သတင်း

ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်မှာ ပုဂ္ဂလိကအမြင်သာဖြစ်သည်ဟု KNU ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း လိုက်နာကျင့်သုံးရန် တိုက်တွန်းခဲ့မှုမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏ ပုဂ္ဂလိကအမြင်သာဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက KNU အနေဖြင့် NCA စာချုပ်အတိုင်း လိုက်နာကျင့်သုံးရန်၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန် စသည့်အချက်များကို မေ ၁၀ တွင် ၎င်း၏ လက်မှတ်ဖြင့် စာထုတ်ပြန်ခဲ့သည်။

“KNU က ဒီ NCA အပေါ်မှာ ပယ်ဖျက်ပြီလားဆိုတာ တရားဝင်ဖျက်တာတော့ ဘယ်သူမှ မရှိဘူးလေ။ NCA က ရှိနေတာပဲ။ အကောင်အထည်မဖော်ကြတာပဲ ရှိတယ်။ NCA ပြဋ္ဌာန်းချက်အတိုင်း အားလုံးက လိုက်နာမယ်ဆိုရင် တစ်မျိုးပေါ့” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“အခုက နိုင်ငံရေးအခြေအနေက တစ်မျိုးဖြစ်သွားတယ်။ ဒါပေမဲ့ သူ့ရဲ့ (​စောမူတူး​စေးဖိုးရဲ့)သဘောထားက မူလက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းရမယ်။ ဒါကြောင့်မို့ အားလုံးကိုတော့ သူက သူ့သဘောထားပြတယ်၊ တိုက်တွန်းတယ်။ တပ်မတော်ရော အကုန်လုံးပေါ့” 

လက်ရှိအချိန်တွင် စစ်တပ်က တစ်လ ထပ်မံ၍ အပစ်ရပ်ကြေညာထားသော်လည်း KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

KNU အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ NCA မူဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေဖြင့်လည်း NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် အလေးအနက်တိုက်တွန်းကြောင်း ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက သဘောထားထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်  မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအချိန်အခါအခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် ၎င်းက တိုက်တွန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (KNLA) တို့နှင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မတ်လဆန်းမှစ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။

လက်နက်ကိုင်နှစ်ဖွဲ့လုံးက စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး လူထုဘက်မှ ရပ်တည်သွားရန် ကြေညာထားကြသည်။ 

လူထုထောက်ခံမှုရထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းကြောင်း ကြေညာခဲ့သောကြောင့် လက်ရှိအချိန်တွင် စစ်ရေး၊ နိုင်ငံရေးအခြေအနေ တင်းမာနေသည်။

ယင်းအချိန်တွင် KNU ဥက္ကဋ္ဌ၏ NCA အတိုင်းသွားရန် သဘောထားကြေညာချက် ထွက်ပေါ်လာသောကြောင့် ဝေဖန်ခံနေရသည်။ 

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးသည် ပြီးခဲ့သည့် မတ်လ ၂၂ ရက် ​ရက်စွဲဖြင့် အာဏာသိမ်း​ခေါင်း​ဆောင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ ၎င်း၏သဘောထားကို ဖော်ပြခဲ့သည်။ 

ထိုစဉ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူလူထုအပေါ် စစ်တပ်က ခြိမ်းခြောက်၊ တိုက်ခိုက်၊ သတ်ဖြတ်မှုများကို စစ်ဆင်ရေးသဖွယ် လုပ်ဆောင်နေခြင်းများကို KNU အနေဖြင့် လုံးဝ လက်ခံနိုင်စရာမရှိဟု ဆိုခဲ့သည်။

မတ် ၂၆ တွင်လည်း ဆန္ဒပြနှိမ်နင်းသည့် စစ်တပ်ဖွဲ့များအား သက်ဆိုင်ရာ အခြေစိုက်စခန်းများသို့ ပြန်ရုပ်သိမ်းရန်၊ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးပြီး စွဲချက်တင်ထားသည်များကို ပယ်ဖျက်ပေးရန်၊ အာဏာသိမ်းပြီးနောက် ထုတ်ပြန်ခဲ့သည့် ဥပဒေများအားလုံးအား ပြန်ရုပ်သိမ်းရန်၊ နိုင်ငံရေးပြဿနာများကို စေ့စပ်ညှိနှိုင်းဖြေရှင်းရေးအတွက် သဘောတူရန်၊  တပ်မတော်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ရေး စေ့စပ်ညှိနှိုင်းခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းပေးရန် ထုတ်ပြန်ခဲ့သေးသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်မှစ၍ KNU တပ်မဟာများကို စစ်တပ်မှ လေကြောင်းထိုးစစ်ဆင်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂၀ ဦးအထိ သေဆုံးခဲ့ပြီး လူသောင်းချီ စစ်ရှောင်နေရသည်။  

၂၀၁၅ ခုနှစ်တွင် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးခဲ့သော KNU သည် ၂၀၁၈ အောက်တိုဘာအတွင်း နေပြည်တော်တွင် ပြုလုပ်သည့် NCA ၃ နှစ်ပြည့်အခမ်းအနားတွင် အစိုးရ၊ စစ်တပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးမှုအပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှ ယာယီရပ်ဆိုင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ KNU က စာပို့ကာ ယာယီနုတ်ထွက်ခဲ့သည်။

အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားကြသော KNU နှင့် စစ်တပ်သည် ၂၀၁၈ ကတည်းက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း စစ်တပ်၏ လမ်းဖောက်လုပ်နေမှုမှ အစပြု၍ တိုက်ပွဲများ မကြာခဏ ပြန်လည်ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ၊ ဇူလိုင်လအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကိုလိုထကျေးရွာမှ အသက် ၄၀ အရွယ် နော်မူနော်ဆိုသည့် ကရင်အမျိုးသမီးတစ်ဦးကို စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၄၀၉ မှ တပ်သားနှစ်ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများလုယက်ပြီး ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ပြီးနောက် ဖာပွန်ဒေသမှ စစ်ခန်းများရုပ်သိမ်းပေးရေး ဒေသခံများက ဆန္ဒပြမှုများ မြင့်တက်လာခဲ့သည်။ 

ကရင်ပြည်နယ်၊ ဖာပွန်ဒေသအတွင်း ၂၀၂၀၊ ဧပြီ ၁ မှ ဇွန် ၃ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ၈၈ ကြိမ် ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်က သတ်မှတ်နယ်မြေကျော်လွန်ခြင်းနှင့် တပ်စခန်းများ လာရောက်ချထားခြင်းတို့ကြောင့် ဖြစ်ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။ 

လက်ရှိ ဖာပွန်ခရိုင်တွင် တပ်မတော် ခြေမြန်တပ်ရင်း ၃၄၀၊ ၃၄၁၊ ၄၃၄ နှင့် ၆၄၂ တို့ ရှိပြီး အခြေချစစ်ဗျူဟာတစ်ဖွဲ့၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ရင်း ( BGF)  ၁၀၁၃ နှင့် ၁၀၁၄ တို့ ရှိနေသည်။

၂၀၂၀ ဒီဇင်ဘာလဆန်းမှစ၍ ဖာပွန်ဒေသတွင် စစ်တပ်နှင့် KNU ကြား တိုက်ပွဲများ စတင်လာပြီးနောက် ဒေသခံအများအပြားလည်း စစ်ရှောင်ခဲ့ရသည်။

ကရင်အရပ်ဘက်အဖွဲ့အစည်းများကလည်း စစ်တပ်သည် NCA စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်နေကြောင်း ဝေဖန်ခဲ့ကြသည်။

စစ်တပ်နှင့် KNU တို့ ဆွေးနွေးနိုင်ခြင်း မရှိသေးချိန်တွင် စစ်တပ်ဘက်မှ ဖာပွန်ခရိုင်အတွင်း တပ်အင်အားတိုးချဲ့ခြင်း၊ တပ်စခန်းသစ်များ ထပ်မံတည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုသည်။ 

အပစ်ရပ် NCA စာချုပ် အခန်း (၃) တွင် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးရမည်ဟု ပါရှိပြီး အပစ်ရပ်နယ်မြေအတွင်း နှစ်ဖက်တပ်များက နယ်မြေစိုးမိုးရေးလှုပ်ရှားမှုများ၊ စစ်အင်အားတိုးချဲ့ခြင်းများနှင့် တိုက်ခိုက်မှုများ မလုပ်ဆောင်ရန် ပါရှိသည်။

စစ်တပ်နှင့် KNU ကြား တိုက်ပွဲများသည် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျောက်ကြီးမြို့နယ်အထိ ကူးစက်ဖြစ်ပွားလာခဲ့သည်။ 

၂၀၂၁ ဇန်နဝါရီ ၂၆ ကလည်း စစ်တပ်၏ တပ်ရင်းတစ်ခု စခန်းချထားသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ ( မဲဝိုင်) ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရပြီး စစ်တပ်၏ လက်ချက်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းကို ဆွေးနွေးအဖြေရှာရန် စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံ ၂၀၂၀ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စာပေးပို့ခဲ့သော်လည်း စစ်တပ်က အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။ 

အပစ်ရပ် NCA စာချုပ်တွင် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိသည်။

Show More

Related Articles

Back to top button