သတင်း

တပ်မတော်စခန်းများရုပ်သိမ်းရန် ကရင်ပြည်နယ် ဖာပွန်ဒေသခံများဆန္ဒပြ

ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် ဒေသခံအမျိုးသမီးတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မကျေနပ်သည့် ဒေသခံ ၄၀၀၀ ကျော်ခန့်က တပ်မတော်စစ်စခန်းများ ရုပ်သိမ်းပေးရန် ယနေ့ (ဇူလိုင် ၂၈) နံနက်ပိုင်းတွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဖာပွန်မြို့နယ် ကိုလိုထကျေးရွာမှ အသက် ၄၀ အရွယ် နော်မူနော်ဆိုသည့် ကရင်အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၆ ရက်တွင် တပ်မတော်ခြေမြန်တပ်ရင်း ခမရ ၄၀၉ မှ တပ်သားနှစ်ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများလုယက်ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ 

ဒေသခံကရင်အမျိုးသမီး အသတ်ခံရမှုနှင့်ပတ်သက်၍ မကျေနပ်သည့် ဒေသခံများက ကရင်ပြည်နယ် ကမမောင်းမြို့နှင့် ဖာပွန်မြို့သို့ ချီတက်ဆန္ဒပြခဲ့ကြပြီး တပ်မတော်စစ်စခန်းများ ၎င်းတို့နယ်မြေအတွင်းမှ ရုပ်သိမ်းသွားရန် တောင်းဆိုခဲ့ကြသည်။ 

ယနေ့နေ့လယ် ၃ နာရီခွဲခန့်အထိ ဆန္ဒပြသူများက ကမမောင်းမြို့အထိ လမ်းလျှောက်ကာ ဆက်လက်ဆန္ဒပြနေဆဲဖြစ်သည်ဟု အဆိုပါဆန္ဒပြပွဲကို ဝန်းရံနေသည့် ကရင်အမျိုးသမီးအစည်းအရုံး(KWU) ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှက ပြောသည်။

ယခုဆန္ဒထုတ်ဖော်မှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဇူလိုင် ၂၂ ရက်နေ့မှာလည်း ဖာပွန်မြို့နယ်တွင် ဒေသခံ ၁၅၀၀ ကျော်က ဖာပွန်မြို့နယ်အတွင်းက တပ်စခန်းများရုပ်သိမ်းသွားရန် ဆန္ဒပြခဲ့ကြသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်မောင်တို့အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဒေသခံရွာများအကြား တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် မကြာခဏကျရောက်ပေါက်ကွဲခြင်း ဒေသခံများ သတ်ဖြတ်ခံနေရသည့်အတွက် တပ်မတော်စခန်းများ ထွက်သွားရန် ဆန္ဒပြရခြင်းဖြစ်ကြောင်း အဆိုပါဆန္ဒပြပွဲတွင်ပါဝင်သည့် ဒေသခံ ကိုစောဘီက ပြောသည်။

“တပ်ရှိနေရင် ကျွန်တော်တို့သွားလာလှုပ်ရှားရတာ အဆင်မပြေဘူး၊ ဘဝလည်း လုံခြုံမှာမဟုတ်ဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။

နော်မူနော်ကို သတ်သွားသည့် တပ်သားနှစ်ဦးမှာ ပိုလိုထရွာအနီးတဝိုက်ရှိ တပ်စခန်းတစ်ခုမှ တပ်သား သန်းစိုးလွင်နှင့် ဟိန်းမင်းထက်ဖြစ်ပြီး ၎င်းတို့အား ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်၌ ဖမ်းဆီးစစ်ဆေးနေကာ စစ်စည်းကမ်းအရ အရေးယူသွားဖြစ်ဖြစ်ကြောင်း တပ်မတော်က ဇူလိုင် ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသမီးအသတ်ခံရမှုနှင့် ပတ်သက်၍ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်ငြိမ်းချမ်းရေး ထောက်ပံ့ရေးကွန်ရက်(KPSN) စသည့်အဖွဲ့များက တပ်မတော်ကို ရှုတ်ချကြောင်း ဇူလိုင် ၂၁ တွင် ထုတ်ပြန်ခဲ့သည်။ 

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ပြီးခဲ့သည့်ဧပြီလအတွင်းက တပ်မတော်နှင့် KNU တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။ တပ်မတော်ဘက်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက စွပ်စွဲခဲ့သော်လည်း တပ်မတော်ဘက်ကမူ အရပ်ဝတ် KNU တပ်သားတစ်ယောက်ကို အသေဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 

Show More

Related Articles

Back to top button