
သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်သည့်အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သူများထဲမှ ၁၃ ဦးကို စစ်ကောင်စီက ရန်ကုန်မြို့ရှိ အောင်သပြေစစ်ကြောရေးစခန်းတွင် ကာလရှည် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းနေသည်ဟု စစ်ကောင်စီ ထောက်လှမ်းရေးများနှင့် နီးစပ်သည့် Myanmar Now ၏ သတင်းအရင်းအမြစ်က ပြောသည်။
၎င်းတို့သည် ဧပြီနှင့်မေလအတွင်း ပြန်ပို့ခံခဲ့ရသူများဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ပြည်တော်ပြန်များကို စစ်ဆေးရာတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ဟု ခေါ်သည့် စစ်တပ်ထောက်လှမ်းရေးများက တိုက်ရိုက်ကြီးကြပ်နေသည်ဟုလည်း သိရသည်။
စစ်ကြောရေးရောက်နေသူများ
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံသား ၂၇ ဦးကို ပြည်နှင်ဒဏ်ပေးပြီး ရန်ကုန်လေဆိပ်မှတဆင့် ပြန်လည်လွှဲအပ်ရန် စစ်ကောင်စီထံ အကြောင်းကြားခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က နေပြည်တော်မှလာသည့် တပ်တွင်းကြေးနန်းသတင်းကို ကိုးကားပြီး ပြောသည်။
ဧပြီလအတွင်း ၁၃ ဦး၊ မေလအတွင်း ၇ ဦး ရန်ကုန်လေဆိပ်သို့ ရောက်လာခဲ့ကြသည်ဟု ၎င်းကဆိုသည်။
ထိုအထဲတွင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၄ ဦး ပါဝင်ပြီး အများစုသည် ကရင်နှင့်ချင်း မျိုးနွယ်စုများ ဖြစ်ကြသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
၎င်းတို့ကို စစ်တပ်ထောက်လှမ်းရေးများက မရမ်းကုန်းမြို့နယ်အတွင်းရှိ အောင်သပြေ စစ်ကြောရေး စခန်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်ဟု သိရသည်။
“လေဆိပ်ကနေ တစ်ခါထဲ ဖမ်းခေါ်ပြီးတော့ ရှစ်မိုင်မှာရှိတဲ့ အောင်သပြေစစ်ကြောရေးကို ပို့တယ်။ ကရင်နဲ့ ချင်း လူမျိုးများတယ်။ အခြားကတော့နည်းတယ်။ သူတို့မှာ မြန်မာနဲ့ပတ်သက်တဲ့ ဘာအထောက်အထားမှ မရှိဘူး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်လေဆိပ်နှင့် ၃မိုင်ခွဲခန့်ဝေးပြီး ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်တွင်ရှိသည့် ထိုစစ်ကြောရေးစခန်းသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူ အများအပြားကို နှိပ်စက်၊ သတ်ဖြတ်သည့်နေရာအဖြစ် နာမည်ကြီးသည်။
စစ်ထောက်လှမ်းရေးများသည် ပြည်တော်ပြန်တို့ကို သီတင်းပတ်ပေါင်းများစွာစစ်ဆေးခဲ့ပြီးနောက် ၇ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၁၃ ဦးကို ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။

ပြန်လွတ်လာသူများသည် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ ရောက်လာကြသူများဖြစ်ကြပြီး အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးတို့ဖြစ်ကြောင်းသိရသည်။
ထိုသူတို့၏ အမည်၊ နောက်ကြောင်းရာဇဝင်နှင့် မည်သည့်အတွက်ကြောင့် အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးခဲ့သည် ဆိုသည့် အသေးစိတ်အချက်အလက်များကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အောင်သပြေရောက် အမေရိကန်ပြည်နှင်ဒဏ်ခံရသူများအကြောင်း စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေးကိုကိုင်တွယ်သည့် အမိမြေလုံခြုံရေးဌာန Department of Homeland Security (DHS) တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုသတင်းတင်ဆက်သည့် အချိန်အထိ တစုံတရာ အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါ။
အမေရိကန်အစိုးရက ပြည်နှင့်ဒဏ်ပေးခဲ့သည့် မြန်မာ ၂ ဦး မတ်လ ၁၉ နှင့် ၂၈ တို့တွင် ရန်ကုန်လေဆိပ်သို့ ရောက်မည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ၎င်းတို့ ၂ ဦးသည် အမေရိကန်အစိုးရကပြန်ပို့သူများအနက် ပထမအသုတ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့သော်ထို ၂ ဦးနောက်ပိုင်း ပြန်လည်ဝင်ရောက်လာသူများအကြောင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

ဒေါ်နယ်ထရမ့် သမ္မတပြန်ဖြစ်လာပြီး ပထမသီတင်းပတ်အတွင်းမှာပင် ၎င်းထုတ်ပြန်လိုက်သည့် အမိန့်နှင့်မူ ဝါဒများမှာ ပြည်တွင်း၊ ပြည်ပသို့ များစွာ ရိုက်ခတ်ခဲ့သည်။
ထိုအထဲတွင် အမေရိကန်သို့ ဒုက္ခသည်အဖြစ် သွားရောက်ခိုလှုံရန် စောင့်ဆိုင်းနေသည့် ထိုင်း-မြန်မာနယ်စပ်မှ မြန်မာနိုင်ငံသားများ၊ အမေရိကန်တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက်လည်း သက်ရောက်မှု ကြီးမားသည်။
၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းသို့ ပြန်မလာနိုင်သေးသည့် မြန်မာနိုင်ငံသားများအတွက် အမေရိကန်အစိုးရက ယာယီအကာအကွယ်ပေးထားမှု အခြေအနေနှင့် ပတ်သက်ပြီး စောင့်ကြည့်နေကြရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စများကို တင်းကျပ်ပြီး နိုင်ငံတွင်းရှိ တရားမဝင်နေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည့် အမိန့်ကို သမ္မတထရမ့်က ထုတ်ပြန်ထားခြင်းကြောင့် ဖြစ်သည်။
သမ္မတပြန်ဖြစ်သည့် ပထမဆုံးနေ့မှာပင် အမေရိကန်နိုင်ငံတွင် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူများကြောင့် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေဖြစ်နေပြီဟု ကြေညာခဲ့သည်။ သမ္မတဖြစ်ပြီး နာရီပိုင်းအတွင်းမှာပင် ဒုက္ခသည်ခေါ်ယူရေး အစီအစဉ် ယာယီရပ်ဆိုင်းလိုက်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များသည် နိုင်ငံပေါင်းစုံမှ လူ ၁၀ဦးခန့်ကို ပြီးခဲ့သည့် ရက်ပိုင်းက အာဖရိကတိုက်မှ တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးခဲ့ရာ ၎င်းတို့ထဲတွင် မြန်မာပြည်သား ၂ ဦး ပါဝင်သည်ဟု ကနဦး သတင်းများတွင် ဖော်ပြထားသည်။