သတင်း

KNU ညီလာခံ အွန်လိုင်းတွင် ကျင်းပ၊ တပ်မဟာ ၅ ကိုယ်စားလှယ်များ မတက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခေါင်းဆောင်ပိုင်း ရွေးချယ်ရာတွင် အရေးပါသည့် ညီလာခံကို နှစ်နှစ်ကျော်ကြာ ရွှေ့ဆိုင်းထားရာမှ ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) က စတင်ပြီး အွန်လိုင်းတွင် ပြုလုပ်နေရာ တပ်မဟာ ၅ (ဖာပွန်ခရိုင်) မှ တာဝန်ခံများ ပါဝင်တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

ယမန်နေ့က စတင်ကျင်းပသော ညီလာခံကို စစ်ရေးအရ အရေးပါသော တပ်မဟာ ၅ နယ်မြေ (ဖာပွန်ခရိုင်) မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိကြောင်း ထိုတပ်မဟာမှ အမည်မဖော်လိုသော ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုခဲ့သည်၊ တက်ရောက်ရန် ငြင်းဆိုသည့် အကြောင်းရင်းကို သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ခေါင်းဆောင်ပိုင်း ရွေးချယ်ရာတွင် အရေးပါသော ထိုညီလာခံနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို Myanmar Now က ယမန်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် မှတ်ချက်မပေးလိုသေးကြောင်း ပြောသည်။

ဖာပွန်ခရိုင်သည် စစ်ရေးပြင်းထန်သော နယ်မြေဖြစ်ပြီး ကရင်လူထု ထောက်ခံမှုများပြားသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ အခြေစိုက်ရာဒေသဖြစ်သည်။

ထိုမတက်ရောက်မှုမှာ ညီလာခံအပေါ် သက်ရောက်မှုအချို့ ရှိလာနိုင်မည်ဖြစ်သော်လည်း ညှိနှိုင်းမှုများဖြင့် အဆင်ပြေနိုင်မည်ဟု ယူဆကြောင်း KNU ခရိုင်ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိ KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော ၁၆ ကြိမ်မြောက် ညီလာခံမှ ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။

ညီလာခံကို ၄ နှစ်လျှင် ၁ ကြိမ် ပြုလုပ်ရမည် ဖြစ်သော်လည်း ၂၀၂၀ တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ဖြစ်ပွားနေခြင်း၊ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်း စသည့် အခြေအနေများ ဆက်တိုက်ပေါ်ပေါက်သည်။

၂၀၁၅ တွင် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးခဲ့သော KNU သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး လက်နက်ကိုင်ခုခံလိုသူများအား စစ်သင်တန်းပေးသလို စစ်ကောင်စီလက်အောက်မှ ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးခဲ့ရာ KNU ၏ တပ်မဟာ ၇ ခုလုံးတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

သို့သော်လည်း ၂၀၂၁ မေ ၁၀ တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက KNU အနေဖြင့် NCA စာချုပ်အတိုင်း လိုက်နာကျင့်သုံးရန်၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန် စသည့်အချက်များကို ၎င်း၏ လက်မှတ်ဖြင့် စာထုတ်ပြန်ခဲ့ရာ ဝေဖန်မှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုစဉ်က အဆိုပါထုတ်ပြန်ချက်မှာ KNU ဥက္ကဋ္ဌ၏ ပုဂ္ဂလိကအမြင်သာဖြစ်ကြောင်း KNU က တုံ့ပြန်ခဲ့သည်။

ယင်းနှစ် ဩဂုတ် ၂၄ တွင် တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေအတွင်း NUG နှင့် PDF များ လက်ခံထားခြင်း မပြုရန်၊ စစ်ရေးနည်းလမ်းကို ရှောင်နိုင်သမျှ ရှောင်ရန် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၏ လက်ရေးမူဖြင့် ညွှန်ကြားချက် ထွက်ပေါ်ခဲ့သည်။ ထိုညွှန်ကြားစာသည်လည်း ၎င်းတစ်ဦးတည်း၏ အမြင်သဘောထားဖြစ်ကြောင်း KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောထားသည်။

၂၀၁၅ ခုနှစ် ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွင် တွေ့ရသော KNLA ဒု စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ။ (ဓာတ်ပုံ-Atid Kiattisaksiri/LightRocket via Getty Images)

လက်ရှိတွင် KNU နယ်မြေများတွင် လက်အောက်ခံ ကရင်လက်နက်ကိုင်တပ်များသာမက KNU က လေ့ကျင့်ပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ပွဲဝင်နေသည်။

ထို့ကြောင့် KNU ခေါင်းဆောင်ပိုင်းအပြောင်းအလဲသည် တော်လှန်ရေးအပေါ် သက်ရောက်မှုရှိပြီး ခေါင်းဆောင်ပိုင်းအပြောင်းအလဲကို လိုလားနေသူများလည်း ရှိကြသည်။

ဒေသတွင်း ဩဇာရှိသည့် ကရင်အမျိုးသမီးအဖွဲ့ (KWO) မှ အမြဲတမ်းဗဟိုကော်မတီဝင် နော်ဆဲဆဲက KNU ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဖြစ်လာမည်ကို မျှော်လင့်နေသည်ဟု ဆိုသည်။

“ပြတ်ပြတ်သားသား ခေါင်းဆောင်မျိုး လိုချင်တယ်။ အဖွဲ့ရဲ့ မူပေါ်လစီ၊ ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ ခေါင်းဆောင်မျိုးကို တာဝန်ယူမှု တာဝန်ခံမှု နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ခေါင်းဆောင်မျိုးကို လိုလားတယ်” ဟု သူက ပြောသည်။

မကြာသေးမီရက်ပိုင်းက ကရင့်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော် စုပေါင်း၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တရားမဝင်လောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြို့သစ်စီမံကိန်းများ တည်ဆောက်ရန် ပတ်သက်ဆက်နွှယ်နေသည့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြရာ KWO လည်း အပါအဝင်ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစား အပါအဝင် ရာဇဝတ်မှုမကင်းသည့် လုပ်ငန်းများကို လက်မခံကြောင်း၊ ခွင့်ပြုထားခြင်းလည်း မရှိကြောင်း KNU က ဖေဖော်ဝါရီ ၂၆ တွင် ကြေညာချက် ထုတ်ပြီး တုံ့ပြန်ထားသည်။

ယခင်ညီလာခံများကို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ခရိုင် (တပ်မဟာ) အလိုက် စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ပြီး တစ်လနီးပါးခန့် ကျင်းပပြုလုပ်လေ့ရှိသည်။

သို့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အချိန်တွင် ညီလာခံကို တစ်နေရာတည်းတွင် လူစုလူဝေးဖြင့် ပြုလုပ်ခြင်းမရှိဘဲ အွန်လိုင်းမှသာ ပြုလုပ်ခြင်းဖြစ်သည်။

ယခုနှစ် ကျင်းပသည့် ညီလာခံသည် ပုံစံသစ်ဖြစ်ခြင်းကြောင့် မည်မျှကြာမြင့်မည်ကို မခန့်မှန်းနိုင်ကြောင်း၊ ယခင်နှစ်များထက် ပိုပြီးအချိန်ကြာမည်ဟု မထင်ကြောင်း KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

ကရင်လူထုက KNU ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ရန် လိုလားနေမှုများ ရှိနေပြီး ယင်းအချက်သည် KNU ၏ နိုင်ငံရေးသိက္ခာအပေါ် မူတည်နေသည်ဟု ယူဆနေကြကြောင်း ၎င်းက ဆိုသည်။

“KNU ရဲ့ နိုင်ငံရေးသိက္ခာအပေါ် အများကြီး မူတည်တယ်လို့ ယူဆကြပုံရတယ်။ အပြောင်းအလဲကတော့ တစ်စိတ်တစ်ပိုင်းလောက်တော့ ရှိမယ် ထင်တာပဲ။ ဒါပေမဲ့ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းအပေါ် မူတည်ပါလိမ့်မယ်” ဟု သူက ပြောသည်။

KNU ၏ ညီလာခံသည် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စသည်ဖြင့် အဆင့်ဆင့် ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ်များက ၄ နှစ်လျှင် တစ်ကြိမ် ညီလာခံကျင်းပကာ ဗဟိုအမြဲတမ်းကော်မတီအဖြစ် ကိုယ်စားလှယ် ၅၀ ကျော် ရွေးချယ်ကြသည်။

ယင်းတို့ထဲမှ KNU ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ် စသည့် ခေါင်းဆောင်ပိုင်းများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖြစ် ပြန်လည်ရွေးချယ်ခြင်း ဖြစ်သည်။

လက်ရှိတွင် KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းတို့က တာဝန်ယူထားသည်။

KNU အုပ်ချုပ်ရေးအောက်တွင် တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ တပ်မဟာ ၇ ဖားအံခရိုင်တို့ရှိကာ လက်နက်ကိုင်တပ်များအဖြစ် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့ ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button