သတင်း

ဦးအယ်လ်ဖောင်းရှိုစွပ်စွဲပြစ်တင်ခံရမှု အခြေခံဥပဒေဆိုင်ရာခုံရုံး စစ်ဆေးမည်

ကယားဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့မှု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လာမည့်အောက်တိုဘာ ၆ ရက်တွင် စတင်ကြားနာမည်ဖြစ်သည်။ 

အခြေခံဥပဒေပြဋ္ဌာန်းချက်များ ဖောက်ဖျက်မှုဖြင့် စွပ်စွဲပြစ်တင်ခံရပြီးနောက် ရာထူးမှဖယ်ရှားခံရသည့် အယ်လ်ဖောင်းရှိုက ကယားပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များကို စိစစ်ပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို လျှောက်ထားခဲ့ရာ ခုံရုံးက လက်ခံလိုက်ပြီးနောက် e-court စနစ်ဖြင့် ကြားနာမည်ဖြစ်ကြောင်း ခုံရုံးက ယနေ့ (အောက်တိုဘာ ၁) တွင် ကြေညာထားသည်။ 

အယ်လ်ဖောင်းရှို၏ လျှောက်ထားချက်များအပေါ် အကြောင်း ၃ ရပ်ခွဲခြားကာ ကြားနာမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအမိန့်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်မှ ရပ်စဲထားပြီးဖြစ်သည့် အယ်လ်ဖောင်းရှိုအနေဖြင့် ယခုကဲ့သို့ ခုံရုံးတင်သွင်းခွင့် ရှိမရှိကို ပထမဆုံးကြားနာမည်ဖြစ်သည်။ 

ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ရာတွင် ပါဝင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ငါးဦးအနက် တစ်ဦး ပြန်လည်နုတ်ထွက်ခဲ့သော်လည်း ပြည်နယ်လွှတ်တော်က ဆက်လက်စုံစမ်းစစ်ဆေးခဲ့ခြင်းသည် အခြေခံဥပဒေပုဒ်မ ၂၆၃(ခ) နှင့် ညီမညီ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ဆက်လက်ကြားနာမည်ဖြစ်သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ အရ စွပ်စွဲပြစ်တင်ရာတွင် သက်ဆိုင်ရာလွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတစ်ပုံ အနည်းဆုံးပါဝင်ရမည်ဖြစ်ပြီး ကယားပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ၂၀ ဦးရှိသည်။

အလားတူပင် အယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးသည့်အဖွဲ့တွင် စွပ်စွဲပြစ်တင်မှုတွင် ပါဝင်သူ ကိုယ်စားလှယ်သုံးဦးပါဝင်ထည့်သွင်းခဲ့ခြင်းနှင့် ပတ်သက်၍လည်း အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ဂ)ဖြင့် အနက် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်၊ မလိုအပ် ကြားနာမည်ဟု ခုံရုံး၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ကြားနာမှုအတွင်း ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး လိုက်ပါဆောင်ရွက်ရန် ရှိသော်လည်း ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကမူ ကြားနာမှုအတွက် ကိုယ်တိုင်ပါဝင်ရန် စာရင်းပေးထားသည်ကို တွေ့ရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ 

ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုကို ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်တွင်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးက စွပ်စွဲပြစ်တင်ခဲ့ပြီး နောက်တစ်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ 

ထို့နောက် စွပ်စွဲပြစ်တင်ရာတွင်ပါဝင်သည့် ဦးသိန်းအောင်(ခ)စဲရယ်က စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းတွင် မပါဝင်လိုတော့သဖြင့် ပြန်လည်နုတ်ထွက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌထံ ဩဂုတ် ၂၀ တွင် တင်ပြခဲ့သည်။  

“ဒီမှာက လေးပုံတစ်ပုံတင်လာရင်ပဲ ဖွဲ့စည်းရမှာ၊ လေးပုံတစ်ပုံ တင်တင်ချင်းကိုပဲ ကျွန်တော်တို့က အဖွဲ့ဖွဲ့ပေးလိုက်တယ်။ ဖွဲ့ပြီးမှနုတ်ထွက်တယ်ဆိုတာက ဥပဒေပြဋ္ဌာန်းထားတာ မရှိဘူး” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက စက်တင်ဘာ ၃ တွင် Myanmar Now ကို ပြောခဲ့သည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုင်းရင်းသားပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ NLD နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် မျှမျှတတဖွဲ့စည်းပေးခဲ့ခြင်းသာဖြစ်ပြီး စွပ်စွဲပြစ်တင်သူများကို ရည်ရွယ်ချက်ဖြင့်ထည့်သွင်းခဲ့ခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။ 

“ဒီ(ဖွဲ့စည်းပုံအခြေခံ)ဥပဒေမှာ ပြဋ္ဌာန်းထားတာက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရမယ်၊  ဖွဲ့ရမယ်ဆိုတဲ့နေရာမှာ မည်သူနဲ့ဖွဲ့ရမယ်ဆိုတာ မပါဘူး။ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ရမယ်ဆိုတာပဲ ပါတယ်” ဟုလည်း ဦးလှထွေးက ပြောသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်သူများပါဝင်နေခြင်းနှင့် မမျှတသည့် ရလဒ်များ ထွက်ပေါ်လာခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်များကြောင့်ဖြစ်ကြောင်း ရာထူးမှ ရပ်စဲမခံရမီ Myanmar Now နှင့် သီးသန့်တွေ့ဆုံစဉ် အယ်လ်ဖောင်းရှိုက ပြောခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း အယ်လ်ဖောင်းရှိုက ရာထူးမှရပ်စဲခံရသည့် စက်တင်ဘာ ၃ ရက်၌ပင် နိုင်ငံတော်သမ္မတရုံးမှတစ်ဆင့် အခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်သွင်းခဲ့သည်။ 

အယ်လ်ဖောင်းရှိုသည် ရာထူးမှရပ်စဲမခံရမီ ခုံရုံး၌ အဓိပ္ပာယ်ဖွင့်ဆိုလိုသည့်ကိစ္စကို နိုင်ငံတော်သမ္မတထံ တောင်းဆိုထားကြောင်း စက်တင်ဘာ ၄ ရက်က ပြုလုပ်သည့် သမ္မတအိမ်တော်ရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၅ အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသူ ခြောက်ဦးသာရှိပြီး သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ဖြစ်သည်။ 

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်သူ သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၁၀ ရာခိုင်နှုန်းရှိသော ကိုယ်စားလှယ်များမှာမူ ‘သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ’ သာ တင်သွင်းခွင့်ရှိသည်ဟု အခြေခံဥပဒေ ပုဒ်မ ၃၂၆ တွင် ပြဋ္ဌာန်းထားသည်။

အခြေခံဥပဒေအရ ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းခဲ့သည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ၂၀၁၁ ခုနှစ်မှစ၍ ယနေ့အထိ အခြေခံဥပဒေဆိုင်ရာအငြင်းပွားမှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ၁၄ ခု ချမှတ်ခဲ့ပြီးဖြစ်သည်။

သို့သော် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး စွပ်စွဲပြစ်တင်၊ ဖြုတ်ချခံရမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဆုံးအဖြတ်ခံယူရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

Show More

Related Articles

Back to top button