သတင်း

အယ်လ်ဖောင်းရှိုနှင့် ပြည်နယ်လွှတ်တော်အငြင်းပွားမှု ခုံရုံး အပြီးသတ်အမိန့်ချ

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း စွပ်စွဲပြစ်တင်ခံရမှုနှင့် ပတ်သက်၍ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဝန်ကြီးချုပ်ဟောင်း လျှောက်ထားတင်သွင်းသည့်အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့တွင် အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးလိုက်သည်။

ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ဖြုတ်ချခဲ့သည့် ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုသည် ခုံရုံးသို့ တင်သွင်းခွင့်ရှိသူ ဟုတ်မဟုတ်၊ စွပ်စွဲပြစ်တင်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးအနက် တစ်ဦးနုတ်ထွက်ထားသဖြင့် စွပ်စွဲပြစ်တင်မှု မြောက်မမြောက်နှင့် စွပ်စွဲပြစ်တင်သူသုံးဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ထည့်သွင်းထားခြင်းသည် ဥပဒေနှင့် ညီမညီ စသည့်အချက်သုံးချက်နှင့် ပတ်သက်၍ နှစ်ဖက်ကြားနာပြီးနောက် ခုံရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

“ဦးအယ်လ်ဖောင်းရှိုသည် တာဝန်မှ ရပ်စဲခြင်းမခံရမီ တာဝန်ထမ်းဆောင်ဆဲကာလအတွင်း ၃၁.၈.၂၀၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံမှတစ်ဆင့် တင်သွင်းခဲ့ခြင်း ဖြစ်သဖြင့် ၎င်းသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသူဖြစ်ကြောင်း ဖြေဆိုလိုက်သည်” ဟု ပထမအချက်နှင့်ပတ်သက်၍ ခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချိုက အမိန့်ချမှတ်ခဲ့သည်။

စွပ်စွဲပြစ်တင်သူတစ်ဦး နုတ်ထွက်ထားသဖြင့် စွပ်စွဲပြစ်တင်မှု မြောက်မမြောက်နှင့် ပတ်သက်၍ အငြင်းပွားမှုရှိခဲ့ရာ ဝန်ကြီးချုပ်တစ်ဦးအပေါ် စွပ်စွဲပြစ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ) ကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန် အယ်လ်ဖောင်းရှို၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက အောက်တိုဘာ ၆ ကြားနာမှုတွင်  လျှောက်ထားခဲ့သည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့ကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦးတည်း၏ သဘောထားဖြင့် ဖွဲ့စည်းခြင်းမဟုတ်ဘဲ လွှတ်တော်တွင် အဆိုတစ်ရပ်ထပ်မံတင်သွင်း၍ ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံမှသာ စစ်ဆေးမှု ဆက်လက်ဆောင်ရွက်ရမည်ဟု အဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်ကြောင်း ဒေါ်မင်းမင်းစိုးက လျှောက်ထားခဲ့သည်။ 

အခြေခံဥပဒေပုဒ်မ ၂၆၃ (ခ) တွင် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးကာ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရန်ဖော်ပြထားပြီး လွှတ်တော်သို့ အဆိုတင်သွင်းရန် မလိုအပ်ပေ။ 

ယနေ့ကြားနာမှုတွင် အဆိုပါ ပုဒ်မ ၂၆၃ ပုဒ်မခွဲ (ခ) ကို  ခုံရုံးက အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရာတွင် စွပ်စွဲချက်ကို တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အဆိုတစ်ရပ်အနေဖြင့် တင်ပြရမည်ဟု အမိန့်ချမှတ်ခဲ့သည်။ 

ကိုယ်စားလှယ်တစ်ဦး နုတ်ထွက်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်ဖြစ်သောကြောင့် ခုံရုံးက ဆုံးဖြတ်ပိုင်ခွင့်မရှိသော်လည်း နောင်တွင်ပေါ်ပေါက်လာမည့် ပြဿနာများဖြေရှင်းနိုင်ရန်အတွက် အနက်အဓိပ္ပာယ်ဖွင့်ဆိုခွင့်ရှိကြောင်း ခုံရုံးက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်သူသုံးဦး ပါဝင်နေသည့်အတွက် အငြင်းပွားမှုနှင့် ပတ်သက်၍ အခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စွပ်စွဲသူများမှအပ အခြားသင့်လျော်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက် လိုအပ်သည်ဟုလည်း အယ်ဖောင်းရှို၏ရှေ့နေက တင်ပြထားသည်။ 

ယခင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) တွင် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရမည်ဟုသာ ပြဋ္ဌာန်းထားပြီး စွပ်စွဲပြစ်တင်သည့်ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းခွင့် ရှိမရှိ တိကျစွာ ပြဋ္ဌာန်းမထားပေ။  

ယနေ့ကြားနာမှုတွင် ခုံရုံးက ပုဒ်မ ၂၆၃ (ဂ) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို “သင့်လျော်သော” လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်ဟု ခုံရုံးက အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးလိုက်သည်။ 

အယ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သူ ဦးသဲရယ်၊ ဦးခင်မောင်ထွန်းနှင့် ဦးစိုးရယ်တို့ကို လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ထည့်သွင်းခဲ့ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌ၏ ဆောင်ရွက်ချက်များဖြစ်သဖြင့် ခုံရုံးက စိစစ်ပိုင်ခွင့်မရှိကြောင်း၊ သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရာတွင် စည်းကမ်းသတ်မှတ်ချက်များ လိုအပ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်ကြောင်း ခုံရုံးက အမိန့်ချမှတ်ခဲ့သည်။ 

သို့သော် “သင့်လျော်သော ကိုယ်စားလှယ်များ” ဆိုသည့် စကားရပ်အပေါ် တိကျစွာဖော်ညွှန်းချက် မပါဝင်ပေ။

အထက်ပါအကြောင်းကိစ္စ သုံးရပ်နှင့် စပ်လျဉ်း၍ ခုံရုံးက ယနေ့ချမှတ်သည့်အမိန့်တွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ဆောင်ချက်များ အခြေခံဥပဒေနှင့် ညီမညီကို ဆုံးဖြတ်ခြင်းမဟုတ်ဘဲ အခြေခံဥပဒေပုဒ်မနှစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန် အယ်လ်ဖောင်းရှို၏ တင်သွင်းလွှာအပေါ်တွင်သာ ခုံရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သော်လည်း လုပ်ထုံးလုပ်နည်းပိုင်းတွင် အနည်းငယ်မေးခွန်းထုတ်စရာရှိခဲ့ကြောင်း၊ လွှတ်တော်နှင့် အယ်ဖောင်းရှိုတို့ အငြင်းပွားမှုသည် ဂုဏ်သိက္ခာပိုင်းနှင့် သက်ဆိုင်သည့် အမှုအခင်းဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူ The Fifth Pillar ၏ လုပ်ငန်းအစီအစဉ်ဒါရိုက်တာ ရှေ့နေဦးနေဝင်းနိုင်က Myanmar Now ကို ပြောသည်။  

“ဒီဆုံးဖြတ်ချက်တွေကလည်း နဂိုဥပဒေပြုအာဏာပိုင်ဖြစ်တဲ့ ကယားပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားတဲ့အပေါ်မှာ ပြောင်းလဲသွားမှာမျိုးကတော့ အများကြီးမရှိဘူး။ သို့ပေမဲ့လို့ ဂုဏ်သိက္ခာအရ ပြောမယ်ဆိုရင် ဒီလိုမျိုး စွပ်စွဲပြစ်တင်ခံရတဲ့ လူတစ်ယောက်မှာလည်း ဥပဒေနှင့်ညီညွတ်ခြင်းရှိခဲ့သလား မရှိခဲ့ဘူးလား အဲဒါမျိုးတွေ ရှိလားမရှိဘူးလားဆိုတဲ့ ကိစ္စတွေကတော့ နိုင်ငံရေးသမိုင်းဖြစ်သွားတာပေါ့” ဦးနေဝင်းနိုင်က ပြောသည်။

ဥပဒေစကားရပ်များကို ခုံရုံးတွင် ယခုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုလိုက်ခြင်းအားဖြင့် နောင်တွင် အငြင်းပွားစရာကိစ္စများ ပေါ်ပေါက်လာပါက ပြန်လည်ကိုးကားအသုံးပြုနိုင်ပြီး လွှတ်တော်များတွင် ဥပဒေပြင်သည့်အခါ မဖြစ်မနေထည့်သွင်းရန် လိုအပ်သည်ဟု ဦးနေဝင်းနိုင်က ဆိုသည်။ 

“ကျွန်တော်တို့နိုင်ငံအတွက် ပြောမယ်ဆိုရင်တော့ Case Study အသစ်လို့ပဲ ပြောရမှာပေါ့။ ဒါမျိုးတွေက တစ်ခါမှမဖြစ်ခဲ့ဘူးလေ။ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ်လွှတ်တော်ရဲ့ ဒီလိုအငြင်းပွားမှုတွေကို ကြားရတာကတော့ ကျွန်တော်တို့နိုင်ငံတော်မှာရှိတဲ့ ယန္တရားတွေက အသက်ဝင်လာတယ်လို့ ပြောရမှာပေါ့” ဟု ၎င်းကပြောသည်။

ပြည်နယ်ရန်ပုံငွေ အလွဲသုံးစားမှုနှင့် လွှတ်တော်တွင် အဆိုအောင်မြင်ထားသည့် ကတိကဝတ်များ ပျက်ကွက်သဖြင့် ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို ပြီးခဲ့သည့် ဩဂုတ် ၁၃ တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဖွဲ့စည်းပုံအခြေခံဥပဒ ပုဒ်မ ၂၆၃ အရ စွပ်စွဲပြစ်တင်ခဲ့ပြီး နောက်တစ်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ 

ထို့နောက် စွပ်စွဲပြစ်တင်ရာတွင်ပါဝင်သည့် ဦးသိန်းအောင်(ခ)စဲရယ်က စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းတွင် မပါဝင်လိုတော့သဖြင့် ပြန်လည်နုတ်ထွက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌထံ ဩဂုတ် ၂၀ တွင် တင်ပြခဲ့သည်။  

ဩဂုတ် ၃၁ တွင် ကျင်းပသော ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်မှုအောင်မြင်ပြီး စက်တင်ဘာ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်စဲခဲ့သည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ၂၀၁၁ မှ ယနေ့အထိ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ၁၄ ခု ချမှတ်ခဲ့ပြီးဖြစ်သော်လည်း ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး စွပ်စွဲပြစ်တင်၊ ဖြုတ်ချခံရမှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ခံယူရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

Show More

Related Articles

Back to top button