နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး စစ်အင်အားပြုန်းတီးမှုများကြုံနေသည့် စစ်ကောင်စီသည် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်တို့မှ ကျောင်းသူ ကျောင်းသား ဦးရေ ၅၀၀ကျော်ကို ယခုလအတွင်း စစ်ပညာသင်ပေးရန် စီစဉ်နေသည်။
ထိုလူငယ်များမှာ စစ်ကိုင်းတိုင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း(အုန်းတော)နှင့် ရန်ကုန်(ဒဂုံဆိပ်ကမ်း)ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် တက်ရောက်နေသူများ ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ထိုကျောင်းများ၏ ကျောင်းပိတ်ကာလဖြစ်သည့် ယခုလနှောင်းပိုင်းမှ စတင်ကာ တစ်လကျော်ကြာမြင့်မည့် အခြေခံစစ်ပညာသင်တန်း ပို့ချမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံ အကြောင်းကြားစာ ပေးပို့ထားသည်။
Myanmar Now က ဖတ်ရှုခွင့်ရခဲ့သော ထိုစာသည် စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာနက ယခုလ ၆ရက် ရက်စွဲဖြင့် ပေးပို့ထားခြင်း ဖြစ်ပြီး စစ်တပ်စခန်းများအတွင်း လေ့ကျင့်ပေးသင့်ကြောင်း အကြံပြုထားသည်။
“တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် သင်ကြားမည်ဆိုပါက နယ်မြေအခြေအနေအရ လုံခြုံရေး ကျိုးပေါက်နိုင်ခြင်း၊ သတင်းလုံခြုံမှုမရှိခြင်းနှင့် ပစ်ခတ်စဉ်ပါလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်မှု မရှိခြင်းများကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်ရှိ နီးစပ်ရာလေ့ကျင့်ရေးတပ်/ကျောင်းများတွင် နေရာပေးလေ့ကျင့်နိုင်ပါက အခြေခံစစ်ပညာများအား ထိရောက်စွာ သင်ကြားလေ့ကျင့်နိုင်မည်” ဟု စာထဲတွင် ရေးသားထားသည်။
ဖွံ့ဖြိုးရေးတက္ကသိုလ် တက်သူများအတွက် သင်တန်းတွင် လက်နက်ငယ်ပစ်ခတ်မှု ပါဝင်မည် မဟုတ်သော်လည်း ဒီဂရီကောလိပ် ၂ခုမှ ကျောင်းသား၊ ကျောင်းသူများကို လက်တွေ့ပစ်ခတ်မှုပါ လေ့ကျင့်သင်ကြားရန် စီစဉ်ထားသည်။
အမှတ်(၂) လေ့ကျင့်ရေးတပ်က ပို့ချမည့် ထိုစစ်သင်တန်းအတွင်း လက်တွေ့ပစ်ခတ်မှုတွင် လိုအပ်မည့် ကျည်ဆံများကိုလည်း ကူညီပေးရန် နယ်စပ်ရေးရာဝန်ကြီးဌာနက အထက်ပါ စာထဲတွင် တင်ပြထားသည်။
သင်တန်းတက်ရမည့် ကျောင်းသား၊ ကျောင်းသူများမှာ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)မှ ၁၈၇ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ၁၉၂ဦး၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)မှ ၁၉၃ဦး၊ စုစုပေါင်း ၅၇၂ဦး ဖြစ်သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ကျောင်း၊ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်တို့သည် ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်ပုံစံအတိုင်း အုပ်ချုပ်ခြင်း၊ စစ်ရေးပြကဲ့သို့ စစ်အခြေခံသဘောတရားများ သင်ကြားပေးခြင်း စသည့် အစဉ်အလာမှာ အာဏာမသိမ်းခင်ကတည်းက ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ လက်တွေ့ပစ်ခတ်မှုသင်ခန်းစာများ မပါခဲ့ဟု နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး(နတလ) ကျောင်းဆင်းတစ်ဦးဖြစ်သူ ဗိုလ်ကြီး ထွန်းမြတ်အောင်က ပြောသည်။
“အရင်ကတည်းက ရှိတယ်။ ဒါပေမယ့် စစ်ရေးပြလောက်ပဲ။ သေနတ်နဲ့ဟာတွေ ပါလာရင်တော့ ပုံမှန်မဟုတ်ဘူး ပြောရမယ်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသူ ဗိုလ်ကြီး ထွန်းမြတ်အောင်က ပြောသည်။
အာဏာသိမ်းပြီး ၃နှစ်နီးပါးအတွင်း တပ်သားသစ်စုဆောင်းရမှု အလွန်ခက်ခဲလာချိန် ယခုကဲ့သို့ အခြေခံစစ်ပညာသင်တန်းများ သင်ကြားခြင်းဖြင့် စစ်ကောင်စီအတွက် အကျိုးရှိနိုင်သည်ဟုလည်း ဗိုလ်ကြီး ထွန်းမြတ်အောင်က သုံးသပ်သည်။
“အမိန့်နာခံမှုရှိပြီးသား လူငယ်တွေကိုပဲ စစ်တိုက်ခိုင်းလို့ရတယ်လေ။ နဂိုကတည်းက အဲ့ဒီလို ရည်ရွယ်တာလည်း ဖြစ်မယ်” ဟု သူက ပြောသည်။
၆တန်းကျောင်းသား အရွယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရသူ ချင်းတိုင်းရင်းသား ဗိုလ်ကြီးထွန်းမြတ်အောင်သည် အမှတ် ၂ နတလ(မင်းတပ်)တွင် အလယ်တန်းကျောင်း၊ နတလ(ပခုက္ကူ)တွင် အထက်တန်းကျောင်း တက်ရောက်ခဲ့ရသူ ဖြစ်သည်။
၁၀တန်းအောင်ပြီးနောက် စစ်တက္ကသိုလ် အပတ်စဉ် ၅၂တက်ရောက်ခဲ့ပြီး စစ်အာဏာသိမ်းချိန် ရန်ကုန်တွင် တာဝန်ကျစဉ် စစ်ကောင်စီတပ်၏ လုယက်၊ သတ်ဖြတ်မှုများကို ဗိုလ်ကြီးထွန်းမြတ်အောင် မျက်မြင်တွေ့ခဲ့ရပြီးနောက် လပိုင်းအကြာတွင် အာဏာဖီဆန်ကာ ပြည်သူ့ဘက်ရပ်တည်လာခဲ့သည်။
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာတောင်ဘက် ရွာသစ်ကြီး၌ တည်ရှိသည်။
ဒို့တာဝန်အရေးသုံးပါးကို လိုက်နာကာ ပါတီနိုင်ငံရေး ကင်းရှင်းမည်ဖြစ်ကြောင်း ကတိခံပြီးမှ တက်ခွင့်ရသော ထိုတက္ကသိုလ်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ၁၉၆၄ တွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက် ရောက်ရှိခဲ့သည်။
လက်ရှိတွင် တစ်နှစ်မှ ငါးနှစ်အထိရှိသည့် ပညာရေးဘွဲ့သင်တန်းများ ဖွင့်လှစ် သင်ကြားလျက်ရှိသည်။ စစ်အာဏာရှင်ဆန့်ကျင်နေသူ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည်လည်း ထိုတက္ကသိုလ်ဆင်း ဖြစ်သည်။
ကရင်၊ ချင်း၊ ကရင်နီကဲ့သို့ ခုခံတော်လှန်မှုအားကောင်းရာဒေသအတွင်း မြေပြင်တွင် အထိနာသော စစ်ကောင်စီတပ်သည် ၎င်းလက်အောက်ခံ အရပ်ဘက်ဝန်ထမ်းများကိုလည်း ဇီးပင်ကြီးနှင့်ဖောင်ကြီး (ဗဟိုဝန်ထမ်းတက္ကသိုလ်)တို့တွင် စစ်ပညာ သင်ကြားပေးနေသည်။
စစ်တပ်၏ ‘ပြည်သူ့စစ်မဟာဗျူဟာ’ အရ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်ပညာအခြေခံ သင်ပေးခြင်းမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း ယခုကာလတွင် စစ်ကောင်စီက ထိုဗျူဟာကို ပိုမိုအားစိုက်လာရသည်ဟု နောက်ထပ် CDM တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီး ထက်မြတ်က ပြောသည်။
“ဒါက ပြည်သူ့စစ် မဟာဗျူဟာကို အကောင်အထည်ဖော်နေတာပေါ့။ အဲ့ဒါကို အစောပိုင်းကတည်းက လုပ်နေတာဆိုပေမယ့် အဖြစ်လောက်ပဲ လုပ်ခဲ့တာ။ ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း သူတို့အင်အားတွေ ပိုပြီးလျော့နည်းလာတယ်။ အဲ့ဒါကြောင့်မလို့ ပြည်သူ့စစ်မဟာဗျူဟာကို အထူးအလေးထားပြီးတော့ အကောင်အထည်ဖော်နေတာ” ဟု ပြောသည်။
ဗိုလ်ကြီးထက်မြတ်သည် ကချင်ပြည်နယ်၊ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၁ စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် CDM ဝင်ခဲ့သူ ဖြစ်သည်။
“အတင်းကာရော ဒီလိုမျိုး လုပ်တဲ့ဟာက သူတို့(စစ်ကောင်စီ)အတွက် ဆိုးကျိုးတွေလည်း ရှိလာနိုင်တယ်။ သူတို့အတွက် ပိုကောင်းတဲ့ အင်အားတွေလည်း ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့သုံးနေတဲ့ ပြည်သူ့စစ်ဆိုတာ ပြည်သူကို စစ်ပွဲထဲ ခေါ်နေတာနဲ့ အတူတူပဲ” ဟု ဗိုလ်ကြီးထက်မြတ်က ပြောလိုက်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။