မေလ ၂၅ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများမှ စစ်သင်တန်းတက်ရမည့်လူငယ်များကို မဲနှိုက် ရွေးချယ်နေကြောင်း သိရသည်။
မြို့နှင့် ၄ မိုင်အကွာတွင် တည်ရှိသည့် ထိုစခန်းများသို့ သွားရာ အဓိကလမ်းဆုံဖြစ်သည့် မှန်စီ၊ခွဆုံအနီး စက်ရုံတွင် စခန်းအုပ်ချုပ်သူများနှင့် မေလ ၁၉ ရက်နေ့တွင် စတင် အစည်းအဝေး ပြုလုပ်ခဲ့သည်၊ မေလ ၂၅ တွင် သက္ကယ်ပြင် ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာများကို မဲနှိုက်ခိုင်းနေသည်ဟု ထိုစခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“(စက်ရုံထဲမှာ) အစည်းအဝေးလုပ်နေတာက သုံးရက်ရှိပြီ။ ရဲပါတယ်၊ စစ်သားပါတယ်။ ဒုက္ခသည်စခန်းတစ်ခုကို ၁၅ ယောက် တောင်းထားပါတယ်။ ကံစမ်းမဲ နှိုက်ပြီးတော့ ပါတဲ့သူ သွားရမယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ များမှ စတင် ကာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများနှင့် ကျေးရွာများတွင် နေထိုင်သူတို့ကို အဓမ္မ ခေါ်ယူကာ စစ်သင်တန်း ပေးခဲ့ပြီး ယခု မေလတွင် ထပ်မံ ခေါ်ယူရန် ပြင်ဆင်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လက်နက်ကိုင်အင်အား အကြီးအကျယ် လိုနေသည့် အာဏာသိမ်းတပ်က ယခုနှစ် ဖေဖော်ဝါရီ ၁၀ တွင် စစ်မှုထမ်း ဥပဒေကို ကမန်းကတန်း အသက်သွင်းလိုက်သည်၊ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများ စစ်မှုထမ်းရမည်ဟု ပါရှိသည်။
နိုင်ငံအနှံ့မှ လူငယ်များကို စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်လျက်ရှိပြီး စစ်သားသစ် သင်တန်း ၂ ကြိမ် ဖွင့်ပြီးဖြစ်သည်၊ ရိုဟင်ဂျာလူငယ်များကိုမူ ၎င်းတို့နှင့် အနီးဆုံးတပ်စခန်းတွင် ရက်တိုသင်တန်းပေးနေသည်ဟု သတင်းထွက်နေရာ နိုင်ငံအလယ်ပိုင်းတွင် အင်အားအသင့်အတင့် ဖွဲ့စည်းထားသော ပျူစောထီးအဖွဲ့ခေါ် ပြည်သူ့စစ်အဖွဲ့များကို ပေးသည့်သင်တန်းမျိုးနှင့် ဆင်တူနေသည်။
ရိုဟင်ဂျာများကို ၇ ရက် သို့မဟုတ် ၁၅ ရက်ကြာ စစ်သင်တန်း ပေးပြီးနောက် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို ခုခံရသည့် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များရှိ ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်ထားသည်ဟု သိရသည်။
မတ်လ ၂၀ ရက်နေ့တွင် ရသေ့တောင်မြို့ရှိ တပ်စခန်းများကို သိမ်းပိုက်ပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသာမက ရိုဟင်ဂျာ စစ်သားများ၏ အလောင်းများကိုပါ တွေ့ရှိရသည်ဟု AA က ထုတ်ပြန်ထားသည်။
ရှေ့တန်းမှ ပြန်ရောက်လာသူ ရိုဟင်ဂျာ ၅၀ ကျော်ကို ဒုက္ခသည် စခန်းများ၏ အဓိကဝင်ပေါက်ရှိရာလမ်းဆုံဖြစ်သည့် မှန်စီ၊ခွဆုံ အနီး ဘုန်းကြီးကျောင်းရှိ စစ်တပ်ဂိတ်တွင် နေရာချထားပေးပြီး ဖြတ်သွားဖြတ်လာများထံမှ ငွေကြေး ကောက်ခံနေသည်ဟု ဒုက္ခသည် တစ်ဦးက ပြောသည်။
“မှန်ဆီ၊ခွဆုံဘုန်းကြီးကျောင်းထဲက ဂိတ်မှာ ကျွန်တော်တို့ မွတ်စလင်တွေ ဦးဆောင်ပြီး ပိုက်ဆံ တောင်းနေတယ်။ သူတို့ဘေးမှာ စစ်သားတွေရှိတယ်။ သူတို့ကို သေနတ်တော့ မပေးထားဘူး။ သူတို့ကနေပြီးတော့ ပိုက်ဆံယူဖို့ သွားတဲ့ အခါမှာ ပိုက်ဆံကောက်တဲ့အခါမှာတော့ သူတို့ကို သေနတ်ပေးထားတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုသူက ပြောသည်။
ထို့ပြင် စစ်သင်တန်းဆင်းပြီးသား ရိုဟင်ဂျာများကို အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးထားသည်၊ ဒုက္ခသည်စခန်းများနှင့် ကျေးရွာများတွင် မသင်္ကာစရာ သတင်းများရှိပါက စစ်ကောင်စီတပ်ထံသို့ ပေးပို့ရသည်၊ အရပ်သားများကို ဟန့်တား ဖမ်းဆီးချုပ်နှောင်ရန်ပင် ခွင့်ပြုချက် ရရှိထားသည်ဟု ၎င်းက ဆက်ပြောသည်။
“မင်းတို့က ဒီလိုမျိုးလုပ်လို့မရဘူး။ ငါတို့ကို လူကြီးတွေပြောထားတယ်။ မင်းတို့ကနေပြီးတော့ ငါတို့စကားကို နားမထောင်ရင် မင်းတို့ကို ချုပ်ပြီးတော့ အပ်လိုက်မယ်။ ငါတို့မှာ အဲဒီလိုမျိုး အာဏာ၊ဩဇာရှိတယ်ပေါ့ အဲဒီလိုမျိုး ကျွန်တော်တို့ကို ခြိမ်းခြောက်တာ”ဟု ၎င်းက ဆက်ပြောသည်။
မေလဆန်းပိုင်းက ရခိုင်ဒေသအတွင်းရှိ မီးလောင်နေသည့်နေအိမ်များကြားတွင် ရိုင်ဖယ် သေနတ်များ ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာ လက်နက်ကိုင်များ အောင်ပွဲခံ ကြွေးကြော်နေပုံ ရုပ်သံမှတ်တမ်း အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သေးသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများတွင် ရိုဟင်ဂျာများအပါအဝင် အရပ်သား ပြည်သူများကို အကာအကွယ်ပေးရန် အမေရိကန်၊ ဥရောပ သမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးမှု ယန္တရား (IIMM)၊ အရှေ့တောင်အာရှ ပါလီမန်အမတ်များ အဖွဲ့ (APHR) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
တိုက်ပွဲများတွင် လူမျိုး၊ဘာသာ မရွေး ကူညီကယ်ဆယ် ပေးနေသည်ဟု အာရက္ခတပ်တော်(AA) က မေ ၂၀ တွင် ထုတ်ပြန်ထားသည်။
ခံစစ်ဆင်နေရသော စစ်ကောင်စီက တိုက်ပွဲသတင်း၊ အရပ်သားများ ထိခိုက်သေဆုံးမှုတို့နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။
ရခိုင်ဒေသတွင် လူမျိုးရေးမုန်းတီးမှုများ ပေါ်ပေါက်ပြီး ပြဿနာရှုပ်ထွေးစေရန်လည်း စစ်ကောင်စီက စီစဉ်နေသည်ဟု လေ့လာသူများက ပြောသည်။