အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မဲမပေးလျှင် အဖမ်းခံရမည်ဟု ကောလာဟလထွက်၊ စစ်တပ်၏ ရွေးကောက်ပွဲဒုတိယပိုင်းကျင်းပ

အာဏာသိမ်း စစ်ကော်မရှင်သည် တော်လှန်ရေးတပ်များ အားကောင်းသည့် မြန်မာနိုင်ငံ နေရာဒေသအချို့အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၂ ခု၌ ရွေးကောက်ပွဲအပိုင်း (၂) ကို ယနေ့ ဆက်လက်ကျင်းပနေသည်။

အာဏာသိမ်း စစ်ကော်မရှင်သည် တော်လှန်ရေးတပ်များ အားကောင်းသည့် မြန်မာနိုင်ငံ နေရာဒေသအချို့အပါအဝင် တိုင်းနှင့် ပြည်နယ် ၁၂ ခု၌ ရွေးကောက်ပွဲအပိုင်း (၂) ကို ယနေ့ ဆက်လက်ကျင်းပနေသည်။

ရွေးကောက်ပွဲအပိုင်း (၂) ကို ကချင်၊ ကယား (ကရင်နီ)၊ မွန်၊ ရှမ်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း စသည့် တိုင်းနှင့် ပြည်နယ် ၁၂ ခုတို့တွင် ကျင်းပမည်ဟု စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ရွေးကောက်ပွဲအပိုင်း (၂) တွင် ရန်ကုန် ၊ မန္တလေးနှင့် ပဲခူးတိုင်းရှိ မြို့နယ်အချို့၌ မဲမပေးပါက ဖမ်းဆီးခံရနိုင်သည်ဟု ကောလာဟလထွက်နေပြီး စိုးရိမ်ချက်ကြောင့် မဲပေးသူများရှိကြောင်း Myanmar Now က စုံစမ်း သိရသည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်ဘက်ကမူ အဆိုပါသတင်း မမှန်ကြောင်း ငြင်းဆိုသည်။

ရန်ကုန်

ရန်ကုန်တွင်မူ ရွေးကောက်ပွဲ၌ မဲမထည့်ပါက ဖမ်းဆီးခံရနိုင်သည်ဟု ကောလာဟလသတင်းတရပ် ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသဖြစ်သည့် လူဦးရေ ကိုးသန်းကျော်နေထိုင်သော ရန်ကုန်တိုင်းတွင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲအပိုင်း (၂) ကို မြို့နယ် ၁၆ မြို့နယ်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။

ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်နေသည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ထဲက မဲရုံတစ်ရုံမြင်ကွင်း။
Photo Credit – Myanmar Now

ရွေးကောက်ပွဲ လုပ်မည့် မြို့နယ်များမှာ (၁) ဗဟန်း ၊ (၂) ပန်းဘဲတန်း ၊ (၃) လသာ ၊ (၄) ကော့မှူး ၊ (၅)  ကွမ်းခြံကုန်း၊ (၆) ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (၇) ဒေါပုံ၊ (၈) ပုဇွန်တောင်၊ (၉) လှိုင် ၊ (၁၀) ရွှေပြည်သာ ၊ (၁၁) ထန်းတပင်၊ (၁၂) လှည်းကူး၊ (၁၃) တောင်ဥက္ကလာပ၊ (၁၄) ကိုးကိုးကျွန်း၊ (၁၅) ကြည့်မြင်တိုင်နှင့် (၁၆) အင်းစိန်တို့ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်အရ သိရသည်။

မကြာသေးသည့် ဒီဇင်ဘာလ ၂၈ ရက်က ပြုလုပ်သွားသော ရွေးကောက်ပွဲအပိုင်း (၁) တွင် ရန်ကုန်တိုင်း၌ မြို့နယ် ၁၂ မြို့နယ်တွင် မဲရုံများဖွင့်၍ ရွေးကောက်ပွဲလုပ်ခဲ့သည်။

ယနေ့မနက်ပိုင်း ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပနေစဉ် စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းထဲရှိ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်နှင့် လသာမြို့နယ်တို့ရှိ မဲရုံအချို့ကို လာရောက်ကြည့်ရှုသွားကြောင်း စစ်တပ်ထိန်းချုပ်သတင်းဌာနများကရေးသားကြသည်။

Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦး၏အဆိုအရ ရန်ကုန်တိုင်း လသာမြို့နယ်တွင် မဲပေးသူများသည် လူငယ်ပိုင်းထက် လူကြီးပိုင်း ပိုများကြောင်းသိရသည်။

“သူတို့နဲ့စကားပြောကြည့်တော့ သူတို့က မဲလာမထည့်လို့ရှိရင် နိုင်ငံခြားမသွားရမှာစိုးတာတို့ ၊ တစ်ခုခုစစ်လိုက်လို့ မဲမပေးရသေးတဲ့သူဘာညာ ဆိုတာပေါ်မှာစိုးလို့ လာထည့်တဲ့သူတွေလည်းရှိတယ်။ ဓာတ်ပုံတွေဘာတွေ ရိုက်တဲ့အခါလည်း မပါချင်ဘူးပေါ့။ မဲပေးရတာ ရှက်နေတယ်လို့ မြင်ရတယ်” ဟုဆိုသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်းဝန်းကျင်ရှိ မဲရုံအချို့တွင် နံနက် ၈ နာရီနောက်ပိုင်းမှ စတင်ကာ မဲလာထည့်သူအတော်နည်းသွားကြောင်း ရန်ကုန်တိုင်းရှိ Myanmar Now ၏ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ရွေးကောက်ပွဲအပိုင်း (၁)ထက်ပို၍ ရွေးကောက်ပွဲအပိုင်း (၂) တွင် ရန်ကုန်တိုင်း မြို့နယ်အချို့၌ ရဲအင်အားပိုမိုချထားသည်ကို တွေ့ရကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။

“အပိုင်း (၁) တုန်းကတော့ အကုန်လုံး ရုပ်ရှင်ကြည့်တဲ့သူက ကြည့်။ အခုလသာမှာဆိုရင် လုပ်တဲ့နေရာနားက ဆိုင်တွေ အကုန်ပိတ်ထားတာ။ မဲရုံနားတောက်လျှောက်က ရွှေဆိုင်တွေ၊ လမ်းဘေးဆိုင်တွေ အကုန်လုံးလည်း ပိတ်ထားတယ်။ အပိုင်း (၁) တုန်းက သွားတဲ့သူက သွား၊ လာတဲ့သူကလာ၊ မဲရုံမှာမဲပေးတဲ့သူက ပေးပေါ့။ အခုကြတော့ အပြင်မှာ သွားသွားလာလာမရှိသလောက်ပဲ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်နိုင်ဦးကမူ မဲမထည့်သူများကို ဖမ်းဆီးအရေးယူမည်ဆိုသည့် သတင်းများ မမှန်ကန်ကြောင်း Myanmar Now ကိုပြောသည်။

“ဘာဖမ်းစရာအကြောင်းရှိသလဲ။ ဥပဒေမှာလည်း မဖော်ပြထားဘူး။ ပေးချင်ပေး၊ မပေးချင်နေ လုပ်လို့ရတယ်လေ။ အဲဒါကို ဘာဖမ်းစရာအကြောင်းရှိသလဲ” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးဇော်နိုင်ဦးက ရန်ကုန်တိုင်းတွင် ကြောက်လန့်စွာမဲပေးနေရသည့် လူများမရှိဟု ပြောသည်။

“မဲပေးတဲ့အခြေအနေ ၊ မဲရုံဖွင့်တဲ့အခြေအနေက မနက် ၆ နာရီမှာ ကျွန်တော်တို့ ဥပဒေအတိုင်းဖွင့်တယ်။ ရန်ကုန်တိုင်းမှာဆိုရင် ၁၇၇၁ ရုံပေါ့။ ဖွင့်ပြီးတော့ မဲပေးနေကြတယ်။ ဘာမှအထွေအထူး ပြဿနာအခက်အခဲ တစ်စုံတစ်ရာမရှိပါဘူး။ အဆင်ပြေပါတယ်” ဟုဆိုသည်။

ရန်ကုန်တိုင်း မြောက်ဒဂုံနှင့် တောင်ဥက္ကလာမြို့နယ်များတွင်မူ မဲရုံပိတ်ချိန်  ညနေ ၄ နာရီ နီးကပ်လာသော်လညိး မဲလာပေးသူ အလွန်နည်းပါးသောကြောင့် လာရောက် မဲထည့်ရန် ရပ်ကွက်အတွင်းလိုက်လံနှိုးဆော်နေသည်ဟု ရပ်ကွက်နေလူထုက ဆိုသည်။ 

ထို့ပြင် စစ်ကောင်စီက ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပနေသော်လည်း  အပိုင်း(၂)တွင် မဲပေးရန်ပါရှိသည့် မြောက်ဒဂုံမြို့နယ်အတွင်းနေထိုင်သူအများစုက ယနေ့ မဲပေးရန်ရက်ကိုပင် ဂဃနဏ မသိရှိကြပေ။ 

“ စောနလေးတင် မဲလာထည့်ဖို့ လာအော်သွားတာ။  ကျွန်တော်ကတော့ မနက်ဖြန် ၄ နာရီလား ဒီနေ့ ၄ နာရီအထိလား ဆိုတာတောင်မသိဘူး” ဟု မြောက်ဒဂုံ ၃၄ ရပ်ကွက်တွင် နေထ်ိုင်သူအမျိုးသား တစ်ဦးက ပြောသည်။

ပဲခူးနှင့် ကရင်

ရန်ကုန်၏ မြောက်ဘက်ရှိ ပဲခူးတိုင်း မြို့နယ်အချို့တွင် ရွေးကောက်ပွဲအပိုင်း (၂) မဲပေးရခြင်းသည် တိုက်ပွဲများ၊ ခြိမ်းခြောက်မှုများနှင့် ရှုပ်ထွေးမှုများကြားတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

ဒေသခံလူအများအပြားသည် နိုင်ငံရေးထောက်ခံမှုထက် ကြောက်ရွံ့မှုကြောင့် မဲပေးခဲ့ကြသည်ဟု ပြောသည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်နှင့် အနီးတဝိုက်ရှိ မြို့နယ်များတွင် ရွေးကောက်ပွဲနေ့ နံနက်အစောပိုင်းမှစ၍ သေနတ်သံများနှင့် အမြောက်သံများ ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မဲမပေးဘဲနေသူများအတွက် အပြစ်ပေးမည်ဟူသော ကောလာဟလများကြားတွင် မဲပေးရန် ဖိအားပေးခံခဲ့ရကြောင်း ဒေသခံအချို့ကဆိုသည်။

မဲရုံများတွင် လုံခြုံရေး တင်းကျပ်စွာချထားခြင်း၊ ဒဏ်ငွေနှင့် ထောင်ဒဏ်များမှသည် မဲပေးရန် ပျက်ကွက်သော လူငယ်များအား အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်းအထိ ခြိမ်းခြောက်မှုများကြောင့် မဲပေးသူများလည်းရှိကြောင်း သိရသည်။

“မနက် ၄ နာရီကတည်းက သေနတ်သံတွေ ကြားခဲ့ရတယ်။ နိုးလာပြီးနောက် ကျွန်မ မြန်မြန်ထမင်းစားပြီး မဲသွားထည့်တယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားရင် ထွက်ပြေးနိုင်အောင် အိမ်မှာ ပစ္စည်းတွေကို ထုပ်ပိုးထားတယ်” ဟု ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲပေးခဲ့သည့် ရေတာရှည်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပဲခူးတိုင်းအရှေ့ဘက်ခြမ်းနှင့် နယ်နိမိတ်ထိစပ်နေသည့် ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်တွင် စစ်တပ်ထိန်းချုပ်ထားသည့်နေရာ၌ သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ က ဖာပွန်မြို့ကိုထိန်းချုပ်ထားရာ မြို့၏တောင်ဘက်ရှိ စစ်ဗျူဟာကုန်းအနီးတွင်သာ စစ်ကော်မရှင်တပ်က မဲပေးမှုများလုပ်ခဲ့ကြောင်း ဒေသခံအချို့ကဆိုသည်။

မဲရုံတစ်ခု၏အပြင်ဘက်၌ အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦးက ညာလက်တွင် ပစ္စတိုသေနတ်ကိုင်ထားပြီး မင်စွန်းနေသော ဘယ်လက်သန်းမြှောက်ပြသည့် ဓာတ်ပုံတစ်ပုံလည်း ပေါ်ထွက်နေပြီး အဆိုပါဓာတ်ပုံသည် ဖာပွန်မြို့နယ်ထဲရှိ မဲရုံတစ်ရုံရှေ့တွင် ရိုက်ထားသော စစ်တပ်ကျောထောက်နောက်ခံ ပြည်သူ့စစ်တစ်ဦး၏ ဓာတ်ပုံဖြစ်ကြောင်း ဒေသခံအချို့က ယုံကြည်ကြသည်။

မန္တလေး

မြန်မာနိုင်ငံအလယ်ပိုင်း အထင်ကရနေရာဖြစ်သည့် မန္တလေးတိုင်းတွင် (၁) စဉ့်ကိုင်၊ (၂) ကျောက်ပန်းတောင်း၊ (၃) တံတားဦး၊ (၄) ပြည်ကြီးတံခွန်၊ (၅) မဟာအောင်မြေ၊ (၆) ဝမ်းတွင်း၊ (၇) သာစည်၊ (၈) အမရပူရနှင့် (၉) မတ္တရာဆိုသည့် မြို့နယ် ၉ မြို့တို့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ရွေးကောက်ပွဲအပိုင်း (၁) တွင် မန္တလေးတိုင်းရှိ မြို့နယ် ၈ မြို့နယ်တွင်သာ ရွေးကောက်ပွဲ ပြုလုပ်ခဲ့သည်။

မန္တလေးမြို့ပေါ်တွင် လုံခြုံရေးအထူးတင်းကျပ်ထားပြီး ရွေးကောက်ပွဲအပိုင်း (၂) ကိုကျင်းပနေရာ အပိုင်း (၁) ထက်ပင် လူစိတ်ဝင်စားမှု ပိုမိုနည်းပါးကြောင်း မန္တလေးတိုင်းအခြေစိုက် Myanmar Now သတင်းရင်းမြစ်ထံမှ သိရသည်။

ရွေးကောက်ပွဲ အပိုင်း(၂) ပြုလုပ်နေသည့် မန္တလေး အမရပူရမြို့နယ် နေအိမ်များတွင် စစ်ကော်မရှင်က အလံများချိတ်ဆွဲခိုင်းထားသည်ကိုတွေ့ရသည်။
(ဓာတ်ပုံ- ပေးပို့)

ရွေးကောက်ပွဲအပိုင်း (၂) တွင် မန္တလေး မြို့ပေါ်ရှိ မဟာအောင်မြေ ၊ပြည်ကြီးတံခွန်၊ အမရပူရ စသည့်(၃)မြို့နယ်၌ ပြုလုပ်နေခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် မန္တလေးမြို့ (၃)မြို့နယ်၌ စစ်ကော်မရှင်က လုံခြုံရေး အထူးတင်းကျပ်ထားသည်ဟု မဟာအောင်မြေမြို့နယ်မှ မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။ 

မန္တလေးမဟာအောင်မြေမြို့နယ် သံနောက်ရပ်ကွက်အချို့၌မူ မဲပေးသူအသင့်အတင့်ရှိပြီး ၊စစ်မှုထမ်းစိုးရိမ်မှုများကြောင့် ရပ်ကွက်နေ ပြည်သူများမဲပေးနေကြသည်ဟု ဒေသခံများထံကသိရသည်။ 

“စိန်ပန်း၊ လန်ဒန်ဝင်းတို့ အနောက်ပိုင်း ရပ်ကွက်တွေမှာတော့ မဲထည့်ကြသူတွေရှိတယ်။ အဓိကက သူတို့(ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့)က မဲမထည့်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် သတင်းတွေလွှင့်ထားတော့ သားသမီးတွေအတွက် မိဘတွေကစိုးရိမ်မှုတွေနဲ့ပေါ့”ဟု စိန်ပန်းရပ်ကွက် မှ မိခင်တစ်ဦးက ပြောဆိုသည်။

၎င်းကိုယ်တိုင်ပင် သားဖြစ်သူ၏စစ်မှုထမ်းအရေးစိုးရိမ်ချက်ကြောင့် သွားရောက် မဲထည့်ရန်ဆုံးဖြတ်ထားသည်ဟု ပြောသည်။

မဲရုံပြုလုပ်ရာ ဓမ္မာရုံများ၊ စာသင်ကျောင်းများဝန်းကျင်တွင် ပျူစောထီး၊ မီးသတ်၊ ရဲနှင့်စစ်သားများ၊ အပြာဝတ်လက်နက်ကိုင် လုံခြုံရေးများက ၂၄ နာရီ လုံခြုံရေးယူပေးထားသည်။

ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်မည့် မြို့နယ်များတွင် ဧည့်စာရင်းရှောင်တခင်စစ်ဆေးခြင်း၊ စစ်သားများကင်းပတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ယနေ့ရွေးကောက်ပွဲတွင် မဲပေးသူမရှိသလောက်နည်းပါးပြီး ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြည်သူများမဲလာပေးကြရန် လှုံ့ဆော်နေသည်ဟု မဟာအောင်မြေမြို့နယ်မှ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အမရပူရမြို့နယ်တွင်လည်း မဲရုံများကို စာသင်ကျောင်း၊ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတို့တွင်ပြုလုပ်ထားပြီး မဲပေးသူမရှိသလောက်ဖြစ်နေသည်။

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကလည်း မဲမပေးပါက မိသားစုအား စစ်ကော်မရှင်ဘက်က အန္တရာယ်ပြုလာမည်ကို စိုးရိမ်သဖြင့် သွားရောက်မဲပေးခဲ့ကြောင်း Myanmar Now ကိုပြောသည်။

“စာရင်းနဲ့လာရင် မိသားစုဒုက္ခဖြစ်မှာစိုးလို့ သွားထည့်ထားလိုက်တာ။ ပါတီကတော့ ဘယ်ပါတီပဲထည့်ထည့် သူတို့ပဲ နေမှာပါ” ဟု ၎င်းက ဆိုသည်။

ကယား (ကရင်နီ) 

ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကော်မရှင်တပ်အကြား နှစ်ဖက်စစ်ဆိုင်ထားသည့် ကယား (ကရင်နီ) ပြည်နယ်တွင် ရွေးကောက်ပွဲအပိုင်း (၂) ကို စစ်ကော်မရှင်ဘက်က ကြေညာထားသည့်အတိုင်း ဒီးမော့ဆိုနှင့် ဖရူဆို (၂) မြို့နယ်ရှိ နေရာအချို့တွင် ပြုလုပ်နိုင်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ဆိုသည်။

IEC သည် စစ်ကော်မရှင်ကို လက်နက်ကိုင်တိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်များ၏ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဖြစ်သည်။

စစ်တပ်က မြို့ပေါ်ဧရိယာကို ပြန်လည်ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကော်မရှင်၏ ခြေလျင်တပ်ရင်း (ခလရ) – ၁၀၂ အနီးရှိ ငွေတောင်ကျေးရွာအုပ်စုအပါအဝင် ပြည်နယ်မြို့တော်လွိုင်ကော်နှင့် နီးသည့် ကျေးရွာအချို့၌ ရွေးကောက်ပွဲ ပြုလုပ်နိုင်ကြောင်း ဦးဗညားက ပြောသည်။

ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်နေသည့် မန္တလေးတိုင်း အမရပူရ မြို့နယ်ထဲက မဲရုံတစ်ရုံမြင်ကွင်း။
(ဓာတ်ပုံ-စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်)

“စစ်တပ်ရဲ့ တပ်အတွင်းမှာ စစ်တပ်နားမှာရှိနေတဲ့ စစ်တပ်ကို ထောက်ခံအားပေးတဲ့သူ မဟုတ်ရင်လည်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်နဲ့အနီးဆုံးမှာရှိတဲ့ ကျေးရွာတွေ တစ်နေရာ နှစ်နေရာလောက်ကိုပဲ ဒီးမော့ဆိုမှာ လုပ်နိုင်တယ်လို့သိရပါတယ်” ဟု ၎င်းက ဆိုသည်။

အလားတူ ဒီးမော့ဆိုတောင်ဘက်ရှိ ဖရူဆိုမြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် စစ်ကော်မရှင်အခြေစိုက် တပ်ရင်းအထိုင်စခန်းများတွင်သာ ရွေးကောက်ပွဲလုပ်နိုင်ဖွယ်ရှိကြောင်း ဦးဗညားခွန်အောင်က ပြောသည်။

“စစ်တပ်က ဖရူဆိုမြို့မှာ နှစ်တပ်ရှိတယ်။ အဲဒီက စစ်တပ်ဝန်းထဲမှာပဲဖြစ်မယ်။ နောက်တစ်ခုက တန်းမြင့် လေ့ကျင့်ရေးကျောင်းပေါ့။ အဲဒီလောက်မှာပဲဖြစ်မယ်။ သူတို့ရဲ့တပ်မိသားစုဝင်တွေလောက်နဲ့ တပ်ရဲ့ဘေးမှာရှိတဲ့ ပြည်သူတချို့လောက်ပဲ ရွေးကောက်ပွဲကို ပါဝင်နေတယ်လို့အကြမ်းဖျင်းပြောလို့ရပါတယ်” ဟု မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲအပိုင်း (၂) ဆိုင်ရာအနှစ်ချုပ်

ရွေးကောက်ပွဲ အပိုင်း (၁) တွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဝင်ပြိုင်သော ပါတီကြီး ခြောက်ခုရှိခဲ့ပြီး ပြည်သူအများစု ထင်ထားသကဲ့သို့ စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာအများစု အနိုင်ရခဲ့သည်။ 

ရွေးကောက်ပွဲအပိုင်း (၂) တွင်လည်း ရွေးကောက်ပွဲအပိုင်း (၁) ရလဒ်ကဲ့သို့ပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ အနိုင်ရဖွယ် ရှိကြောင်း လေ့လာသူအများစုက ယူဆသည်။

ရွေးကောက်ပွဲအပိုင်း (၁) တွင် ရုရှား၊ တရုတ်စသည့် နိုင်ငံများမှ လေ့လာသူအချို့အပါအဝင် နိုင်ငံတကာမီဒီယာအချို့ လာရောက်လေ့လာသည်ကိုတွေ့ရသော်လည်း ရွေးကောက်ပွဲအပိုင်း (၂) တွင် ထိုသူများ၏ လေ့လာစောင့်ကြည့်မှုသတင်းများ သိပ်မတွေ့ရပေ။

ရွေးကောက်ပွဲပထမပိုင်းတွင် မဲပေးသူဦးရေ မရှိသလောက်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ သတင်းဌာနများ၏ ဖော်ပြမှုကြောင့် သိရှိရပြီး ရွေးကောက်ပွဲအပိုင်း (၂) တွင်မူ မဲပေးသူ ပိုနည်းသွားသည်ဟု Myanmar Now သတင်းရင်းမြစ်အချို့ကဆိုသည်။

စစ်တပ်ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲ အပိုင်း (၁) တွင် မဲဆန္ဒရှင်များ၏ စိတ်ဝင်စားမှုနည်းပါးခြင်း၊ ကြိုတင်မဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုအခက်အခဲ၊ ရွေးကောက်ပွဲကော်မရှင်၏ ခြိမ်းခြောက်ထိန်းချုပ်မှုများ၊   ပြိုင်ဘက်နိုင်ငံရေးပါတီများအပေါ် တရားမျှတမှုမရှိစသည့် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။  

ရွေးကောက်ပွဲ အပိုင်း (၂) ကို နိုင်ငံတစ်ဝှမ်း စစ်ရေးအရ အလွန်အကဲဆတ်နေသော ဒေသများတွင် ကျင်းပရန် စီစဉ်ထားရာ ထိုဒေသများ၏ လုံခြုံရေးအခက်အခဲများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရွေးကောက်ပွဲ ပြည့်ပြည့်ဝဝကျင်းပနိုင်ရေး စိန်ခေါ်မှုများ ကြီးမားကြောင်းတွေ့ရသည်။

သို့သော်လည်း စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲအပိုင်း (၃) ကို လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဟု ကြေညာထားသည်။

စစ်ကော်မရှင်၏ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်နိုင်ဦးက ရွေးကောက်ပွဲအပိုင်း (၂) ၏ ရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးပါက ထုတ်ပြန်လာနိုင်ကြောင်း Myanmar Now ကိုပြောသည်။

“မဲရုံပိတ်ပြီးရင် ကြိုတင်မဲစရေတယ်။ ကြိုတင်မဲရေပြီးတာနဲ့ စက်ထဲကဒေတာကတော့ ကျွန်တော်တို့က Print Out ထုတ်လိုက်တာဗျ။ အထဲက ဒေတာက တန်းထွက်လာတာ ။ အဲဒါရယ် ကြိုတင်မဲနဲ့ ပေါင်းလိုက်။ အဲဒါကို သတ်မှတ်တဲ့ ဥပဒေမှာပါတဲ့ ဇယားလေးကို ဖြည့်လိုက်ရင် ဘယ်မဲရုံမှာ ဘယ်သူတွေ ဘယ်လောက်ရတယ် ဆိုတာက တန်းထွက်လာတယ်။ တန်းထွက်လာရင် အဲဒါကို မြို့နယ်ကို ပို့လိုက် ၊ မြို့နယ်က အောက်ကနေပို့လာတဲ့ ဇယားတွေအကုန်ပေါင်းလိုက်ရင် မြို့နယ်မှာပုံစံထွက်ပြီ။ အဲဒါကို အပေါ်ဆက်ပို့မှာပေါ့ဗျာ” ဟု ဆိုသည်။

ရွေးကောက်ပွဲရလဒ်မည်သို့ပင် ထွက်လာသည်ဖြစ်စေ စစ်ကော်မရှင်ဘက်က မတ်လတွင် လွှတ်တော်ခေါ်ယူကာ ဧပြီလတွင် အစိုးရဖွဲ့ရန် စဉ်းစားချက်ရှိနေကြေင်း စစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်အရသိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့ကတော့ လွှတ်တော်ကို မတ်လမှာ ခေါ်မှာပဲ။ မတ်လထဲ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင် အစိုးရသစ်တာဝန်တွေ ဧပြီလထဲမှာထမ်းဆောင်မှာပဲ။ ယခင်တုန်းကလုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲလုပ်ပါလိမ့်မယ်” ဟု ပြည်တွင်းအခြေစိုက် မီဒီယာအချို့ကို ပြောသည်။

Related Articles

Back to top button