သတင်း

စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသော KNU နယ်မြေများတွင် စစ်ရှောင်သုံးသောင်းကျော်ရှိလာ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ တပ်မဟာ ၇ ခုလုံးတွင် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်နေပြီး စစ်ရှောင်ဦးရေ သုံးသောင်းကျော်ခန့် ရှိနေပြီဖြစ်ကြောင်း KNU က ယနေ့ (ဧပြီ ၈) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

“ကော်သူးလေနယ်မြေအတွင်းရှိ ခရိုင်၊ တပ်မဟာ (၇) ခုလုံးတွင် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်များ၏ တိုက်လေယာဉ်ပျံများ အသုံးပြုပစ်ခတ်ခြင်းကြောင့်သော်လည်းကောင်း၊ လက်နက်ကြီးများ ပစ်ခတ် ခြောက်လှန့်ခြင်းကြောင့်သော်လည်းကောင်း ထွက်ပြေးတိမ်းရှောင်ရသူအရေအတွက်မှာ သုံးသောင်းကျော်ရှိနေပြီဖြစ်ကြောင်း” KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မတ်၂၇ မှ ဧပြီ ၁ အထိ အာဏာသိမ်းစစ်အုပ်စုမှ တိုက်လေယာဉ်ပျံများအသုံးပြုကာ KNU တပ်မဟာ(၅) ထိန်းချုပ်ရာ မူတရော်ခရိုင်နှင့် တပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်တို့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သည် စစ်ရေးလှုပ်ရှားခြင်း၊ နယ်မြေကျော်လွန်ခြင်းများကြောင့် တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅) မူတရော်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ တပ်မဟာ(၇) ဖားအံခရိုင်များတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များနှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြိမ် ၂၀၀ ခန့် ရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မူတရော်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များ၏ သီးမူထာစစ်စခန်းကို မတ် ၂၇ နံနက်ပိုင်းတွင်  KNU က ဝင်ရောက်သိမ်းပိုက်ခဲ့သည်။  

ထို့နောက် အာဏာသိမ်းစစ်အုပ်စုတပ်က မတ် ၂၇ ညနေပိုင်းတွင် မူတြော်ခရိုင် တပ်မဟာ ၅ ဌာနချုပ်ကို လည်းကောင်း၊ ၂၈ ရက်တွင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ဒေပူနိုရွာ၌လည်းကောင်း လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်။ 

KNU တပ်မဟာ ၅ ဌာနချုပ်ရှိရာ မူတြော်ခရိုင်အတွင်း အာဏာသိမ်းစစ်တပ်က လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ရွာသား ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာပြေးခဲ့ရသည်။ မတ် ၂၈ တိုက်ခိုက်မှုတွင် မယ်နုထာ၊ ဟိုကေ၊ အီးတူထာရွာတို့မှ အရပ်သား ၃၀၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မတ် ၃၀ ညနေ ၃ နာရီတွင် ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ထီးဖဒိုကျေးရွာအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား ၆ ဦး သေဆုံးခဲ့သည်။ ယင်းနေ့မှာပင် KNU တပ်မဟာ ၅ နယ်မြေရှိ မူတြော်ခရိုင်၊ မဲဝိုင်ဒေသတွင်လည်း နှစ်ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။  

ယင်းနေ့မှာပင် KNU တပ်မဟာ(၃) ထိန်းချုပ်ဒေသ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မယ်ဒမတ်ချောင်းဖျားနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အလုပ်သမားများအပါအဝင် ၁၁ ဦး​သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်။

အာဏာသိမ်းစစ်တပ်က KNU ထိန်းချုပ်ရာ နယ်မြေများတွင် တိုက်လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအရပ်သား ၂၀ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ 

တိုက်လေယာဉ်ပျံများအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ၊ စားနပ်ရိက္ခာ သိုလှောင်ထားရာနေရာများ များစွာပျက်စီးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေကျေပျက်စီးခဲ့ရကြောင်း၊ မူတရော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေအတွင်း ဒေဘူးနိုအထက်တန်းကျောင်းနှင့် ဒေါ်ကူထာအထက်တန်းကျောင်းတို့ ပျက်စီးခဲ့ရပြီး ဒေဘူးနိုဆေးရုံသည်လည်း ပျက်စီးခဲ့ရကြောင်း KNU ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အစားအစာ၊ အဝတ်အထည်၊ နေရာထိုင်ခင်း အခက်အခဲပြဿနာများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း သိရသည်။ 

ဧပြီ ၆ ကလည်း KNU တပ်မဟာ ၆ နယ်မြေဖြစ်သော မွန်ပြည်နယ်၊ ဝင်းရေးမြို့နယ်၊ ဒူးပလာယာခရိုင်၊ မာန်အောင်ကျေးရွာအနီးရှိ KNU စခန်းကို စစ်တပ်က လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြီး ကျေးရွာလုံခြုံရေး တပ်စခန်းတစ်ခုကို KNU က စွန့်ခွာခဲ့ရသည်။ ယင်းတိုက်ပွဲတွင် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကာ ဒေသခံအများအပြား တိမ်း‌ရှောင်ခဲ့ရသည်။ 

ယင်းနေ့မှာပင် အာဏာသိမ်းစစ်တပ်၏ ခလရ-၁၀၃ နှင့် KNU တပ်မဟာ ၄ တို့ ထားဝယ်မြို့အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ နယ်မြေကျော်လွန်လာခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။ 

ဧပြီ ၇ ရက် ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်မှ အင်အား ၃၀ ခန့်နှင့် စစ်ပစ္စည်းများပါသည့် စစ်ကား ၃ စီးသည် KNU ထိန်းချုပ်ရာ ဒူးပလာယာခရိုင်၊ ​ကော့ကရိတ်မြို့နယ်၊ ဝေါ်လေကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

နောက်တစ်ရက်ဖြစ်သည့် ဧပြီ ၈ နံနက်ပိုင်းတွင်လည်း မွန်ပြည်နယ် ရေးမြို့နယ် ဒူးပလာယာခရိုင်၊ မာန်အောင်ချောင်းဖျားရှိ KNLA တပ်စခန်းကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

Show More

Related Articles

Back to top button