သတင်း

ကယားဝန်ကြီးချုပ်က နိုင်ငံတော်ငွေဖြင့် ဦးဝင်းထိန်သမီး မင်္ဂလာဆောင်လက်ဖွဲ့ခဲ့

ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် ပြစ်တင်ရှုတ်ချခံရပြီးနောက် စက်တင်ဘာ ၃ ရက်တွင် ရာထူးမှ ရပ်စဲခံလိုက်ရသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် နိုင်ငံတော်ဘဏ္ဍာသုံးပြီး ဦးဝင်းထိန်၏သမီး မင်္ဂလာဆောင်လက်ဖွဲ့ငွေအပါအဝင် အခြားကိုယ်ရေးကိုယ်တာနှင့် ပါတီကိစ္စရပ်များအတွက် သိန်း ၄၀၀ နီးပါး သုံးစွဲခဲ့ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာက ဆိုသည်။

အဆိုပါသုံးစွဲငွေများတွင် ၂၀၁၆ အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏သမီး မင်္ဂလာဆောင်အတွက် ငွေကျပ်နှစ်သိန်း၊ NLD ပါတီပုံမှန်အစည်းအဝေးတစ်ခုအတွက် သုံးစွဲငွေ ကျပ် ၁၀ သိန်း၊ ဦးထွန်းကျော်ဆိုသူ၏သား မင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေ ငါးသောင်းအပါအဝင် အခြားကိုယ်ရေးကိုယ်တာနှင့် ပါတီလုပ်ငန်းများအတွက် ပြည်နယ်ရန်ပုံငွေမှ သုံးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့အပြင် ကယားပြည်နယ်ဝန်ကြီးချုပ်က သုံးစွဲမှုများတွင် ၂၀၁၆ အတွင်းက ဦးဝင်းထိန်နှင့်အဖွဲ့အား ဧည့်ခံခြင်းနှင့် လက်ဆောင်ပေးခြင်းတို့အတွက် ၃၃၅,၀၀၀၊ နာရေးကူညီငွေနှင့် ထောက်ပံ့စရိတ် ၃၂ သိန်းခန့်၊ သီတင်းကျွတ်လ ဝန်ထမ်းများအတွက် မုန့်ဖိုးနှင့် အထွေထွေဧည့်ခံကျွေးမွေးစရိတ် ၂၇ သိန်းကျော်လည်း ပါဝင်နေသည်။ 

ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားငှားရမ်းခများကို ဝန်ကြီးချုပ်၏ ကိုယ်ကျိုးစီးပွားနှင့် ပါတီကိစ္စအတွက် သုံးစွဲမှု၊ နှစ်စဉ်ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာကို ပြည်သူပိုင်အဖြစ်သတ်မှတ်ပေးရေးအဆိုကို အကောင်အထည်မဖော်ဘဲ စီးပွားရေးလုပ်ငန်းများကို စာချုပ်ဖြင့် ငှားရမ်းထားသည့်အပေါ် အရေးယူပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်းဖြစ်သည်။ 

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းတင်ပြချက်အပေါ် စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်က ဖွဲ့စည်းပေးခဲ့ကာ စုံစမ်းစစ်ဆေးသည့် လုပ်ငန်းများစတင်ခဲ့သည်။ ၁၄ ရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ပေးပို့ခဲ့သည်။

ကယားပြည်နယ်လွှတ်တော်သို့ ၂၀၁၈ ဇွန် ၄ ရက်စွဲဖြင့် ပြည်နယ်စာရင်းစစ်ချုပ်က တင်ပြခဲ့သည့် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၏ စက်ယန္တရားဝယ်ယူမှု၊ ငှားရမ်းခများရရှိမှု၊ ပြင်ဆင်စရိတ်များသုံးစွဲမှုနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာပါ အချက်အလက်များကိုလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုးကားပြီး လွှတ်တော်ထံ တင်သွင်းခဲ့သည်။ 

၂၀၁၆ ဧပြီမှ ၂၀၁၈ မေလဆန်းပိုင်းအထိ နှစ်နှစ်ကျော်ကာလအတွင်း စက်ငှားရမ်းခနှင့် အခြားရငွေ ၅,၆၇၃ သိန်းကျော် ရရှိရာ သုံးစွဲငွေ ၄,၈၅၁ သိန်းကျော် ရှိသည့်အနက် ၃၇၇ သိန်းကျော်ကို ကိုယ်ရေးကိုယ်တာအတွက်လည်းကောင်း၊ ၁၃ သိန်းကျော်ကို ပါတီအရေးကိစ္စအတွက်လည်းကောင်း သုံးစွဲခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုးကားပြီး ဆိုသည်။

ပြည်နယ်ရန်ပုံငွေမှ ပါတီကိစ္စနှင့် ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များအတွက် သုံးစွဲထားသည်ဟူသည်မှာ မမှန်ကန်ကြောင်း ဦးအယ်လ်ဖောင်းရှိုက Myanmar Now ကို ပြောသည်။ 

“လုံးဝ သုံးစွဲထားခြင်းမရှိပါဘူး။ သုံးစွဲပိုင်ခွင့်လည်း မရှိပါဘူး။ မှတ်တမ်းအထောက်အထားတွေလည်း ရှိပြီးသားပါ။ ဘာအတွက် ဘာအတွက် သုံးတယ်ဆိုတာ။ အဲ့ဒါကြောင့် လိပ်ပြာသန့်တယ်။ ဖြူဖြူစင်စင်နဲ့ မှန်မှန်ကန်ကန် ရပ်တည်ပြီးမှ ဘယ်ကိစ္စမဆို ဖြေရှင်းနိုင်တယ်” ဟု ၎င်းက ပြောသည်။ 

ဦးဝင်းထိန်သမီးတစ်ဦး မင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေနှင့် ပတ်သက်၍ မင်္ဂလာဆောင်သည့်အချိန်တွင် ၎င်းသည် ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်နေပြီး ပြည်နယ်ဘတ်ဂျက်ဖြင့် မင်္ဂလာလက်ဖွဲ့ထားကြောင်း ပေါ်ပေါက်နေသော်လည်း ဦးအယ်ဖောင်းရှိုက မဆိုင်သည့်ကိစ္စ မမေးရန် တုံ့ပြန်သည်။ 

“ဒီအချိန်မှာ ကိုယ်နဲ့မဆိုင်တာကိုတော့ မမေးပါနဲ့။ ကျွန်တော် ဘယ်သိမှာတုန်း၊ ကျွန်တော် ကယားပြည်နယ်မှာ တာဝန်ယူနေတာလေ … ကိစ္စလာမေးနေတာ ကျွန်တော်ဘယ်သိမှာလဲ။ အဲဒါကို ကျွန်တော်ဘယ်လို ပြောလို့ရမှာတုန်း။ အဲ့အပေါ်မှာကော ကိုယ်ကိုယ်တိုင်မြင်လို့လား။ ညီမကိုယ်တိုင်မြင်လား။ ကိုယ်မမြင်မသိဘဲနဲ့ အပြင်အကြားလေးနဲ့ ရမ်းသန်းးပြောနေရင်တော့ ဘယ်လိုလုပ် အမှန်တရားက ထွက်လာမှာလဲ” ဟု ၎င်းက ဆိုသည်။

ကယားပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာပါ အချက်အလက်အချို့

ကယားပြည်နယ်ဝန်ကြီးချုပ်၏ မင်္ဂလာဆောင်လက်ဖွဲ့ငွေ အသုံးစရိတ်နှင့် ပတ်သက်၍ NLD ၏ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က “သုံးလို့မရဘူး” ဟုသာ ဆိုသည်။ 

“ဘတ်ဂျက်က အဲ့လိုရေးချင်သလို ရေးလို့မရဘူး။ ထုတ်ချင်သလို ထုတ်လို့မရဘူး။ ကျွန်တော်ပြောတယ်၊ နိုင်ငံတော်ဘတ်ဂျက်က သုံးလို့မရဘူး။ ဘယ်လိုလုပ်သုံးမှာတုန်း။ ကျွန်တော်တို့ပြောတယ် ကျွန်တော် သုံးထားတယ် ဘာတယ် မပြောဘူး။ နိုင်ငံတော်ဘတ်ဂျက်ဆိုတာ အဲ့လိုသုံးချင်တာ သုံးလို့မရဘူးလေ။ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သုံးလို့မရဘူး” ဟု ဦးဇော်မြင့်မောင်က ပြောသည်။ 

NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ ဝန်ကြီးချုပ်အနေဖြင့် ယင်းအသုံးစရိတ်ကို ပြည်နယ်ရန်ပုံငွေမှ သုံးစွဲခွင့်ရှိမရှိ မှတ်ချက်မပေးလိုဘဲ ဝန်ကြီးချုပ်တစ်ဦး၏ သုံးပိုင်ခွင့်ထဲမှ ယူသုံးသည်ဟု မြင်ကြောင်း ဆိုသည်။ 

“၁၀ သိန်း သုံးတယ်ဆိုတဲ့နေရာမှာ (NLD ပါတီအစည်းအဝေးအတွက်) ရိုးရိုးသားသားနဲ့ စာရင်းတင်ထားတာပေါ့။ ကျွန်တော်ကတော့ အဲ့လိုပဲ မြင်ပါတယ်။ ပါတီအတွက်ပဲဖြစ်ဖြစ် အခြားလုပ်ငန်းအတွက်ပဲဖြစ်ဖြစ် အကောင်အထည်ပြပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ ပြပြီးတော့ စာရင်းပြတာတော့ သူထိမ်ချန်မထားဘူး။ သူ မဟုတ်တာမလုပ်ဘူးလို့ ကျွန်တော်က ရိုးရိုးသားသား မြင်ပါတယ်။ သုံးခွင့်ရှိတယ် မရှိဘူးဆိုတာထက်ပေါ့လေ” ဟု မုံရွာအောင်ရှင်က ပြောသည်။

စွပ်စွဲပြစ်တင်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ချေပနိုင်ရေးအတွက် ၄ ကြိမ်တိုင်တိုင် ခေါ်ယူခဲ့သော်လည်း ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ 

စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ရခြင်းမှာ စွပ်စွဲပြစ်တင်သည့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးကိုယ်တိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြန်လည်ပါဝင်နေခြင်းကြောင့်ဟု ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။ 

“ကျွန်တော့်ဘက်ကတော့ အစစ်ခံဖို့အသင့် နည်းမှန်လမ်းမှန်စစ်မယ် စုံစမ်းစစ်ဆေးရေး တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်မယ်ဆိုရင်တော့ အစစ်ခံဖို့အသင့်ပါ” ၎င်းက ပြောသည်။ 

သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုင်းရင်းသားပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြင့် မျှမျှတတဖွဲ့စည်းပေးခဲ့ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။ 

“တိုင်တဲ့လူ ထည့်တဲ့အခါကျတော့ တိုင်တဲ့လူက ပိုသိတာပဲလေ။ ရှင်းရှင်းလင်းလင်းပြောမယ်ဆိုရင် သူမလုပ်ခဲ့ဘူးလား။ သူမလုပ်ခဲ့ဘူးဆိုရင် သူငြင်းလေ။ အခု ကျွန်တော်တို့က ဖွဲ့လိုက်တဲ့အဖွဲ့က လေးကြိမ်တိတိ ခေါ်တာတောင်မှ သူမလာဘူးလေ။ အဲဒါကတော့ ထူးခြားချက်ပေါ့။ အခုဟာက လုပ်လဲလုပ်ခဲ့သေးတယ် သူများကို အပြစ်ရှာတဲ့ပုံစံကျတော့ ဒါမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်သည် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရသည့်အတွက် အလားတူ ရွေးချယ်မခံရသော ပါတီဝင်များ၊ ပါတီဝင်မဟုတ်သော အခြားအစုအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပါတီ၏ နိုင်ငံရေးပုံရိပ်ကို ထိခိုက်အောင် အချိန်ကိုက်လုပ်ဆောင်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စွပ်စွဲသည်။ 

“လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ NLD က ထုတ်ပြန်ကြေညာခဲ့သည်။ 

ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးသုံးစွဲမှုကိစ္စရပ်များသည် လတ်တလောဖြစ်စဉ်မဟုတ်ဘဲ ပြီးပြတ်ခဲ့ပြီးသားဖြစ်ကာ လွှတ်တော်၌ စွပ်စွဲပြစ်တင်ခြင်း နောက်ကွယ်တွင် နိုင်ငံရေးအကြောင်းအရာများ ရှိနိုင်သည်ဟု စက်တင်ဘာ ၄ ညနေပိုင်းတွင် ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

“ဒါတွေက ပြောရရင်တော့ ကြာခဲ့ပြီ။ အဲဒီပြဿနာတွေ ဖြစ်ခဲ့လို့လည်း သူ့သက်ဆိုင်တဲ့ လွှတ်တော်မှာလည်း ရှင်းလင်းထားပြီးပြီလို့…ဥပမာ လုပ်ထုံးလုပ်နည်းနဲ့ မညီပေါ့ သူ့ဘာသာသူမှားယွင်းပြီး ဆောင်ရွက်တဲ့ကိစ္စတွေကို ပြန်ပြီး တည့်မတ်ပြီးတော့ လွှတ်တော်ကိုပြန်ပြီးတော့ အစီရင်ခံစာတင်ပြထားတယ်လို့ သိရတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

သမ္မတရုံးသို့ တင်ပြခဲ့သည့်အတွက်လည်း လုပ်ထုံးလုပ်နည်းအရ မှန်မှန်ကန်ကန်ဖြစ်စေရန် ပြောဆိုကြပ်မတ်ထားကြောင်း၊ ကာယကံရှင်ကိုယ်တိုင်သည်လည်း ပြန်လည် “တည့်မတ်” ထားသည့်ကိစ္စ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒါတွေက ရှင်းရှင်းလင်းပြောရရင် နိုင်ငံရေးအရ ဒီလို ပါဝင်ပတ်သက်မှုတွေတော့ ရှိကောင်းရှိနိုင်တယ်။ သို့သော် ဒါတွေကလည်း ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ နောက်တစ်ချက်က သက်ဆိုင်တဲ့ ပြည်နယ်ရဲ့ အစိုးရနဲ့လွှတ်တော် ဒီကြားမှာ ဆက်ဆံရေးအခြေအနေပေါ်မှာလည်း မူတည်တယ်လို့ ကျွန်တော်တို့ထင်တယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ဦးအယ်လ်ဖောင်းရှိုသည် ရာထူးမှရပ်စဲမခံရခင် ဖြစ်စဉ်များကို သမ္မတရုံးထံ တင်ပြခဲ့ပြီး လွှတ်တော်၏ ဆောင်ရွက်ချက်များအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။

သမ္မတဦးဝင်းမြင့်အနေဖြင့် ခုံရုံးသို့ တင်ပြထားခြင်း​ ရှိမရှိ ဦးဇော်ဌေးက အတည်မပြုဘဲ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုသာ  ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၅ အရ သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် “တိုက်ရိုက်” တင်သွင်းခွင့် ရှိသည်။

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်သူ့ သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၁၀ ရာခိုင်နှုန်းရှိသော ကိုယ်စားလှယ်များမှာမူ “သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ” သာ တင်သွင်းခွင့်ရှိသည်ဟု အခြေခံဥပဒေ ပုဒ်မ ၃၂၆ တွင် ပြဋ္ဌာန်းထားသည်။

ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်အဆိုပြုသူတစ်ဦးဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြုလွှတ်တော်အမတ် ဦးသဲရယ်ကမူ ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးသုံးစွဲမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ၂၀၁၈ အတွင်းက နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့ဖူးသော်လည်း လာရောက်စစ်ဆေးမည်မဟုတ်ဟု ကော်မရှင်က အကြောင်းပြန်ခဲ့ကြောင်း ပြောသည်။ 

“ဒီငွေက အခုလက်ရှိအခြေအနေမှာ ဘာမှ ပြန်ဖြေရှင်းထားတာ မရှိဘူးဆိုတော့ ကိုယ်ပိုင်စာရင်းဖွင့်ပြီး သုံးခွင့်ရှိတယ်ဆိုရင် နောက်တက်လာမယ့်အစိုးရက ဒီအတိုင်းပဲ လုပ်ခွင့်ရှိသွားမှာပေါ့” ဟု ဦးသဲရယ်က ဆိုသည်။

မန္တလေးအခြေစိုက်သတင်းထောက် ရန်မိုးနိုင်၊ နေပြည်တော်အခြေစိုက်သတင်းထောက် ဉာဏ်လှိုင်လင်းတို့ ပူးပေါင်းရေးသားထားသည်။

Show More

Related Articles

Back to top button