သတင်း

မန္တလေးဘိလပ်မြေစက်ရုံကို ကန့်ကွက်ခဲ့သည့် ရွာသား ထောင်တွင်းသတ်ဖြတ်ခံခဲ့ရဟု ရဲအတည်ပြု

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ခဲ့သည်ဟုဆိုကာ အိုးဘိုထောင်အတွင်း ဖမ်းဆီးထားသည့် အောင်သပြေကျေးရွာသား ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းသည် ထောင်တွင်းလူသတ်မှုဖြစ်ပြီး ထောင်သားတစ်ဦးနှင့် ထောင်တာဝန်ကျ အရာရှိများအား အရေးယူရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်းရဲ နှင့် အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အသက် ၃၈ နှစ်အရွယ် ကိုထွန်းမြင့်ဝင်းဆိုသူသည် ၎င်းတို့ရွာဘေးတွင် တည်ဆောက်နေသည့် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ခဲ့ပြီး ပဋိပက္ခများတွင် ပါဝင်ခဲ့ကြောင်း ရဲကစွပ်စွဲကာ ပြီးခဲ့သည့် ဇွန် ၂ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မန္တလေး အိုးဘိုထောင်တွင် ပြောင်းရွှေ့ထိန်းသိမ်းခံခဲ့ရပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး သုံးရက်အကြာ ဇွန် ၅ ရက်တွင် သေဆုံးသွားခဲ့သည်။

သူ၏ရုပ်အလောင်းတွင် ဒဏ်ရာဒဏ်ချက် အများအပြား တွေ့ခဲ့ရပြီးနောက် ကိုထွန်းမြင့်ဝင်းသည် မသေဆုံးမီ ရိုက်နှက်ခံခဲ့ရဖွယ်ရှိကြောင်း မိသားစုဝင်များက ထုတ်ဖော်ပြောကြားခဲ့သော်လည်း ကနဦးတွင် အကျဉ်းထောင်ဘက်က သေဆုံးသူသည် အရက်ကြောင်ခြင်း နှင့် အဖျားကြီးခြင်းတို့ကြောင့် သေဆုံးခဲ့ကြောင်း အကြောင်းပြခဲ့သည်။

အငြင်းပွားဖွယ်ရာ သေဆုံးမှုကို နှစ်လကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် အောင်သပြေရွာသားသည် ထောင်တွင်းရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဝန်ခံခဲ့သည်။

ရဲတပ်ဖွဲ့၏ယမန်နေ့ ထုတ်ပြန်ချက်အရ ကိုထွန်းမြင့်ဝင်းသည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်(၁၅)နှစ် ကျခံနေရသည့် ကိုမြတ်ကိုဦးနှင့် ထောင်အတွင်း ခိုက်ရန်ဖြစ်ပွားပြီးနောက် ရရှိခဲ့သည့်ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟု မန္တလေးတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်ကပြောသည်။

“သေဆုံးသူနဲ့မြတ်ကိုဦးက ဗလအင်အားချင်း မမျှတဘူး။ မြတ်ကိုဦးက သူ့လည်ပင်းကို ညှပ်ထားပြီး ဦးခေါင်းကို လက်သီးနဲ့ထိုးတယ်။ ပြီးတော့ အိပ်ဆောင်အနီးမှာရှိတဲ့ သစ်သားပြားရယ် ပိုက်ပျော့ရယ်နဲ့ ရိုက်တယ်။ ဒီဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်” ဟု

မန္တလေးတိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဥပဒေ နှင့် အထူးစုံစမ်းစစ်ဆေးရေးအရာရှိများ၊ လွှတ်တော်အမတ်များ ပါဝင်သည့် စုံစမ်းစစ်ဆေးမှုအဖွဲ့၏ အဖြေကို ကိုးကားပြီး ၎င်းကပြောသည်။

အဆိုပါစစ်ဆေးပေါ်ပေါက်ချက်အရ အောင်သပြေရွာသားအား သတ်ဖြတ်သူဟု စွပ်စွဲခံရသည့် အကျဉ်းသားအား လူသတ်မှုဖြင့် အမှတ်(၂)ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲအရာရှိကဆိုသည်။

ယင်းလူသတ်မှုနှင့် ဆက်စပ်ပြီး အိုးဘိုထောင်မှ သက်ဆိုင်ရာတာဝန်ရှိ အရာရှိများအားလည်း အရေးယူရန် ပြင်ဆင်နေကြောင်း အကျဉ်းဦးစီးဌာန၏ ပြောခွင့်ရအရာရှိ ဦးမင်းထွန်းစိုးက ပြောသည်။

“ထောင်မှာတာဝန်ရှိတဲ့အရာရှိတွေကို အရေးယူဖို့ ကျွန်တော်တို့ တင်ထားပါတယ်။ ထောင်ပိုင်နဲ့တော့မဆိုင်ဘူး။ သက်ဆိုင်တဲ့အဆောင်မှူးတို့ဘာတို့ကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ အရေးယူဖို့ တင်ထားပါတယ်” ဟု ၎င်းကပြောသည်။

အခြားတစ်ဖက်တွင်တော့ သေဆုံးသူ၏ မိသားစုက ရဲတပ်ဖွဲ့၏ ပြောဆိုချက်အပေါ် ဝေဖန်ခဲ့သည်။

“ထောင်အတွင်း ခိုက်ရန်ဖြစ်ပွားရအောင် ကျွန်မအစ်ကိုက နှစ်ချီထောင်ကျနေတဲ့သူလည်း မဟုတ်ဘူး။ ဘာရန်ငြိုးရန်စရှိလို့ ရန်ဖြစ်ရမှာလဲ။ အမှန်တရားက ကျွန်မတို့ဘက်မှာ မရှိပါဘူး” ဟု သေဆုံးသူ၏ ညီမကပြောသည်။

သေဆုံးသူ၏ အသက် ၈၀ အရွယ် မိခင်သည်လည်း ဘိလပ်မြေစက်ရုံသို့ ဆက်သွယ်ထားသည့် လမ်းဖောက်လုပ်မှုတွင် သူစိုက်ပျိုးနေသည်ဆိုသည့် မြေများကို ပေးရန် ငြင်းဆန်ခဲ့ပြီး ကန့်ကွက်သဖြင့် လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည်။

” ဒီကုမ္ပဏီကြီးကြောင့် အစ်ကိုလည်း သေပြီးပြီ။ အမေကလည်း ဝရမ်းပြေးဖြစ်နေတယ်။ ဥပဒေဆိုတာကြီးကိုလည်း အယုံအကြည်မရှိတော့ဘူး။ ကျွန်မတို့ကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလား” ဟု သေဆုံးသူ၏ ညီမက မေးခွန်းထုတ်သည်။

အောင်သပြေကျေးရွာဒေသခံအချို့က ၎င်းတို့ ကျေးရွာအနီးတွင် လည်ပတ်ရန် ကြိုးစားနေသည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံကို ပိတ်သိမ်းပေးရန် စီမံကိန်းစတင်ခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆန္ဒပြခဲ့ကြပြီး ကျေးရွာဒေသခံများ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသည်။

ယခုနှစ်မေလဆန်းပိုင်းက ပြန်လည် စတင်ခဲ့သည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးခံထားရသော ကျေးရွာသားများကို လွှတ်ပေးရန် ဆန္ဒပြပွဲများတွင် ကျေးရွာဒေသခံများနှင့် ရဲဝန်ထမ်းများ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ကြပြီး စက်ရုံအဆောက်အအုံများကို မီးရှို့ခဲ့သည်အထိ ပဋိပက္ခပြင်းထန်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် ထိုဘိလပ်မြေစက်ရုံစီမံကိန်းကို ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်” က သမ္မတဟောင်းဦးသိန်းစိန် လက်ထက်ကတည်းက လုပ်ပိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

၂၀၁၅ မှ ၂၀၄၀ အထိ ၂၅ နှစ်ကြာ လုပ်ပိုင်ခွင့်ပေးထားသည့် အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၇ ခုနှစ် အောက်တိုဘာက ထုတ်ပြန်သည့်စာတွင် စီမံကိန်းကို Myanmar Conch Cement (Mandalay) ကုမ္ပဏီလီမိတက်က လုပ်ကိုင်မည်ဟု ဆိုထားသည်။

၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် Anhui Conch Cement ကုမ္ပဏီနှင့် မြန်မာမှ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီလီမိတက်တို့ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ပြီး မကြာသေးမီက ဈေးကွက်အတွင်း လူသိများလာသည့် Alpha တံဆိပ် ဘိလပ်မြေကို ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်သည်။ ထိုကုမ္ပဏီသည် ကျောက်ဆည်စက်မှုနယ်မြေရှိ တန် ၅၀၀၀ ကျ အကြီးစားဘိလပ်မြေစက်ရုံကိုလည်း B.O.T စနစ်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည်။

ရွာသားများနှင့် စက်ရုံအကြား ပဋိပက္ခများအပေါ် Myanmar Now က ဘိလပ်မြေစက်ရုံကို ရင်းနှီးမြှုပ်နှံနေသည့် တရုတ် နှင့် မြန်မာ ကုမ္ပဏီများထံ ပြီးခဲ့သည့် လများက Email ဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ချက်မရခဲ့ပါ။

Show More

Related Articles

Back to top button