ထပ်မံအဆိုတင်သွင်းပြီးမှသာ ဆောင်ရွက်ရန် ဥပဒေတွင် ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်သည်ဟုလည်း အယ်လ်ဖောင်းရှို၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
“ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံမှသာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်လာပါတယ်ရှင့်” ဟု ၎င်းက ခုံရုံးကြားနာမှုအတွင်း မေးမြန်းလျှောက်ထားခဲ့သည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်သူသုံးဦး ပါဝင်နေခြင်းသည် တရားမျှတမှုနှင့် ကင်းလွတ်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စွပ်စွဲသူများမှအပ အခြားသင့်လျော်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက် လိုအပ်လာသည်ဟုလည်း ၎င်းက လျှောက်ထားခဲ့သည်။
စွပ်စွဲပြစ်တင်မည့် ကိုယ်စားလှယ်များအနေဖြင့် နုတ်ထွက်လိုက နုတ်ထွက်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်မရှိဟု ဦးလှထွေးက ပြန်လည်ချေပသည်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ဆုံးဖြတ်လို့မရဘူး။ တွေ့ရှိချက်ပဲ ကျွန်တော်တို့ကို တင်ရမှာ။ ၂၆၃ (င) (၁) အရ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမယ်။ အားလုံးက ဆုံးဖြတ်ပြီးမှ လုပ်ရတဲ့ကိစ္စပါ” ဟု ဦးလှထွေးက ပြောသည်။
ကယားပြည်နယ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂၀ သာရှိပြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများပါဝင်နေပြီး တာဝန်ကိုယ်စီရှိနေကြောင်း၊ အကယ်၍ စွပ်စွဲပြစ်တင်သူ ၁၀ ဦးရှိခဲ့ပါက စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်သူများကို မဖြစ်မနေထည့်သွင်းရမည့် သဘောရှိသည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ဆိုသည်။
ထို့ပြင် စွပ်စွဲပြစ်တင်ပြီးမှ နုတ်ထွက်သွားသည့် ဦးသိန်းအောင်(ခ)ဦးစဲရယ်ကို စွပ်စွဲပြစ်တင်မှုတွင် ပါဝင်ရန် ဖိအားပေးလက်မှတ်ရေးထိုးစေခြင်း မရှိခဲ့ကြောင်း၊ ၎င်း၏ လုပ်ဆောင်ချက်သည် လွှတ်တော်ပုံရိပ်ကို ထိခိုက်စေသည့်အတွက် ဦးသိန်းအောင်ကို ပုဒ်မသုံးခုဖြင့် တရားစွဲဆိုသွားမည်ဆိုသော်လည်း မည်သည့်ပုဒ်မများဖြင့် တရားစွဲဆိုမည်ကိုမူ ထုတ်ဖော်ပြောရန် ဦးလှထွေးက ငြင်းဆိုသည်။
ခုံရုံးကြားနာမှုအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ရုံးတော်သဟာယအဖြစ် ဆောင်ရွက်ကာ ဦးအယ်လ်ဖောင်းရှိုဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက လျှောက်ထားခဲ့ပြီး ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကိုယ်တိုင်လျှောက်ထားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းခဲ့သည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ၂၀၁၁ ခုနှစ်မှစ၍ ယနေ့အထိ အခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ၁၄ ခု ချမှတ်ခဲ့ပြီးဖြစ်သည်။
သို့သော် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး စွပ်စွဲပြစ်တင်၊ ဖြုတ်ချခံရမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဆုံးအဖြတ်ခံယူရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။