ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ ဆိုင်ခန်းတွင် အသတ်ခံရသည့် မိန်းကလေးအမှုနှင့် ပတ်သက်ပြီး သံသယရှိသူကို ရက္ခိုင့်တပ်တော် (AA) ၏ ဒေသဆိုင်ရာတရားရုံးက ယနေ့ (ဖေဖော်ဝါရီ ၃) သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။
၂၀၂၂၊ ဩဂုတ် ၁၅ က Luminous လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွင် အသက် ၁၈ နှစ်အရွယ် အရောင်းဝန်ထမ်း မနွယ်သန္တာဝင်း အသတ်ခံရသည့် အမှုအတွက် ထိုဆိုင်မန်နေဂျာကို ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“ဒီအမှုကို ကျွန်တော်တို့ ရက္ခိုင်ပြည်သူ့အစိုးရရဲ့ တရားရေးဌာနက လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က စတင်လက်ခံရရှိခဲ့ပြီးတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ စနစ်တကျ စစ်ဆေးခဲ့ပြီးတော့ ဒီနေ့မှာတော့ အပြီးသတ်အမိန့်ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ဆိုင်မန်နေဂျာဖြစ်သူ ကိုမျိုးမြင့်ဇော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁)(ဂ) အရ “မသေမချင်း ကြိုးကွင်းစွပ် သတ်စေ” ဟု အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီအမှုနဲ့ ပတ်သက်ပြီး တရားခံကို သေဒဏ်အမိန့်ချမှတ်လိုက်ပေမဲ့ တရားခံဘက်က တရားရုံးချုပ်သို့ ဥပဒေနဲ့အညီ အယူခံ ဆက်တက်နိုင်ဖို့အတွက် ကျွန်တော်တို့ဘက်က အခွင့်အရေးပေးထားပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ယခုပြစ်ဒဏ်ကို ကျေနပ်မှု မရှိပါက ဗဟိုတရားရုံးသို့ အယူခံတက်နိုင်ပြီး ပယ်ချခံရလျှင် နောက်ဆုံးအဆင့်အနေဖြင့် AA/ULA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ထံ အယူခံတက်နိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ဆိုင်မန်နေဂျာကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသလို AA/ULA တရားစီရင်ရေးစနစ်၏ သမာသမတ်ကျမှုအခြေအနေအကြောင်း မသိရသေးပေ။
ရခိုင်ဒေသတွင် သြဇာကြီးမားသော AA/ULA က ကျေးလက်ဒေသအုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရား လည်ပတ်နေသည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်သော်လည်း လူသတ်မှုတစ်ခုအတွက် စီရင်ချက်ချကြောင်း ထုတ်ဖော်ပြောဆိုမှုမှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည့်အပြင် ယခုအမှုမှာလည်း မြို့တော်စစ်တွေတွင် ပေါ်ပေါက်ခဲ့သော အမှုဖြစ်သည်။
မနွယ်သန္တာဝင်း အသတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း အမှုဖြစ်ပွားသည့် နေရာဝန်းကျင်မှ လူငယ်တစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။
ထို့နောက် တရားရုံးတွင် ထိုလူငယ်ကို လေးလခန့်ကြာ စစ်ဆေးကာ ဇန်နဝါရီ ၂၇ တွင် အပြစ်မရှိဟု ဆိုကာ ပြန်လွှတ်ပေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အာဏာအားပြိုင်မှုများရှိနေသည့် ရက္ခိုင့်တပ်တော် (AA) သည် မြို့နယ်အများအပြားကို ထိန်းချုပ်ပြီး တရားစီရင်ရေး၊ အုပ်ချုပ်ရေးကိစ္စများကို လုပ်ဆောင်နေရာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား မြို့ပေါ်တွင်သာ လွှမ်းမိုးမှုရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)