
ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဖြုတ်ချခံ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုက ခိုင်လုံမဲ ၁၉၂၉ ရရှိကာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂,၅၂၂ ဦးသာ ရှိသည့် မယ်စဲ့မဲဆန္ဒနယ်၌ ဦးအယ်လ်ဖောင်းရှိုက ထောက်ခံမဲ ၂၀၀၀ နီးပါးရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယအများဆုံးမဲရခဲ့သည့် KySDP ပါတီမှ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းက မဲ ၅၀၀ နီးပါးသာ ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဦးအယ်လ်ဖောင်းရှိုသည် အဆိုပါမဲဆန္ဒနယ်မှပင် NLD ကိုယ်စားပြု ဝင်ပြိုင်ခဲ့ကာ ခိုင်လုံမဲ ၇၂၅ မဲဖြင့် အနိုင်ရရှိပြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
“ဒီ ၂၀၂၀ မှာ အပြည့်အဝနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကိုယုံထားတယ်။ အပြည့်အဝနိုင်မယ်ဆိုတာ ဒီမြို့နယ်တစ်မြို့နယ်လုံးမှာ လေးယောက်ပြိုင်မယ်။ ဒီလေးယောက်လုံး ၁၀၀ ရာခိုင်နှုန်း နိုင်လိမ့်မယ်” ဟု ပြီးခဲ့သည့် အောက်တိုဘာ ၃၀ တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ပင် ယခုရွေးကောက်ပွဲ၌လည်း မယ်စဲ့မြို့နယ်၌ မဲဆန္ဒနယ်လေးခုစလုံး NLD ပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပြည်နယ်ရန်ပုံငွေ အလွဲသုံးစားပြုသည်ဆိုကာ ၂၀၂၀ စက်တင်ဘာလဆန်းတွင် ပြည်နယ်လွှတ်တော်က ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ခဲ့ရာ အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပြီး နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဝန်ကြီးချုပ်ရာထူးမှ ရပ်စဲခြင်း ခံခဲ့ရသည်။
၂၀၁၈ ခုနှစ်အတွင်းကလည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လွိုင်ကော်မြို့၌ ဒေသခံများ ကန့်ကွက်သည့်ကြားမှ စိုက်ထူခဲ့သည့်အပေါ် ဦးအယ်လ်ဖောင်းရှိုနှင့် ကရင်နီလူငယ်များ ပဋိပက္ခဖြစ်ခဲ့ကြပြီး ကရင်နီလူငယ် ၆ ဦးမှာ ထောင်ခြောက်လကျခဲ့သည်။
သို့သော် ဦးအယ်လ်ဖောင်းရှိုသည် ၎င်း၏မဲဆန္ဒနယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ထောက်ပံ့လှူဒါန်းမှုများနှင့် လူထုအား အဆက်မပြတ်ထိတွေ့မှုတို့ကြောင့် ဒေသခံများအကြား ထောက်ခံမှုအများအပြား ရရှိထားသူဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ်၌ နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်း ၂၃ ဦးနှင့် တစ်သီးပုဂ္ဂလ ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ လူဦးရေ ၈၀၀၀ ခန့်ရှိသော ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာပေါင်း ၄ ရွာသာ ရှိသည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)