သတင်း

တပ်မတော် စခန်းချထားသည့်ကျေးရွာတွင် နေအိမ်တစ်လုံးမီးရှို့ခံရ

တပ်မတော်တပ်ရင်းတစ်ခု စခန်းချထားသည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ ( မဲဝိုင်) ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ဇန်နဝါရီ ၂၄ တွင် မီးရှို့ခံလိုက်ရသည်ဟု ကရင်လူငယ်ကွန်ရက် (KYN) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မဲဝိုင်ရွာအနီးတွင် တပ်မတော် ခြေမြန်တပ်ရင်း ခမရ ၃၃၉ တပ်ရင်း အခြေစိုက်ပြီး ယင်းနေအိမ် မီးရှို့ခံရချိန်တွင် ကျေးရွာအနီး အဆိုပါတပ်ရင်းသာရှိသည်ဟု KYN အဖွဲ့ဝင် ကိုစောကျော်လင်းက ပြောသည်။

“မဲဝိုင်ရွာထဲမှာကိုက တပ်မ‌တော်က စခန်းချထားတယ်။ ဒါပေမယ့် သူတို့ စခန်းချထားတဲ့ ရွာထဲမှာ သူတို့စခန်းနဲ့ နီးတဲ့ အိမ်တစ်လုံးကို မီးရှို့လိုက်တယ်ပေါ့နော်” ဟု ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး ကိုစောကျော်လင်းက ပြောသည်။

ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ တပ်မဟာ (၅) တို့ ၂၀၂၀ ၊ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

ထို့ကြောင့် အဆိုပါကျေးရွာမှ ဒေသခံအများစုသည် ဇန်နဝါရီလဆန်းမှစ၍ ဘေးလွတ်ရာ တိမ်းရှောင်နေကြ၍  ရွာတွင် တစ်ယောက်၊ နှစ်ယောက်ခန့်သာ နေထိုင်ကြသည်ဟု သိရသည်။ ရွာကြီးတစ်ရွာဖြစ်သော်လည်း အိမ်ခြေနှင့် လူဦးရေကို အတိအကျ မသိရသေးပေ။

မဲဝိုင်ရွာမှာ ယခင်ကတည်းက တပ်မတော်နှင့် KNU တပ်များအကြား စစ်ရေးတင်းမာသည့် ဒေသဖြစ်သော်လည်း ရွာမီးရှို့ခံရသည့် အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ကိုစောကျော်လင်းက ဆိုသည်။

ဖြစ်စဉ်အသေးစိတ်အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်ဟု KNU အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ ဘာမှပြောလို့မရသေးဘူး သတင်းစောင့်နေတုန်းပဲ” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

မဲဝိုင်ရွာအနီးတွင် အထိုင်ချနေသည့် တပ်ရင်း ခမရ ၃၃၉ တပ်ရင်းမှာ ၂၀၁၀  ရွေးကောက်ပွဲအပြီး လူထုကို အကာအကွယ်ယူသည့် သဘောဖြင့် စခန်းငယ်လေးတစ်ခု တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း စခန်းချဲ့ထွင်လာခြင်းဖြစ်သည်ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ဖာပွန်ခရိုင်အတွင်း တပ်မတော်က စစ်ရေးတိုးချဲ့ဆောင်ရွက်မှုများ ရှိနေပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ လေးခေါ်ထီ၊ နားကိုခီး၊ မယ်သူနှင့် မယ်ဝေ ကျေးရွာအုပ်စုများမှ ဒေသခံ ၁,၀၀၀ ကျော်က ဇန်နဝါရီ ၆ က ဆန္ဒပြခဲ့ကြသေးသည်။ 

KNU ၏ ဖာပွန်ခရိုင်မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောမန်းမန်းကမူ “အောက်ခြေသတင်းများအရ ကျေးရွာနေအိမ်ကို ခမရ ၃၃၉ က မီးရှို့လိုက်ခြင်းဖြစ်သည်” ဟု ကရင်အခြေစိုက်သတင်းဌာန ကရင်သတင်းစဉ် (KIC) ကို ဇန်နဝါရီ ၂၅ တွင် ဖြေကြားထားသည်။

မဲဝိုင်ရွာရှိနေအိမ်ကို တပ်မတော်က မီးရှို့သည်ဆိုသည်မှာ စွပ်စွဲချက်သာဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဇန်နဝါရီ ၂၆ နေပြည်တော် သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက်များကို ပြောသည်။

KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သည့် ဖာပွန်ခရိုင်အတွင်းတွင် တပ်စခန်း ၁၄ ခု ရုပ်သိမ်းပေးခဲ့ပြီး မဲဝိုင်စခန်းမှာ ၁၉၉၅ ခုနှစ်ကတည်းက တည်ဆောက်ထားသည့်စခန်းသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်ပြောလိုတာကတော့ အဲဒီနယ်မြေ (ဖာပွန်ခရိုင်) မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက သယံဇာတ အကျိုးစီးပွားနဲ့ ဆိုင်တယ်လို့‌ပဲ ပြောချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ဆက်လက်ပြီး တပ်မတော်အနေဖြင့် ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း KNU ထိန်းချုပ်နယ်မြေများဖြစ်သည့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့မှ တပ်စခန်းပေါင်း ၆၁ ခုကို ရုပ်သိမ်းပေးခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဖာပွန်ခရိုင်အတွင်း ဒီဇင်ဘာလန်းမှစ၍ ပြန်ဖြစ်ပွားလာသည့် တပ်မတော်နှင့် KNU တပ်မဟာ ၅ တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်နေကြရသည်။

 KNU သည် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တွင် အပါအဝင်ဖြစ်သည်။ 

Show More

Related Articles

Back to top button