ဘန်ကောက်မြို့လယ်၌ နိုင်ငံခြားသားများ အထင်ကရ သွားလာတတ်သော စီးလုံလမ်း (Silom Road)၊ စိမ်းမြသာယာလှပသော လုမ္ဗိဏီဥယျာဉ်တို့နှင့် တစ်ဆက်တည်း ရှိနေသော စီးပွားရေးအချက်အချာကျ ဆသွန်လမ်းမကြီး (Sathorn Road) ပေါ်တွင် မြန်မာသံရုံး တည်ရှိသည်။
နိုင်ငံတကာခရီးသွားများ အပါအဝင် ဖြတ်သန်းသွားလာမှုများပြီး၊ နိုင်ငံတကာကုမ္ပဏီကြီး အများအပြားရုံးစိုက်သော ဆသွန်လမ်းမကြီး၏ မြန်မာသံရုံးရှေ့ ဝန်းကျင်တွင် လွန်ခဲ့သော စနေနေ့ (ဇန်နဝါရီလ ၇ ရက်နေ့) က ထောင်နှင့်ချီသော လူလှိုင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရာ ထိုင်းရဲတပ်ဖွဲ့ကို များစွာ အလုပ်ရှုပ်သွားစေခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ထိုင်းနိုင်ငံရောက် မြန်မာများက ဆန့်ကျင်ဆန္ဒပြလေ့ရှိရာ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် မကြာခဏ လူစုလူဝေး ဖြစ်ပွားတတ်သည်။ လမ်းပိတ်ဆို့မှု မဖြစ်စေရန် ထိုင်းရဲတပ်ဖွဲ့က အမြဲလိုလို ဖြေရှင်းနေရသော နေရာလည်း ဖြစ်သည်။ သို့သော် ဤတစ်ကြိမ် လူလှိုင်းကြီးက ယခင်ဆန္ဒပြပွဲများထက် အဆများစွာ ပိုမိုများပြားသည်။
ခန့်မှန်းခြေ လူဦးရေ သောင်းဂဏန်းနီးပါးအထိရှိသော လူလှိုင်းကြီးမှာ နေပူကျဲကျဲတွင် သံရုံးပတ်ပတ်လည်နှင့် လမ်းသွယ်များအကြားပါမကျန် မြွေလိမ်မြွေကောက် ရစ်ပတ် တိုးကြိတ်နေသည်။ မူးမေ့လဲကျသူများပင် ရှိခဲ့သည်။ သံရုံးကို ဆန္ဒပြနေကြတာလားဟု မေးလျှင် လုံးဝ မဟုတ်ပါ။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ရရှိရေး စောင့်စားနေကြသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ ယခင် အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တစ်လျှောက်လုံး ပုံမှန်လည်ပတ်နေသော သံရုံးမှာ ထိုသို့ပင် နိုင်ငံကူးလက်မှတ်ကိစ္စရပ်များကို နိစ္စဓူဝ ဆောင်ရွက်ပေးနေရသော်လည်း၊ ယခုကဲ့သို့ ဖြစ်ရပ်မျိုး မကြုံခဲ့ရဖူးပါ။
အာဏာမသိမ်းမီအထိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးရာထူးကိုပါ ရယူထားရာ ကမ္ဘာအရပ်ရပ်က မြန်မာသံရုံးများသည် ၎င်း၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။
ထို့အတူ နိုင်ငံခြားရောက် နိုင်ငံသားများကို အပြည့်အဝ အကာအကွယ်ပေးရေးမှာ မြန်မာသံရုံးတိုင်း၏ အဓိကတာဝန်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြတ်သားသော မူဝါဒချခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာရှိ မြန်မာသံရုံးများသည် ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ မိမိနိုင်ငံသားများအပေါ် အနိုင်ကျင့်ဖိနှိပ်ရေးယန္တရားအသွင်မှ ကူညီကာကွယ်ပေးရမည့် ယန္တရားအသွင် အပြုအမူဆက်ဆံရေးများ ပြောင်းလဲခဲ့၍ ပြည်ပရောက် နိုင်ငံသားများနှင့် ဆက်ဆံရေးမှာ အထိုက်အလျောက် တိုးတက်ခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံသားအလုပ်သမား သန်းနှင့်ချီ ရှိပြီး၊ နေပြည်တော်ရှိ နိုင်ငံခြားရေးရုံးနှင့် အနီးဆုံးနေရာတွင်ရှိသော ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် မြန်မာအလုပ်သမားများအကြား ဆက်ဆံရေးမှာ ပြောင်းလဲတိုးတက်ခဲ့သည်ကို တွေ့ခဲ့ရသည်။
သို့သော် ထိုအခြေအနေသည် စစ်အာဏာသိမ်းမှုနှင့်အတူ လွင့်ပြယ်သွားခဲ့ပြီဖြစ်သည်။ မြန်မာသံရုံးများ၏ မူလဇာတိရုပ်ဖြစ်သော ပြည်ပရောက် နိုင်ငံသားများကို နည်းလမ်းမျိုးစုံဖြင့် အခက်အခဲတွေ့စေရန် ဖိနှိပ်ရေးယန္တရားအသွင် ပြောင်းလဲသွားပြီ ဖြစ်သည်။
အမှန်စင်စစ် မည်သည့်နိုင်ငံမဆို သံရုံးများ၏ အဓိကတာဝန်ဝတ္တရားမှာလည်း ၎င်းတို့နိုင်ငံသားတိုင်း သက်ဆိုင်ရာ နိုင်ငံများတွင် ဥပဒေနှင့်အညီ နေထိုင်နိုင်ရန် နိုင်ငံကူးလက်မှတ်များကို နိုင်ငံတကာ စည်းမျဉ်း၊ စံနှုန်းများနှင့်အညီ ဆောင်ရွက်ပေးရမည်သာ ဖြစ်သည်။ ပြည်ပရောက် နိုင်ငံသားများ၏ တရားဥပဒေနှင့်အညီ နေထိုင်နိုင်ရေး အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ကိစ္စရပ်မှာ နိုင်ငံတကာစည်းမျဉ်းနှင့်အညီ သက်တမ်း ၆ လ အထက်ရှိရမည့် နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်နိုင်ရေး ဖြစ်သည်။
သို့သော် ယခုကြုံတွေ့နေရသော ဖြစ်ရပ်များအရ ဘန်ကောက် မြန်မာသံရုံးသည် ထိုတာဝန်ဝတ္တရားကို ပုံမှန်ထမ်းဆောင်နိုင်စွမ်းမရှိသော အခြေအနေကို တွေ့မြင်နေရသည်။ အိမ်ရှင် ထိုင်းနိုင်ငံ၊ ထိုင်းလူမျိုးများအကြား အထင်အမြင်သေးရလောက်သည်အထိ အဘယ်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်လာရသနည်း။
အဆိုပါအခြေအနေများကို တိတိကျကျ ကိုယ်တွေ့မျက်တွေ့ သိရှိနိုင်ရန် Myanmar Now သည် ဘန်ကောက် မြန်မာသံရုံးအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သံရုံးပြင်ပ အခြေအနေအရပ်ရပ်ကို အချိန်ယူ စနစ်တကျ စုံစမ်းထောက်လှမ်း အချက်အလက်များ ရယူပြီး ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရပါသည်။
ရုံးဖွင့်ရက် သံရုံးရှေ့မြင်ကွင်းများ
ဇန်နဝါရီ ၇ ရက်နေ့ (စနေနေ့) က လူလှိုင်းကြီးဖြင့် အုပ်အော်သောင်းနင်းဖြစ်ခဲ့သော သံရုံးရှေ့မြင်ကွင်းက ရုံးဖွင့်ရက် ရောက်လာချိန်မှာတော့ ပတ်စပို့စ်သက်တမ်းတိုးရန် တိုကင်ရက်ချိန်းရထားပြီးသူများသာ လာရောက် သက်တမ်းတိုးကြသဖြင့် လူအုပ်ကြီးကို မတွေ့ရပေ။
သို့သော် သံရုံးပတ်ဝန်းကျင် ဟိုနေရာတစ်စု ဒီနေရာတဟ်စု ခပ်ကျဲကျဲ တွေ့နေရသော မြန်မာများနှင့် သံရုံးဝင်းအတွင်းထဲက လူဦးရေ ပေါင်းလျှင် ရာဂဏန်း အနည်းငယ်မျှ ရှိပါသေးသည်။ အချိန်က ၉ နာရီဝန်းကျင် ဖြစ်သည်။
သံရုံးရှေ့ ဖြတ်လျှောက်ရင်း သံရုံးအကျော် ဆသွန်လမ်းသွယ် ၁၂ ထဲနှင့် စိန့်လူးဝစ် မိုးပျံရထားဘူတာရုံ (Saint Louis Sky Train Station) လမ်းဆုံတစ်ဝိုက်တွင် အယောက် ၄၀ ၊ ၅၀ ခန့် အုပ်စုလိုက် လျှောက်လွှာများကိုင်ပြီး တန်းစီရပ်သူက ရပ်၊ လူသွားလမ်းဘေးတွင် ထိုင်သူက ထိုင်၊ စောင့်ဆိုင်းနေကြသည်ကို ဟိုတစ်စု ဒီတစ်စု တွေ့ရသည်။ လေ့လာကြည့်သည့်အခါ တူညီဝတ်ဆင်ထားကြသော စက်ရုံဝန်ထမ်းများကို အုပ်စုလိုက်တွေ့ရသည့်နည်းတူ လေးငါးယောက်တစ်စု အဖော်များစု၍ လာသူများကိုလည်း တွေ့ရသည်။
ကြားခံဝန်ဆောင်မှုပေးနေသူများ (ပွဲစားများ) အစီအစဉ်နှင့် သံရုံးအပြင်ဘက်တွင် ဖောင်ဖြည့်၊ လိုအပ်သော စာရွက်စာတမ်း စုံမစုံ စစ်ဆေးပေး၊ ဖောင်တင်သည့်အခါ မပြည်စုံတာမျိုး မဖြစ်အောင် စီစဉ်ပေးနေကြပုံကိုလည်း တွေ့ရသည်။ ဦးဆောင်စီစဉ်ပေးနေသူများသည် သံရုံး၏ ‘အထာ’ ကို ကျွမ်းကျင်စွာ သိရှိထားသူများဖြစ်သလို သံရုံးဝန်ထမ်းများနှင့် အချိတ်အဆက်ရှိသူများ ဖြစ်နိုင်ပါသည်။
ထိုနေရာက ဖြတ်သွားရင်းနှင့် လူငယ်လေးတစ်ဦးက အပြေးတစ်ပိုင်း ဖြတ်သွားကာ လမ်းဘေးတွင် ထိုင်နေသော အမျိုးသမီးငယ်တစ်ဦး၏ အမည်ကို ခေါ်ပြီး လှမ်းမေးသည်။ သူတို့နှစ်ဦးဆက်ဆံပုံက အချင်းချင်း ရင်းရင်းနှီးနှီး သိကျွမ်းသူများ ဖြစ်သည်။
လူငယ်က “ပုံစံဖြည့်ပေးတဲ့ မ………. ကို မတွေ့မိဘူးလား။ အမေးခံရသော အမျိုးသမီးငယ်က “ငါလည်း အခုမှ ရောက်တာဟ၊ ဘယ်သိပါ့မလဲ” ဟု ပြန်ဖြေသည်။
အမေးအဖြေအသွားအလာ ခန့်မှန်းချက်အရ ပစ်စပို့စ်သက်တမ်းတိုးရန် သံရုံးက ထုတ်ပေးထားသည့် ပုံစံကို မဖြည့်တတ်သူများ ရှိနေနိုင်ပါသည်။ ထို့ကြောင့် ပုံစံဖြည့်ပေးသည့် ဝန်ဆောင်မှုကို သံရုံးအနီးဝန်းကျင်တွင် လုပ်ကိုင်ပေးကြသူများ ရှိနေသည်ကို တွေ့ရသည်။
သံရုံးပတ်ဝန်းကျင်ရှိ ဝန်ဆောင်မှုများ
ဆက်စပ်သတိပြုမိသည်မှာ ပတ်စပို့စ်သက်တမ်းတိုးရန် သံရုံးရှေ့လာကြသူများထဲ တိုင်းရင်းသားတွေ တော်တော်များများ တွေ့ရသည်။ သူတို့အချင်းချင်း ပြောဆိုကြသည့် တိုင်းရင်းသားစကားသံများကိုလည်း ကြားနေရသည်။
မြန်မာလို ပြောတတ်သော်လည်း မြန်မာစာ မရေးတတ်သော တိုင်းရင်းသားများလည်း မကြာခဏ တွေ့ဖူးသဖြင့် ထိုကဲ့သို့ တိုင်းရင်းသားအလုပ်သမားများ ၎င်းတို့ပတ်စပို့စ်ကို သံရုံးလာပြီး သက်တမ်းတိုးသည့်အခါ ပုံစံဖြည့်ရသည်ကအစ မြန်မာများအတွက် မခက်ခဲသော်လည်း ၎င်းတို့အတွက် ခက်ခဲနိုင်သည်ဟု တွေးမိသည်။
ထို့ကဲ့သို့ တိုင်းရင်းသားများအတွက် ပုံစံဖြည့်ပေးသော၊ လိုအပ်သော စာရွက်စာတမ်းများ စုံလင်အောင် စီစဉ်ပေးသော ဝန်ဆောင်မှုမျိုး သံရုံးအနီးဝန်းကျင်တွင် အလွယ်တကူ ရနိုင်သည်ကို တွေ့ရှိရသည်။
မြန်မာသံရုံးက အသစ်နှင့် အဟောင်းရှိသည်။ ယခု ပတ်စပို့စ်အပါအဝင် ကောင်စစ်ရေးရာဝန်ဆောင်မှု ပေးနေသည်မှာ သံရုံးအသစ်တွင် ဖြစ်သည်။ သံရုံးအသစ်နှင့် ကပ်လျက် လမ်းကြားတစ်ခုတွင် ကားတစ်စီးကို နောက်ဖုံးဖွင့်၍ scanner, printer, photocopy စသည့် စက်များ တင်ပြီး၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတို့ မိတ္တုမကူးလာမိသူများ အလွယ်တကူ ကူးနိုင်သော ဝန်ဆောင်မှုလည်း ရှိတယ်။ ဓာတ်ပုံမရိုက်လာမိခဲ့သူများအတွက်ပင် ဓာတ်ပုံရိုက် ချက်ချင်းထုတ်ပေးသည်။
လူများလွန်း၍ တန်းစီစောင့်ရခြင်းမျိုးလည်း ရှိသည်။ ထိုကား၏ နောက်ဘက် ခြေလှမ်း ၁၅ လှမ်းလောက် ဆက်လျှောက်သွားလိုက်လျှင် ရန်ကုန်မြို့ထဲက တစ်ခါစား လမ်းဘေးဆိုင်များလို ထမင်းဆိုင် သုံးလေးဆိုင် ရှိသည်။ မြန်မာလိုရေးထားသော ဆိုင်းဘုတ်ကလေးများ တွေ့ရမည်။ “မုန်ဟင်းခါးရပြီ” ဆိုတာလည်း တွေ့ရမည်။ ထိုဆိုင်တွေမှာတော့ မြန်မာတွေပဲ ရောင်းပြီး၊ အသင့်ချက်ထားသော ကြက်သားအာလူး၊ ဝက်သားဟင်း၊ ဘဲဥဟင်း၊ မျှစ်နှင့် ချဉ်ပေါင် (ထိုင်းမှာ ချဉ်ပေါင်ရဖို့က သိပ်မလွယ်ပါ။) ၊ အသီးအရွက်စုံကျော် စသဖြင့် မြန်မာဟင်းများကို သတ္တုခွက်ကလေးများထဲ ထည့်ထားပြီး မှန်ပေါင်ထဲ ထည့်ထားတာ တွေ့ရမည်။
ဘေးမှာ စားပွဲနဲ့ ထိုင်ခုံချထားပေးသည်။ တစ်ခါတည်း ထိုင်စားသွားလို့ရသည်။ တစ်ခါပြင် ထမင်းပေါ်မှာ ဟင်းပုံပေးတာကို ထိုင်းဘတ် ၄၀ ကြသည်။ မုန့်ဟင်းခါးကလည်း တစ်ပွဲ ဘတ် ၄၀ ကြသည်။ မော်လမြိုင်ချက် ငှက်ပျောအူများများနှင့်မို့ မုန့်ဟင်းခါးမစားရတာ ကြာတဲ့သူအတွက် စားလို့ကောင်းပါလိမ့်မည်။ သံရုံးကို နံနက်စောစောလာပြီး ညနေ ၆ ၊ ၇ နာရီမှ ပြန်ကြရသူများရှိရာ ထိုဆိုင်ကလေးများကြောင့် နေ့လယ်စာ၊ ညစာကို အလျင်အမြန် ဖြေရှင်းနိုင်သည်။
လမ်းနံဘေးတစ်လျှောက် ပလက်ဖောင်းဘောင်များပေါ် ထိုင်နေကြသော မြန်မာအလုပ်သမား လူငယ်လူရွယ် အမျိုးစုံ တွေ့ရသည်။ သူတို့လက်ထဲမှာ သံရုံးက ထုတ်ပေးသော ပတ်စပို့စ်သက်တမ်းတိုး လျှောက်လွှာစာရွက် ကိုယ်စီနှင့် အနီရောင် ပတ်စပို့စ်စာအုပ်ကို တွဲလျက်ကိုင်ထားကြသည်။
ပစ်စပို့စ်များမှာ အတော်ပင် ဟောင်းနွမ်းလျက်ရှိသည်ကို တွေ့ရသည်။ ထို့အတူ မျက်နှာများမှာလည်း နွမ်းနယ်နေကြပြီး၊ အရယ်အပြုံး ကင်းလျက် တွေ့ရသည်။ ၎င်းတို့ မျက်လုံးတွေထဲ ရှင်သန်တက်ကြွမှုတွေ ရှာကြည့်မိသည်၊ မတွေ့။ ဘဝရပ်တည်မှုအတွက် ရုန်းကန်နေရသော ပင်ပန်းမှုဒဏ်ချက်များသာ သူတို့ လေးတွေ၏ မျက်နှာပြင်မှာ အထင်သား တွေ့ခဲ့ရသည်။
သံရုံးအတွင်းက မြင်ကွင်းများ
သံရုံးထဲ ဝင်သွားသည့်အခါ ထိုင်စရာ ခုံလွတ်မရှိအောင် နေရာအနှံ လူတွေပြည့်နေသည်။ အဝင်အထွက် လှေကားထစ်များပေါ်မှာ တန်းစီထိုင်နေသူတွေနှင့် သံရုံးနောက်ဘက် အိမ်သာပတ်ဝန်းကျင်ပါမကျန် လူတွေ ပြည့်နေသည်။
ဝင်ဝင်ချင်း စကျင်ကျောက်ပြားအဖြူကွက်များဖြင့် လုပ်ထားသော ရင်ညွန့်လောက်မြင့်သည့် ကောင်တာတစ်ခုရှိပြီး၊ ထိုကောင်တာနောက်တွင် လူ ၂ ယောက် ၃ ယောက်ကို အမြဲ တွေ့ရတတ်သည်။ ကောင်တာနှင့် မလှမ်းမကမ်း နံရံဘက်အခြမ်းတွင် ပလတ်စတစ်ခုံများ ၁၀ လုံးခန့် ချထားပြီး၊ ဗိုက်ကြီးသည်များ၊ မွေးကင်းစ ကလေးများနှင့်အတူ ကလေးအမေများ တန်းစီထိုင်နေသည်ကို တွေ့ရသည်။
ကောင်တာနှင့် မျက်နှာချင်းဆိုင်တွင် ဘန်ကောက်ဘဏ်က စားပွဲတစ်လုံးချပြီး ဘဏ်စာအုပ်ဖွင့်ချင်လျှင် သံရုံး၏ ထောက်ခံစာနဲ့အတူ တစ်ခါတည်း ဖွင့်ပေးနေသည်။ သံရုံးအတွင်းထဲမှာ လုပ်ခွင့်ပေးထားခြင်းကြောင့် ဘန်ကောက်ဘဏ်နှင့် သံရုံးအကြားမှာ သဘောတူညီမှု တစ်ခုခုရှိထား၍ ဖြစ်မည်။
အစောပိုင်းတုန်းက ကောင်တာတွင် ထိုင်နေကြသူများကို သံရုံးဝန်ထမ်းလို့ ထင်ခဲ့မိသော်လည်း မဟုတ်ကြပါ။ သံရုံးဝန်ထမ်းအစစ်က မနက် ၉ နာရီကျော် (ရုံးချိန်) မှ ကောင်တာနောက်က အခန်းထဲက ထွက်လာလေ့ရှိသည်။
သို့ဖြင့်လျှင် ကောင်တာတွင် ထိုင်နေသူများက မည်သူများနည်းဟု ဆိုလျှင် သံရုံး၏ အလုပ်များကို ဝိုင်းဝန်းလုပ်ကိုင်ပေးနေကြပြီး၊ လုပ်အားပေးများအသွင် ယူထားကြသော သံဝန်ထမ်းများကိုယ်စား ပွဲစားအလုပ်အမျိုးမျိုးကို ကြားခံ ညှိနှိုင်းလုပ်ဆောင်ကြသည့် သံရုံးမှာ ကာလကြာရှည် ဝင်ထွက်ခွင့်ရထားကြသူများ ဖြစ်သည်။
တစ်နည်းပြောရလျှင် ခေတ်အဆက်ဆက် သံဝန်ထမ်းများက မွေးထားကြပြီး၊ ဝန်ထမ်းများသာ ပြောင်းသွားမည် ၎င်းတို့က ရောက်လာသမျှ သံဝန်ထမ်းများ တစ်လက်မှ နောက်တစ်လက် ပြောင်းပြီး၊ ကြားပွဲစားများအဖြစ် ဝင်ငွေရှာဖွေပေးနေကြသူများ ဖြစ်သည်။
ပတ်စပို့စ်သက်တမ်းတိုးပုံ နည်းလမ်းအမျိုးမျိုးနှင့် မြန်မာသံရုံး အလုပ်လုပ်ပုံ
အင်္ကျီအဖြူကို သပ်ရပ်စွာ ဝတ်ဆင်ထားတတ်သော သံဝန်ထမ်းဆိုသူသည် နံနက် ၉ နာရီစွန်းစွန်းတွင် ကောင်တာနောက်က အခန်းထဲမှ စိတ်အေးလက်အေး ထွက်လာတတ်ပြီး၊ ကောင်တာပတ်လည် နာရီနှင့်ချီ စောင့်စားနေကြသူများ၏ မျက်စိပေါင်းစုံက သူ၏လှုပ်ရှားမှုကို မျက်တောင်မခတ် ကြည့်နေကြရသည်။ ၎င်းသည် မည်သည့်ရာထူးအဆင့်မှန်း သေချာစွာ မသိရပါ။ မည်သူကမျှ သူ့အမည်ကို မခေါ်ဘဲ “ဆရာ” ဟုသာ ခေါ်ကြသည်။
ကောင်တာတွင် ထိုင်ပြီဆိုသည်နှင့် တစ်နေ့တာ လုပ်ငန်းစတင်ပြီး၊ ဘေးနားက ဝိုင်းကူသည့် ပုံစံဖြင့် သံဝန်ထမ်းမဟုတ်သော ပွဲစားများက ခြံရံရပ်နေတတ်ပြီး၊ သံဝန်ထမ်းကိုယ်စား လူတွေကို စီမံခန့်ခွဲနေတတ်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံ အသံခပ်မာမာနှင့် စည်းကမ်းထိန်းတစ်ဦးလိုလည်း ဟောက်တတ်ကြသည်။ ထိုအချိန်မျိုးတွင် တန်းစီနေသော လူတန်းထဲက မည်သူကမျှ မတုံ့ပြန်ဘဲ လာရင်းကိစ္စ မြန်မြန်ပြီးပြတ်ရန်ကိုသာ စိတ်စောလျက် ရှိနေကြပုံရသည်။
သံဝန်ထမ်း ထိုင်ပြီးသည်နှင့် သူ့လက်ထောက်က အသံခပ်ကျယ်ကျယ်ဖြင့် ကလေးငယ်တွဲလောင်းနှင့် ကလေးအမေများ၊ ကိုယ်ဝန်ဆောင်များကို ကောင်တာနားတွင် တန်းစီကြရန် ပြောသည်။ သူတို့ကို ဦးစားပေး လုပ်ပေးပြီး၊ မွေးစာရင်းလာလုပ်သူ ထောက်ခံစာလုပ်သူနှင့် ပတ်စပို့စ်သက်တမ်းတိုးသူ အစုံပါကြသည်။ အဆိုပါ ဦးစားပေးအုပ်စုပြီးလျှင် အကြောင်းအမျိုးမျိုးကြောင့် ပတ်စပိုစ့်သက်တမ်းကုန်ဆုံးခါနီး အရေးပေါ် သက်တမ်းတိုးရန် အခြေအနေကြုံနေသူများ အလှည့်ဖြစ်သည်။
Walk-in နည်းလမ်း သို့မဟုတ် တစ်ရက်အတွင်း ချက်ချင်း ပတ်စပို့စ်သက်တမ်းတိုးခြင်း
ပတ်စပို့စ်အနီ၊ လျှောက်လွှာစာရွက်အဖြူနဲ့ အခြားလိုအပ်သော စာရွက်စာတမ်းတွေကိုင်ပြီး သံဝန်ထမ်းဆီ ချဉ်းကပ်လာတိုင်းကို ၎င်း၏ဘေးနာ;က အကူသဘော ဆောင်ရွက်နေသော သူက အရင်ဆုံး စာရွက်စာတမ်းတွေ ယူကြည့်၊ ဟိုဟာလိုသည် ဒီဟာလိုသည် စသဖြင့် အရင်ဆုံး စစ်ဆေးသည့် သဘော (First Screening) လုပ်ကြသည်။
ပြီးမှ သံဝန်ထမ်းကို “ဆရာ” လို့ ခေါ်ပြီး သူကတော့ ဘာလိုတယ်၊ ညာလိုတယ် ဆိုတာမျိုး အစီရင်ခံပြီး ဝန်ထမ်း ထိုင်နေသော ကောင်တာပေါ် စာရွက်စာတမ်းများကို တင်ပေးသည်။ သံဝန်ထမ်းပုံစံက စိတ်အေးလက်အေးနိုင်လွန်ပြီး၊ အလုပ်ကို ဖြည်းဖြည်းနှေးနှေးသာ လုပ်လေ့ရှိသည်။ လူတစ်ယောက်ကို ၁၀ မိနစ် ၁၅ မိနစ်ခန့် ရှင်းပြနေတတ်ပြီး နောက်ဆုံး သူက အကြောင်းပြချက်တစ်ခုဖြင့် ငြင်းလိုက်လျှင် ထိုနေရာမှာပင် အရာအားလုံးက လမ်းဆုံးသွားတော့သည်။
ဤနည်းဖြင့် သူ့ရှေ့က လှည့်ထွက်လာသည့် သောကဖိစီးသော မျက်နှာများ၊ ညှိုးငယ်သော မျက်နှာများကို တွေ့မြင်ခဲ့ရသည်။ သူက ငြင်းလိုက်လျှင် မည်သူ့ကိုမှ ထပ်ပြော၍ မရတော့ပေ။ ယင်းကို Walk-in နည်းလမ်းဖြင့် ပတ်စပို့စ်သက်တမ်းတိုးခြင်းဟု ခေါ်သည်။ ထိုသူတွေက သက်တမ်းကုန် ပတ်စပို့စ်များအတွက်သာ ထုတ်ပေးသော စနေနေ့ တိုကင်နံပါတ် ယူခွင့်မရှိသူများဖြစ်ပြီး၊ တစ်ဖက်တွင် ပတ်စပို့စ်သက်တမ်းရှိသေးသော်လည်း ကုန်ခါနီးသူတွေ ဖြစ်သည်။
သက်တမ်းတိုးခွင့်ရလျှင် ဘာတွေဆက်လုပ်ကြရသလဲ
သံဝန်ထမ်းက လက်ခံလိုက်လျှင် သူ့ရှေ့က စာရင်းစာရွက်ပေါ်တွင် စာရင်းသွင်း၊ လျှောက်လွှာပေါ်တွင် တိုကင်နံပါတ်ကို ရိုက်နှိပ်ပေးပြီး သံရုံးနှင့် မျက်စောင်းထိုး ကာလမ်းတစ်ဖက်ကမ်းရှိ ဘန်ကောက်ဘဏ်တွင် ငွေသွင်းရသည်။ ထိုအဆင့်ကို ရပြီဆိုလျှင် တစ်နေ့တည်း ပတ်စပို့စ်ရသွားနိုင်သူအဖြစ် အလွန်ကံကောင်းသူဟု ဆိုရမည် ဖြစ်သည်။ မိမိလျှောက်လွှာကို လက်ခံလိုက်၍ ပျော်ရွှင်သောမျက်နှာနှင့် ဘဏ်တွင် ငွေသွင်းရန် ခြေလှမ်းခပ်သွက်သွက်ဖြင့် ထွက်သွားသူများကိုလည်း တွေ့ရသည်။
ဘန်ကောက်ဘဏ်မှာ သွင်းခဲ့သော ငွေသွင်းချလံနှင့်အတူ သံရုံးပြန်ရောက်လျှင် မိမိ၏ ပတ်စပို့စ်၊ ငွေသွင်းချလံ၊ လျှောက်လွှာ၊ မှတ်ပုံတင်မိတ္တု၊ သန်းခေါင်စာရင်းမိတ္တူ၊ အလုပ်သမား (PJ) စာအုပ်ဆိုလျင် work permit မိတ္တူ၊ သက်ဆိုင်ရာ လုပ်ငန်းက ထောက်ခံစာ၊ ကျောင်းသား (PE) စာအုပ်ဆိုရင် ကျောင်းသားဖြစ်ကြောင်း ကျောင်းက ထုတ်ပေးတဲ့ စာ၊ ကျောင်းသားကတ် မိတ္တူ စသည့်တို့ကိုတွဲပြီး နောက်ထပ်ကောင်တာတစ်ခုမှာ တင်ရသည်။
ပြီးလျင် ခုံတန်းများပေါ်တွင် ထိုင်စောင့်၊ ကိုယ့်အလှည့် အမည်ခေါ်လျှင် ဓာတ်ပုံရိုက်၊ Biometric Data ယူ (မျက်လုံးနှင့် လက်ဆယ်ချောင်းလုံး scan ဖတ်)၊ စက်တစ်ခုပေါ်တွင် အီလက်ထရောနစ် လက်မှတ်ထိုး၊ ပြီးလျှင် ပတ်စပို့စ် အသစ်ပြန်ထုတ်ပေးမည့် နောက်ထပ် ကောင်တာတစ်ခုသို့ ရွှေ့ပြီး ထပ်ပြီး ထိုင်စောင့်ရသည်။
ဤနေရာတွင် ထပ်မံကြုံတွေ့ရသော အဖြစ်အပျက်မှာ အလည်အပတ်ပတ်စပို့စ်(PV) များကို သက်တမ်းတိုးမပေးဘဲ မြန်မာပြည် ပြန်တိုးရန်သာ ပြောလွှတ်ခြင်း ဖြစ်သည်။ လူငယ်တချို့ PV စာအုပ်ဖြင့် ထိုင်းဘာသာစကားကျောင်း (Thai Language School) များတွင် ကျောင်းတတ်နေကြောင်း၊ အထောက်အထားဖြင့် သက်တမ်းလာတိုးရာ PE ပြောင်းမပေး၊ သက်တမ်းတိုးမပေးဘဲ မြန်မာပြည် ပြန်တိုးရန်သာ ပြောလွှတ်သည်။ ထိုလူငယ်များ မည်မျှဒုက္ခကြီးမားမည်ကို တွေးကြည့်နိုင်သည်။ ယင်းသည် စစ်ကောင်စီလက်ထက် ကျင့်သုံးလာသော နိုင်ငံခြားရောက် နိုင်ငံသားများကို ဖိနှိပ်ရေးမူဝါဒသစ် ဖြစ်သည်။
ညနေပိုင်းရောက်လို့ ပတ်စပို့စ်အသစ်များ ထွက်လာလျှင် တစ်ယောက်ချင်း နာမည်ခေါ်ပြီး ပြန်ထုတ်ပေးသည်။ အဟောင်းကို ပယ်ဖျက်ကြောင်း တံဆိပ်ရိုက်ပေးပြီး တစ်ပါတည်းပေးသည်။ သို့မှသာ visa ကို စာအုပ်အဟောင်းမှ အသစ်ကို ပြောင်းသောကိစ္စ နောက်ရက်တွင် ထိုင်းလဝက ရုံးသွားလုပ်ကြရပြီး၊ နောက်ထပ်တစ်ရက် အချိန်ကုန်မှ ရသည်။
ထို့ကြောင့် ခွင့်တစ်ရက်ယူဖို့ အင်မတန်ခက်ခဲသော ထိုင်းနိုင်ငံက မြန်မာအလုပ်သမားများ၏ ဘဝသည် ပတ်စပို့စ် အသစ်ရရန် အသည်းအသန် လုပ်ကြရတာကို တွေ့ရသည်။ ကိုယ့်အလုပ်ရှင်က အလုပ်ကနေ ခွင့်မပေးဘူးဆိုလျှင် သူတို့မှာ တရားဝင်အလုပ်သမားဘဝကနေ တရားမဝင်အလုပ်သမားဘဝ ရောက်ကြရသည်။
ထိုင်းအလုပ်ရှင်များကတော့ သူတို့အလုပ်သမားက တရားဝင်မဟုတ်လေ သူတို့အတွက် အနိုင်ကျင့်ခွင့်၊ အမြတ်ထုတ်ခွင့် ပိုရလေမို့လို့ ပိုကြိုက်ကြသည်။ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့် လဝကဥပဒေများအရ တရားမဝင် အလုပ်သမားခန့်ထားသည့် အလုပ်ရှင်ကို အရေးယူနိုင်သော်လည်း လက်တွေ့တွင် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် အကျင့်ပျက်ခြစားခြင်းတို့ကြောင့် တရားမဝင်အလုပ်သမား သိန်းနှင့်ချီရှိနေခြင်း ဖြစ်သည်။
Walk-in နည်းလမ်း၏ အတွင်းသရုပ်
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်သော စနေနေ့တိုင်း တန်းစီပြီး တိုကင်ယူရသည့် စနစ်ကြောင့် ဇန်နဝါရီ ၇ ရက်က ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ထိုနေ့က တိုကင်ပေါင်း (၆,၁၄၁) ဦး ထုတ်ပေးခဲ့သည်ဟု သံရုံး ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ထိုနေ့က သက်တမ်းတိုးရန် တိုကင်ထုတ်ပေးလိုက်သူများမှာ ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ပြီးသား စာအုပ်များကိုသာ တိုကင်ထုတ်ပေးကြောင်း သိရသည်။ သို့ဆိုလျှင် ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း သက်တမ်းကုန်မည့်သူများ အဘယ်သို့ ရှိအံ့နည်း။
သက်တမ်း ၆ လအောက် စာအုပ်များ မိမိနိုင်ငံကို ပြန်ခြင်းကလွဲလျှင် ပြည်ပခရီးထွက်ခွင့် မရတော့ပါ။ ထိုင်းနိုင်ငံတွင် နှစ်ရှည်ဗီဇာဖြင့် နေထိုင်နေကြသူများ ထိုင်းလဝကတွင် ဗီဇာသက်တမ်းတိုးသည့်အခါ အခက်အခဲများ လက်တွေ့ရင်ဆိုင်နေရသည်။
ထိုသူများအတွက် Walk-in စနစ်ဖြင့် အရေးပေါ် ပတ်စပို့စ်သက်တမ်းတိုးခြင်းကို တစ်ရက်တည်းနှင့် အပြီးလုပ်ပေးသည့် နောက်ထပ် နည်းလမ်းတစ်ခုကို တွေ့ရသည်။ ရုတ်တရက်ကြည့်လျှင် ထိုစနစ်ထားရှိခြင်းကြောင့် သံရုံးကိုပင် ကျေးဇူးတင်ရမလို ဖြစ်နေသည်။
လက်တွေ့တွင် Walk-in စနစ်က ပတ်စပို့စ်သက်တမ်းကုန်ရန် ၁ လ ၊ ၂ လ ကျန်ရှိနေသူများကိုသာ လုပ်ပေးခြင်းဖြစ်ပြီး၊ အကြောင်းပြချက် လိုသေးသည်။ သက်တမ်း ၅ လ၊ ၆ လ ကျန်သေးလျှင် လုပ်မပေးပါ။ ထို့ကြောင့် ကောင်တာရှေ့ ထိုင်နေသည့် တစ်ဦးတည်းသော သံဝန်ထမ်း၏ နှုတ်ထွက်စီရင်ချက်အမျိုးမျိုးအောက်တွင် သက်တမ်းတိုးခွင့် မရရှိဘဲ အခက်အခဲကြုံနေကြရသူ အများအပြားရှိသည်။
အမှန်စင်စစ် ထိုလုပ်ရပ်သည် နိုင်ငံတကာစည်းမျဉ်းများနှင့် မညီညွတ်ပါ။ နိုင်ငံတကာစည်းမျဉ်းများအရ ပတ်စပို့စ်စာအုပ်သက်တမ်း ၆ လအောက် ရောက်လျှင် ဘယ်နိုင်ငံကမှ ဗီဇာထုတ်မပေးသဖြင့် ခရီးသွားလို့ မရတော့ပါ။ ထို့ကြောင့် ပတ်စပို့စ်များကို မည်သူကမျှ ၆ လအောက် ရောက်သည်အထိ လက်ထဲ ကိုင်မထားလိုကြပါ။
ထို့အတူ သံရုံးများကလည်း ကိုယ့်နိုင်ငံသားတစ်ယောက်က သက်တမ်း ၆ လသာ ကျန်၍ ပတ်စပို့စ်သက်တမ်းတိုးလာသည့်အခါ ငြင်းဆန်ခြင်းမပြုရဘဲ တိုးပေးကြရစမြဲ ဖြစ်သည်။ သို့သော် ဘန်ကောက် မြန်မာသံရုံးက ပတ်စပို့စ်သက်တမ်း ၆ လ ကျန်နေသေးလျှင် သက်တမ်းမတိုးပေးဘဲ၊ နေလို့ရသေးသည်ဆိုပြီး ပြန်လွှတ်ပါသည်။ သက်တမ်း ၁ လ ၊ ၂ လ သာ ကျန်တော့သည့် ပတ်စပိုစ့်များ အလွန်များပြားနေသဖြင့် ၅ လ ၊ ၆ လ သက်တမ်းကျန်နေသူများကို လုပ်မပေးနိုင်သည့် အခြေအနေမျိုး တွေ့မြင်ခဲ့ရသည်။
သက်တမ်းကုန် ပတ်စပို့စ်ပိုင်ရှင်အများအပြား သံရုံးရှေ့တွင် တွေ့ခဲ့ရခြင်း
လက်တွေ့တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အခြေအနေမှာ ထို့ထက် ပိုမိုဆိုးရွာနေကြောင်း လေ့လာတွေ့ရှိခဲ့သည်။
ပတ်စပို့စ် အသစ်ထုတ်ပေးသည့်နေရာတွင် အိပ်ပျော်နေသော လသားအရွယ်ကလေးငယ်ကို ရင်ခွင်ပိုက်ရင်း ပတ်စပို့စ်အသစ် ပြန်လည်ထုတ်ပေးမည်ကို စောင့်မျှော်နေသော ပဲခူးတိုင်း တောင်ငူမြို့က အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကို မေးမြန်းကြည့်ရာ သူမက အောက်ပါအတိုင်း ကိုယ်တွေ့အဖြစ်အပျက်ကို ပြောပြသည်။
“ကျွန်မက တောင်ငူကပါ။ ပတ်စပို့စ်က ၂၀၂၁ ခုနှစ်ထဲက သက်တမ်းကုန်နေပြီ။ အခုမှ သက်တမ်းလာတိုးတာ ပွဲစားကနေတစ်ဆင့် လုပ်တာပါ။ ဒီနေ့ ဓာတ်ပုံရိုက် လက်ဗွေနှိပ်တော့ ကိုယ်တိုင်လာရတယ်လေ။ ပွဲစားကို ပတ်စပို့စ်သက်တမ်းတိုးတာရော၊ ဘတ်ရိုက်တာနဲ့ အခြားဝန်ဆောင်မှုတွေပါ အပြီးအစီး ဘတ် ၁၄, ၀၀၀ ပေးရတယ်။”
ပတ်စပို့စ်က သက်တမ်းကုန်နေပြီဆိုတော့ ထိုင်းမှာ နေထိုင်ခွင့်ကြတော့ရောဟု မေးမြန်းရာ “ထိုင်းအလုပ်သမားကတ် လုပ်ထားတယ်၊ အဲ့ဒါက သက်တမ်း ၂ နှစ် ပေးတယ်လေ၊ ဒါကြောင့် ပတ်စပို့စ်သက်တမ်း ကုန်နေပေမဲ့ အလုပ်သမားကတ်ရှိနေတော့ ဆက်နေလို့ရတာပါ” ဟု သူက ရှင်းပြသည်။
သူမကဲ့သို့ပင် ၂၀၂၀ ၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်နေသော ပတ်စပို့စ်များစွာ ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများကို တွေ့ခဲ့ရသည်။ ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော ကိုဗစ်ကပ်ရောဂါ၊ ၂၀၂၁ နှစ်တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှု ဆင့်ကဲဂယက်လှိုင်းများကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအများအပြား ကိုင်ဆောင်ထားသော ပတ်စပိုစ့်များ သက်တမ်းလွန်နေကြသည်ကို တွေ့ရှိခဲ့ရသည်။
ကုမ္ပဏီအမည်မျိုးစုံဖြင့် နောက်ထပ်နည်းလမ်းတစ်မျိုး (သို့) ရိုက်စားခွင်
နံနက်ပိုင်း (၉ နာရီမှ ၁၂ နာရီအထိ) သံရုံး၏ ဥပဓိရုပ်မှာ အထက်က ပြောခဲ့သလို ကလေးအမေများ၊ ဗိုက်ကြီးသည်များနှင့် သက်တမ်းကုန်ခါနီး အရေးပေါ်သူများကို Walk-in စနစ်ဖြင့် အမြန်ဝန်ဆောင်မှုပေးခြင်း စသည့် လက်မလည်အောင် များလွန်နေ၍ လူအများအပြားကို ငြင်းလွှတ်နေသည်ကို တွေ့ရသည်။ အမှန်တကယ် နေ့တွင်းချင်း သက်တမ်းတိုး ဆောင်ရွက်ပေးသည်မှာ ခန့်မှန်းခြေ ၂၀ နှင့် ၃၀ ဦးရေခန့်သာ ဆောင်ရွက်ပေးသည်။
သို့သော် တရားဝင် ပတ်စပို့စ်သက်တမ်းတိုး ဆောင်ရွက်ပေးသည့် ရုံးချိန်ကုန်လွန်ပြီး ညနေပိုင်း ရောက်လာသည့်အခါ နောက်ထပ်နည်းလမ်းတစ်မျိုးဖြင့် ဝင်လာသော ပတ်စပိုစ့်များ အထပ်လိုက်ကို တွေ့လိုက်ရသည်။
ညနေ ၃ နာရီခန့် ရောက်လာသည့်အခါ မနက်ပိုင်းကတည်းက သက်တမ်းလာတိုးသူအများစုက ပင်မဆောင်၏ အတွင်းပိုင်း ပတ်စပို့စ်အသစ်ထွက်လာမည့် နေရာတွင် စုပြုံ စောင့်မျှော်နေကြချိန်၊ ရှေ့ပိုင်းက ကောင်တာတွင် လူရှင်းသွားချိန် ဖြစ်သည်။ ထိုအချိန်ကို အချိန်ကိုက်တွက်ချက်ထားသည့်အလား မည်သည့်အရပ်က ရောက်လာမှန်းမသိသော ကုမ္ပဏီမျိုးစုံအမည်ဖြင့် ပတ်စပိုစ့်စာအုပ်ပေါင်းများစွာ ပိုက်ပြီး ကောင်တာရှေ့ တဖွဲဖွဲရောက်လာကြသည်ကို တွေ့ရသည်။
အုပ် ၂၀၊ ၃၀ ခန့်ပါ ပတ်စပို့စ်စာအုပ်များ အထပ်လိုက်ကို လူတစ်ဦးတည်းကသာ ယူဆောင်လာတတ်ပြီး၊ ကာယကံရှင်များကိုယ်တိုင် မပါပါ။ ထို့အပြင် လျှောက်လွှာပေါ်တွင် သံဝန်ထမ်းကိုယ်တိုင် ရိုက်နှိပ်ပေးရသော တိုကင်နံပါတ် ထုထားခြင်းမရှိဘဲ၊ ဘဏ်ငွေသွင်းချလံများနှင့် တွဲလျက်သား တွေ့ရသည်။
တချို့က ငွေသွင်းချလံ အထပ်လိုက် လက်ထဲကိုင်လာပြီး သံရုံးရောက်မှ သက်ဆိုင်ရာ ပတ်စပို့စ်၊ လျှောက်လွှာတို့ နှင့် တွဲသူတွဲ၊ ပလတ်စတစ်ခြင်းတောင်း (သံရုံးက သတ်မှတ်ပေးထားသော) တောင်းသူ တောင်းကြနှင့် အလုပ်ရှုပ်နေကြသည်။
အမှန်စင်စစ် လျှောက်လွှာနှင့် ပတ်စပို့စ်ကို ထိုသံဝန်ထမ်းက အပြန်ပြန်အလှန်လှန် စစ်ဆေးပြီး၊ သူကိုယ်တိုင် တိုကင်နံပါတ်ထုပေးပြီးမှ ကာယကံရှင်ကိုယ်တိုင် ဘဏ်မှာ ငွေသွင်းရသည့်စနစ်သည် ညနေခင်းတွင် ချက်ချင်း ပြောင်းသွားသည်။
ကုမ္ပဏီမျိုးစုံအမည်ဖြင့် လုပ်နေသော အခြားနည်းလမ်းတစ်ခု ရှိနေသည်ကို တွေ့မြင်ခဲ့ရသည်။ တစ်နေကုန် လူတွေကြားထဲ တိုးကြိတ်ပြီး လူပင်ပန်း စိတ်ပင်ပန်းခံကြရသူများနှင့် အလွန်ကွာခြားသော အလွန်သက်သောင့်သက်သာရှိသော နည်းလမ်းပေတည်း။ ထို့အပြင် ပတ်စပို့စ်စာအုပ်များ ထည့်ထားသော လေးထောင့် ပလတ်စတစ်ခြင်းတောင်းများသည် အဝင်အထွက်တွင် ချထားသော စားပွဲတစ်ခုပေါ်တွင် တန်းစီထားကြသည်ကို တွေ့ရသည်။
ဤထူးဆန်းသော လှုပ်ရှားမှုကို သေသေချာချာ လေ့လာစောင့်ကြည့်ရင်း တောင်းတစ်ခု၏ ပိုင်ရှင် လူငယ်အား “ညီလေးတို့ ကုမ္ပဏီက ပတ်စပို့စ်သက်တမ်းတိုး ဝန်ဆောင်မှုပေးတာလား” ဟု မေးကြည့်ရာ မေးမြန်းသူကို ခေတ္တ အကဲခတ်ကြည့်ပြီးမှ “ကုမ္ပဏီက အလုပ်သမားများအတွက် လာလုပ်ပေးတာပါ” ဟုသာ ဖြေသည်။
သို့ဆိုလျှင် နံနက်ပိုင်း သတ်မှတ်ထားသော အချိန်တွင် မလာဘဲ၊ ညနေပိုင်းမှ အဘယ်ကြောင့်လာရသနည်း။ လာကြသည်က တစ်ဦးတလေမဟုတ်ဘဲ၊ သတ်မှတ်အချိန်တွင် အလျှိုလျှိုဝင်လာကြခြင်းဖြစ်သည်။ ထိုအချင်းအရာက စနစ်တစ်ခုလို လည်ပတ်နေသည်မှာ ပေါ်လွင်သည်။
ကုမ္ပဏီအမည်များဖြင့် တောင်းကိုယ်စီ စားပွဲပေါ်တွင် မျက်မြင်တွေ့နေရပြီး၊ တောင်းပိုင်ရှင်များမှာ အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်စားထားကြသော လူလတ်ပိုင်း အမျိုးသား၊ အမျိုးသမီးများဖြစ်ပြီး၊ သံရုံးအတွင်းက ဝန်ထမ်းများ ဖြတ်သွားဖြတ်လာတွင် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ဆက်ဆံနေကြပုံက တစ်ခါတစ်ရံမှ လာကြသော ကုမ္ပဏီဝန်ထမ်းပုံသဏ္ဍာန်ထက် ကွာခြားပြီး ပတ်စပို့စ်သက်တမ်းတိုး ဝန်ဆောင်မှုကို ပေးနေသော ပွဲစားများပုံသဏ္ဍာန် ပေါ်လွင်သည်။
ထိုအချိန်တွင် တစ်မနက်လုံး ဘယ်လိုစာရွက်စာတမ်းစုံရမယ်၊ လူကိုယ်တိုင်ပါရမယ် စသဖြင့် ကရားရေလွှတ် စည်းကမ်းချက်တွေ ပြောနေတတ်သော သံဝန်ထမ်းလည်း ကောင်တာရှေ့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် အုပ်စုလိုက်ရောက်လာသော စာအုပ်များက သူနှင့် မဆိုင်သလို စိတ်ဝင်စားဟန် မပြပေ။
၎င်း၏အနားတွင် နံနက်ပိုင်းက တစ်ချိန်လုံး ခြံရံနေသော အကူလုပ်အားပေးအသွင်ယူထားသူတို့၏ အလှည့်ရောက်လာပြီး၊ ထိုသူတို့က ကိုင်တွယ်ဆောင်ရွက်နေကြခြင်းကို တွေ့ရသည်။ တစ်တောင်းလျှင် ပတ်စပို့စ် ၂၀ ၊ ၂၅ အုပ်ခန့် ပါသဖြင့် ခြင်းတောင်း ၇ တောင်း ၈ တောင်းခန့် တွေ့ရတတ်သည်။ ထိုခြင်းတောင်းတွေထဲက ပတ်စပို့စ်များအားလုံးကို မျက်မှန်းဖြင့် တွက်ကြည့်ရာ ခန့်မှန်းချေ ၁၅၀ နှင့် ၂၀၀ အကြား ရှိပေလိမ့်မည်။ နံနက်ပိုင်းက လူသားဆန်သည့်ဟန် ဆောင်ရွက်ပေးခဲ့သော ဦးရေထက် ၁၀ ဆ များပြားသည်။
ယင်းသည် မြန်မာသံရုံး၏ သရုပ်မှန်ပေတည်း။ နံနက်ပိုင်းတွင် စနစ်တစ်မျိုး၊ အမူအကျင့်တစ်မျိုး၊ ညနေပိုင်းတွင် စနစ်တစ်မျိုး၊ အမူအကျင့်တစ်မျိုး တွေ့ရသည်။ တစ်နည်းအားဖြင့် နံနက်ပိုင်းတွင် လူသားဆန်ပြပြီး၊ ညနေပိုင်းတွင် လက်ဝါးရိုက် စီးပွားဖြစ်ထွန်းနေကြပုံကို မျက်မြင် လေ့လာတွေ့ရှိခဲ့ရသည်။ အခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးရှာနေကြခြင်း ဖြစ်သည်။
စနေနေ့ တန်းစီဒုက္ခခံခိုင်းပြီး တိုကင်ယူကြရသည့် နည်းလမ်းနှင့်ပါဆိုရင် ပတ်စပို့စ်သက်တမ်းတိုးသည့် နည်းလမ်း (၃) မျိုးကို လေ့လာတွေ့ရှိရသည်။
အခက်အခဲအမျိုးမျိုး ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရသော နိုင်ငံသားများ ၎င်းတို့ပတ်စပို့စ်များကို ကိုယ်တိုင် သက်တမ်းလာတိုးကြသူများကို ၎င်းတို့က စနစ်တကျဆောင်ရွက်နေသည့်ဟန် အပေါ်ယံကို တွေ့မြင်ရသည်။ အခြားတစ်ဖက်တွင် ကုမ္ပဏီအမည်ခံ ပွဲစားများနှင့် ပေါင်းကာ အကျင့်ပျက်ခြစား၊ အခွင့်အာဏာကို အလွဲသုံးစားပြုကာ ပြောင်ပြောင်တင်းတင်း လုပ်စားနေကြသည်။