အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တွင် လက်သည်မပေါ်သည့် လူသတ်မှု များပြားလာ

တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် သတ်ဖြတ်မှု များပြားလာနေရာ ယခုလအတွင်း လက်သည်မပေါ်ဘဲ အသတ်ခံရသည့် ဒေသခံ ၆ ဦး ရှိသည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။

ယနေ့ (သြဂုတ် ၁၈) အထိ ဖားကန့်တွင် အမျိုးသမီးတစ်ဦး၊ အမျိုးသား ၅ ဦး သီးခြားစီ သတ်ဖြတ်ခံထားရပြီး ကျူးလွန်သူများကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဩဂုတ် ၁၇ ရက်နေ့က လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် လူငယ် ၂ ဦး၏ အလောင်းများကို ဖားကန့်မြို့ ယူမာရပ်ကွက်ရှိ လမ်းမပေါ်တွင် တွေ့ရသည်။

အဆိုပါ လူငယ်နှစ်ဦး၏ လည်ပင်းတွင် “စစ်ခွေး၊ သူခိုး၊ ဓားပြ“ ဟု ရေးသားထားသည့် စာကို ချိတ်ဆွဲပေးထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက သတ်ဖြတ်ထားသယောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံအချို့က ပြောသည်။

ထိုနေ့ တစ်နေ့တည်းတွင်ပင် ဖားပြင်စက်လှေဆိပ်တွင် ဓားဒဏ်ရာများရှိနေသော အမျိုးသားတစ်ဦး၏ အလောင်းကို ရှာတွေ့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုနေ့ ည ၁၀ နာရီခန့်က လုံးခင်းကျေးရွာရှိ Green City KTV သို့ ဆိုင်ကယ်စီး လူငယ်နှစ်ဦး ရောက်ရှိလာပြီး ဆိုင်မန်နေဂျာဖြစ်သူ အသက် (၅၀) အရွယ်ရှိ အမျိုးသားကို ပစ်သတ်သွားခဲ့သည်။

သတ်ဖြတ်မှုများ၏ နောက်ကွယ်တွင် စစ်ကောင်စီဘက်တော်သားတို့ ရှိနိုင်သည်ဟု KIA, PDF များနှင့် နီးစပ်သူ အသက် (၄၀) ကျော်အရွယ် ဒေသခံ အမျိုးသားက ယူဆသည်။

“ဘယ်သူပစ်လဲဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ၊ ကျွန်တော်တို့ဘက်ကတော့ မဟုတ်တာ သေချာသလောက်ရှိတယ်၊ အခု စစ်တပ်က ရောင်တော်ပြန်လွှတ်နေတာ၊ PDF တွေ သိက္ခာကျအောင် လုပ်ချင်နေတာ” ဟု သူက ပြောသည်။

ဩဂုတ် ၁၀ ရက်နေ့ကလည်း ဝှေခါရွာသူ အသက် (၂၂) နှစ်အရွယ် မကေသွယ်ဦး၏ အလောင်းကို ရွာအနီး တောတွင်းတစ်နေရာတွင် ရှာတွေ့ခဲ့သည်။ လည်ပင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ဟု သိရသည်။

ဩဂုတ် ၇ ရက်နေ့တွင် KIA က မြို့အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ကသိုဏ်းတောင်စခန်းကို သိမ်းပိုက်ပြီး ရက်အနည်းအကြာတွင် မြို့နယ်အတွင်း လူသတ်မှု များပြားလာခြင်းဖြစ်သည်။

ဩဂုတ် ၁ ရက်နေ့ကလည်း ဆိုင်းတောင်ရွာအနီး အမျိုးသားတစ်ဦး၏ အလောင်းကို ဒေသခံတို့ တွေ့ခဲ့ရသည်၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့်အတွက် မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်ခဲ့ပေ။

တိုက်ပွဲများအပြင် လုယက်သတ်ဖြတ်မှုများကြောင့် ဖားကန့်မြို့သည် ဥပဒေကင်းမဲ့သည့် ဒုစရိုက်မြို့အသွင် ဆောင်လာသည်ဟု အသက် (၄၀) ကျော်အရွယ် ဒေသခံ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်လို့ ပစ်ကြခတ်ကြတာလည်း ကြောက်ရတယ်၊ ဘယ်အချိန် လူလာသတ်ပြီး လုယူသွားမလဲဆိုပြီးလည်း ပူနေရတယ်။ စားဝတ်နေရေးအတွက်သာ ဈေးရောင်းနေရတာ အမှန်က နေကိုမနေချင်တော့ဘူး” ဟု အဆိုပါ ဈေးသည်အမျိုးသမီးက ပြောသည်။

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့် ဖားကန့်မြို့တွင် KIA နှင့် စစ်တပ်တို့အကြား အကျိုးစီးပွားထိန်းချုပ်နိုင်ရေး အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေသလို မူးယစ်ဆေးနှင့် အကျင့်ပျက်ချစားမှုများ ဓားပြမှု၊ လုယက်မှုများ အပါအဝင် ရာဇဝတ်မှုများလည်း အဆက်မပြတ်ဖြစ်ပွားနေသည်။

စားသောက်ဆိုင်ပိုင်ရှင်များ၊ ကျောက်စိမ်းလုပ်ငန်းရှင်များ၊ မကြာခဏ ခြိမ်းခြောက် ငွေညစ် သတ်ဖြတ်ခံနေရသလို စစ်တပ်နှင့် KIA,PDF တို့အကြား အပြန်အလှန် လုပ်ကြံသတ်ဖြတ်မှုများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button