သတင်း

ကယားဝန်ကြီးချုပ်ဟောင်းကို အဂတိမှုဖြင့် စစ်ဆေးပေးရန် ထပ်မံတောင်းဆို 

ရာထူးမှ ရပ်စဲခံခဲ့ရသည့် ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ထပ်မံတောင်းဆိုလိုက်သည်။

ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးသုံးစွဲမှုလုပ်ရပ်များကို အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ စက်တင်ဘာ ၈ တွင် တိုင်ကြားစာတစ်စောင် ပို့ထားသော်လည်း အကြောင်းမပြန်သဖြင့် ထပ်မံတောင်းဆိုရခြင်းဖြစ်ကြောင်း တိုင်ကြားစာပေးပို့ခဲ့သည့် ဦးသဲရယ်က ဆိုသည်။

“ဒီလိုပဲဆက်ထားမယ်ဆိုလို့ရှိရင် နောက်တက်လာမယ့် အစိုးရတွေ နောက်တက်လာမယ့်လူတွေလည်း ဒီအတိုင်းပဲဆက်လုပ်မှာပေါ့” ဟု ၎င်းကပြောသည်။

ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားများ ငှားရမ်းခငွေကို ကိုယ်ပိုင်ဘဏ်အကောင့်ဖွင့်သုံးစွဲခြင်းနှင့် ကယားပြည်နယ်နေ့ကျင်းပသည့် မြေနေရာကို ပြည်သူပိုင်အဖြစ် အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းတို့ကြောင့် ဦးအယ်လ်ဖောင်းရှိုသည် လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရသည်။

လွှတ်တော်တွင် စွပ်စွဲပြစ်တင်သည့်အဆို အောင်မြင်ပြီး သမ္မတက ၎င်းကို ဝန်ကြီးချုပ်ရာထူးမှ ရပ်စဲခဲ့သည်။ 

ဦးသဲရယ်မှာ ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှုများ မှန်မမှန် စုံစမ်းရန် လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ 

ဦးအယ်လ်ဖောင်းရှိုသည် ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားစဉ် ၂၀၁၆ မှ ၂၀၁၈ အတွင်း ရရှိထားသော စက်ယန္တရားငှားရမ်းခကို ကိုယ်ပိုင်ငွေစာရင်းဖွင့်ကာ သုံးစွဲခြင်း၊ အသုံးစရိတ်များကို ဘောက်ချာပြေစာ မပြနိုင်ခြင်း၊ စာရင်းများ လုပ်ကြံဖန်တီးရေးဆွဲထားခြင်း စသည့် စွပ်စွဲချက်များဖြင့် ပြည်နယ်လွှတ်တော်ကော်မတီများက ၂၀၁၈ နှင့် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် အဂတိကော်မရှင်ထံ တိုင်ကြားစာနှစ်ကြိမ် ပေးပို့ခဲ့သေးသည်။

၂၀၁၈ ဩဂုတ်တွင် လွှတ်တော်၏ ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီကလည်းကောင်း၊ ၂၀၂၀ ဇန်နဝါရီတွင် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ကလည်းကောင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ကော်မရှင်သို့ ဦးသဲရယ်က ယခုကဲ့သို့ တိုင်ကြားခြင်းမှာ သုံးကြိမ်မြောက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးဆက်နွှယ်မှုများ မပါဝင်ဟု ဆိုသည်။

ဦးသဲရယ် ထပ်မံပေးပို့သည့် သုံးကြိမ်မြောက်တိုင်စာကို လက်ခံရရှိခြင်း ရှိမရှိ မသိရသေးသဖြင့် အဂတိမှုမြောက်မမြောက် မှတ်ချက်မပေးလိုကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက Myanmar Now ကို ပြောသည်။

ကော်မရှင်ထံ ပေးပို့လာသည့် တိုင်ကြားစာတိုင်းကို အကြံပြုချက်များနှင့်တကွ အကြောင်းပြန်ကြားလေ့ရှိပြီး ဦးအယ်လ်ဖောင်းရှိုနှင့် ပတ်သက်သည့် ယခင်တိုင်စာများကိုလည်း အကြောင်းပြန်ခဲ့သည်ဟု ဦးကျော်စိုးက ဆိုသည်။

ယခင်တိုင်ကြားမှုများပါ အကြောင်းအရာများမှာ ၂၀၁၈ ဇွန်တွင် စတုတ္ထအကြိမ် ပြင်ဆင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ မပြဋ္ဌာန်းမီက ကိစ္စများဖြစ်သောကြောင့် စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိဟု ပြန်ကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

“အရင်တိုင်ကြားတဲ့ တိုင်ကြားစာ ပုံစံအတိုင်းဆိုရင်တော့ အဲဒီအတိုင်းပဲ ကျွန်တော်တို့ သွားကို သွားမှာပါခင်ဗျာ။ ကျွန်တော်လည်း (ယခုတိုင်ကြားစာကို) မဖတ်ရတော့ မသိနိုင်ဘူးလေ။ မသိနိုင်တဲ့အချိန်မှာ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ခက်ပါတယ်” ဟု ၎င်းကပြောသည်။

ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးသုံးစွဲမှုများနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးက စွပ်စွဲပြစ်တင်ခဲ့ပြီး ယင်းအပေါ် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးစေခဲ့သည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏တွေ့ရှိချက်များကို စက်တင်ဘာ ၁ ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံသဖြင့် စွပ်စွဲချက် အောင်မြင်ခဲ့သည်။

စွပ်စွဲပြစ်တင်မှုအဆို အောင်မြင်ပြီး နှစ်ရက်အကြာ စက်တင်ဘာ ၃ တွင် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကမူ ၎င်းသည် ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ပြီး အစစ်အဆေးခံရန် အသင့်ရှိကြောင်း ရာထူးမှ ရပ်စဲခံရပြီးနောက် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်ပြောခဲ့သည်။

၂၀၁၆ ဧပြီမှ ၂၀၁၈ မေလဆန်းပိုင်းအထိ နှစ်နှစ်ကျော်ကာလအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ထားသည့် စက်ယန္တရားများ ငှားရမ်းခနှင့် အခြားရငွေ ၅,၆၇၃ သိန်းကျော် ရရှိရာ သုံးစွဲငွေ ၄,၈၅၁ သိန်းကျော် ရှိကြောင်း၊ ယင်းအနက်  သိန်း ၄၀၀ ခန့်ကို ကိုယ်ရေးကိုယ်တာနှင့် ပါတီအရေးကိစ္စအတွက်သုံးစွဲခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုးကားပြီး ဆိုသည်။

ဦးအယ်လ်ဖောင်းရှိုသည် ဝန်ကြီးချုပ်အဖြစ်မှ တာဝန်ရပ်စဲခံရသော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် မယ်စဲ့မြို့နယ်တွင် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။

Show More

Related Articles

Back to top button