သတင်း

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှရပ်စဲ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှရပ်စဲလိုက်ကြောင်း သမ္မတရုံးက ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ အကြောင်းကြားခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ နိုင်ငံတော်သမ္မတက ပေးပို့သည့် အကြောင်းကြားစာတွင် ရေးသားထားသည်။

“အခုပဲ ၃ နာရီထိုးခါနီး သမ္မတရုံးက ဖက်စ်နဲ့ ဝင်လာတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက Myanmar Now ကို ပြောသည်။

ယာယီဝန်ကြီးချုပ်အဖြစ် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုအား တာဝန်ပေးထားကြောင်း ဦးလှထွေးက ပြောသည်။ 

ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ကျိုးအတွက် သုံးစွဲထားခြင်း မရှိသောကြောင့် ၎င်းအနေဖြင့် စိုးရိမ်မှုမရှိကြောင်း၊ နည်းမှန်လမ်းမှန် လာရောက်စစ်ဆေးပါက အစစ်အဆေးခံနိုင်ကြောင်း တာဝန်မှ ရပ်စဲခံရသည့် အကြောင်းကြားစာ မရောက်မီ နာရီပိုင်းအလိုတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ပြောသည်။

“ကျွန်တော်တို့ ကယားပြည်နယ်မှာ ဒီလိုဖြစ်သွားတာ စိတ်မကောင်းဘူး။ ဒါပေမယ့် အဆိုးထဲက အကောင်းက ဒီလိုဖြစ်ပျက်သွားတဲ့ကိစ္စတစ်ခုဟာ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တွေရော၊ ကျွန်တော်တို့နိုင်ငံအတွက်ရော၊ ပြည်နယ်‌တွေအတွက်ရော ကောင်းမွန်တဲ့ သင်ခန်းစာ ရလဒ်ကောင်းတွေ ရသွားလိမ့်မယ်” ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

“ဒီလို ကျွန်တော်ပြောတာဟာ ကျွန်တော့်ဘက်က ဖြူစင်ရိုးသားမှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်ထားတဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အစစ်အဆေးခံနိုင်တဲ့အတွက်ကြောင့် ကျွန်တော်ပြောပြတာ” ဟု ၎င်းက ဆိုသည်။

အကြောင်းကြားစာ ရောက်ရှိပြီးပြီးချင်းပင် ဝန်ကြီးချုပ်သည် ယာယီဝန်ကြီးချုပ်အဖြစ် ပူးတွဲတာဝန်ယူမည့် လယ်ဆယ်ဝန်ကြီး ဦးဘော့စ်ကိုအား ရာထူးလွှဲပြောင်းပေးခဲ့သည်။

ထို့နောက် “ဥပဒေနှင့်အညီ စီမံဖြေရှင်းဆောင်ရွက်ဖို့ အမြဲတမ်းအဆင်သင့်ပဲ” ဟု နောက်ဆက်တွဲ အရေးယူခံရဖွယ် အခြေအနေများနှင့် ပတ်သက်၍  ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။

ဦးအယ်လ်ဖောင်းရှိုအပေါ် ငွေကြေးသုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်များမှာ မှန်ကန်ကြောင်း စက်တင်ဘာ ၁ ကယားပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံမဲပေး၍ ရာထူးမှရပ်စဲသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး နှစ်ရက်အကြာတွင် သမ္မတက ယခုကဲ့သို့ အကြောင်းကြားလာခြင်းဖြစ်သည်။ 

ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရား ငှားရမ်းခများကို ဝန်ကြီးချုပ်၏ ကိုယ်ကျိုးစီးပွားနှင့် ပါတီကိစ္စအတွက် သုံးစွဲမှုနှင့် နှစ်စဉ်ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာကို ပြည်သူပိုင်အဖြစ်သတ်မှတ်ပေးရေးအဆိုကို အကောင်အထည်မဖော်ဘဲ စီးပွားရေးလုပ်ငန်းများကို စာချုပ်ဖြင့် ငှားရမ်းထားသည့်အပေါ် အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းတင်ပြချက်အပေါ် စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်က ဖွဲ့စည်းပေးခဲ့ကာ စုံစမ်းစစ်ဆေးသည့် လုပ်ငန်းများစတင်ခဲ့သည်။

၁၄ ရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချေပနိုင်ရေးအတွက် ၄ ကြိမ်တိုင်တိုင် ခေါ်ယူခဲ့သော်လည်း ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၆ မှ ၂၀၁၈ အထိ ၂ နှစ်ကျော်ကာလအတွင်း စက်ယန္တရား ငှားရမ်းခနှင့် အခြားရငွေ ကျပ် သိန်း ၅,၆၀၀ ကျော်တွင် ၄,၉၅၁ သိန်းကို သုံးစွဲခဲ့ကြောင်း၊ အဆိုပါသုံးစွဲငွေ၏ ၃၇၇ သိန်းကျော်မှာ ကိုယ်ကျိုးစီးပွားနှင့် ၁၃ သိန်းကျော်မှာ ပါတီအရေးကိစ္စများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် တွေ့ရသည်။

ဦးအယ်လ်ဖောင်းရှိုသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် မယ်စဲ့မြို့နယ်တွင် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။

တာဝန်မှ ရပ်စဲခံရသော်လည်း ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ယခုဖြစ်စဉ်သည် ၎င်းအတွက် မဲဆွ​ယ်ပေးလိုက်သကဲ့သို့ပင်ဖြစ်သည်ဟု ယုံကြည်ထားကြောင်း ပြောသည်။

“ပြည်သူတွေက ဘယ်သူက အမှန်တရားကို ဖော်ဆောင်နေလဲ သိတဲ့အတွက်ကြောင့်၊ အဖြေကို သူတို့ သိထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲမှာ ကျွန်တော့်ကို မဲဆွယ်ပေးသလိုဖြစ်တယ်” ဟု ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

“ဒီဖြစ်စဉ်ကြီးဟာ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ လိုအပ်ချက်၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ပြီးရင် အမှန်တရားဟာ ဘယ်လိုမျိုးလဲ၊ အမှားကို လုပ်နေတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ သူတို့ (ပြည်သူများ) မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရလိုက်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲဟာ မှန်ကန်တဲ့သူတွေအတွက် ရပ်တည်ပေးမယ့် ရလဒ်‌ကောင်းမျိုး၊ သင်ခန်းစာကောင်းမျိုးကို ရလိမ့်မယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အယ်လ်ဖောင်းရှို၏သမိုင်းကြောင်း

လူဦးရေ သုံးသိန်းပင် မပြည့်သော ကယားပြည်နယ်ရှိ နိုင်ငံရေးသမားအနည်းစုကြားတွင် အသက် ၄၂ ရှိပြီဖြစ်သော အယ်ဖောင်းရှိုသည် ဝန်ကြီးချုပ်မဖြစ်ခင်ထိ ကယားပြည်နယ်တွင် လူသိနည်းသူဖြစ်သည်။

ကယန်းနှင့် ရှမ်းသွေးပါသော ဦးအယ်လ်ဖောင်းရှိုသည် ၂ဝ၁၅ အထွေအထွေရွေးကောက်ပွဲ မတိုင်မီ လပိုင်းအလိုတွင်မှ ပညာရေးဝန်ထမ်းအဖြစ်မှ နုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် NLD ပါတီကိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

လောပိတရှမ်းရွာဟုခေါ်သော လွိုင်ကော်မြို့နယ် ကျေးရွာလေးတစ်ရွာတွင် မွေးဖွားခဲ့သော သူသည် စစ်ကိုင်းတိုင်းရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်သည်။

ဒို့တာဝန်အရေးသုံးပါးကို လိုက်နာကာ ပါတီနိုင်ငံရေး ကင်းရှင်းမည်ဖြစ်ကြောင်း ကတိခံပြီးမှ တက်ခွင့်ရသော ထိုတက္ကသိုလ်သည် ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်သည့် အာဏာသိမ်း တော်လှန်ရေးကောင်စီပေါ်ပေါက်ပြီး နှစ်နှစ်အကြာ ၁၉၆၄ တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက် ရောက်ရှိခဲ့သည်။

ထိုတက္ကသိုလ်မှ B.Ed ပညာရေးဘွဲ့ ရခဲ့ပြီးနောက် အယ်ဖောင်းရှိုသည် လူဦးရေ ၆ဝဝဝ လောက်သာရှိသောကယားပြည်နယ် မယ်စဲ့ မြို့နယ်တွင် လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ဝန်ထမ်းဘဝတွင် သူသည် စည်းကမ်းလိုက်နာ ပြီးနာမည်ပျက်မရှိဘဲ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်နှင့်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုရေး တံဆိပ်ဆိုသည့် ဆုနှစ်ဆုလည်း ရှိခဲ့သည်။

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် မယ်စဲ့မဲဆန္ဒနယ် အမှတ်() တွင် ထောက်ခံမဲ ၇၂၅ မဲနှင့် ပြိုင်ဘက် ခုနစ်ယောက်ကို အလဲထိုးပြီး ဦးအယ်လ်ဖောင်းရှို အမတ်ဖြစ်လာခဲ့သော်လည်း ကယားပြည်နည်ဝန်ကြီးချုပ်အဖြစ် ရေပန်းစားခဲ့သည်မှာ သူမဟုတ်ဘဲ လွိုင်ကော်မြို့ ပြည်နယ်ဆေးရုံ လက်ထောက်ဆရာဝန်ဟောင်း ဒေါက်တာအောင်ကျော်ဌေးဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲပြီး က်ပိုင်းအတွင်း ပြည်နယ်ထဲရှိ လူငယ်များနှင့် ဒေသခံလက်နက်ကိုင်အဖွဲ.များမှ ပုဂ္ဂိုလ်အချို.သည် လူထုအစည်းအဝေးတစ်ခု ခေါ်ခဲ့ကာ ဝန်ကြီးချုပ်ဖြစ်လာမည့်သူသည် ဒေသခံ ဌာနေတိုင်းရင်းသား ဖြစ်သင့်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးသကာလ ရန်ကုန်ကော့မှူးဖွား ကရင်မျိုးနွယ်စုဝင် ဒေါက်တာအောင်ကျော်ဌေးသည် ဝန်ကြီးချုပ်ရာထူးနှင့်လွဲခဲ့သည်။

ဒေသခံများ၏ ထိုဆုံးဖြတ်ချက်ကို ကယားပြည်နယ် NLD ခေါင်းဆောင်များနှင့် တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီထံ ပို့ခဲ့ပြီးနောက် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

NLD ခေါင်းဆောင်များသည် ကယားဝန်ကြီးချုပ်နေရာအား ရွေးချယ်ချိန်တွင် အတော်ပင်အကျပ်ရိုက်ခဲ့ဖွယ်ရှိကြောင်း ဒေသခံများကဆိုသည်။ သို့ရာတွင် အယ်ဖောင်းရှိုသည် ယခုနှစ် အထွေအထွေရွေးကောက်ပွဲတွင် ဆက်လက်ဝင်ပြိုင်မည်ဖြစ်ကြောင်းသိရှိရသည်။ 

Show More

Related Articles

Back to top button