သတင်း

ဒီပဲယင်းတွင် သုံးရက်အတွင်း အိမ်ခြေ ၇၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မူးမြစ်အနောက်ဘက်ကမ်းရှိ ဒီပဲယင်းမြို့နယ်တွင် သုံးရက်အတွင်း ကျေးရွာငါးရွာ မီးရှို့ခံခဲ့ရသဖြင့် အိမ်ခြေ ၇၀၀ ကျော်၊ ဆန်စက်တချို့နှင့်  ရိတ်သိမ်းပြီး စပါးများ ဆုံးရှုံးသည်ဟု စစ်ရှောင်အရေးကူညီပေးနေသည့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။

ထိုဒေသအတွင်း စစ်ရေးလှုပ်ရှားနေသည့် ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် အမှတ် ၇၀၁၊ စစ်ကိုင်းတိုင်း မော်လိုက်မြို့ အခြေစိုက် အမှတ် ၃၆၄ ခြေမြန်တပ်ရင်းတို့မှ အင်အား ၁၀၀ နီးပါးပါ စစ်ကြောင်း၏ လက်ချက်ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

ဧရိယာစတုရန်းမိုင် ၅၀၀ ကျော်ရှိသည့် ဒီပဲယင်းမြို့နယ် ဗဟိုချက်တစ်ဝိုက်ရှိ ကြည်ရွာနှင့် ကပ်လျက် ဘုရားထွက်ရွာကို ထိုစစ်ကြောင်းက ဒီဇင်ဘာ ၂၆ တွင် မီးရှို့ခဲ့ရာ အိမ်ခြေ ၇၀၀ နီးပါး ဆုံးရှုံးသွားကြောင်း အထက်ပါအဖွဲ့က စာရင်းပြုစုထားသည်။

နောက်တစ်ရက် (ဒီဇင်ဘာ ၂၇) တွင် ကြည်ရွာတောင်ဘက် မလှမ်းမကမ်းရှိ မန်ကျည်းစောက်ရွာကို ထိုစစ်ကြောင်းက ဆက်လက်မီးရှို့သဖြင့် ဆန်စက်အချို့အပါအဝင် အိမ်ခြေ ၂၀ ဝန်းကျင် ပျက်စီးကြောင်း၊ ယနေ့ (ဒီဇင်ဘာ ၂၈) တွင် မန်ကျည်း စောက်ရွာအနောက်တောင်ဘက်ရှိ ကံပြားနှင့် မင်းတဲကုန်းရွာတို့ကို ဆက်လက်မီးရှို့နေကြောင်း ထိုအဖွဲ့တာဝန်ခံက မွန်းလွဲပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်မီးရှို့၍ ပျက်စီးသွားသည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကြည်ရွာကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်။

“ကံပြားရွာကတော့ ခဏနဲ့ မီးတောက်ထွက်လာပြီး ပြန်ငြိမ်သွားတယ်။ မင်းတဲကုန်းကတော့ အခြေအနေဆိုးမဲ့သဘောလို့ ယူဆရတယ်။ မီးတောက်အားကို အဝေးကို ကြည့်ရတာက တော်တော်ပြင်းထန်မဲ့သဘောလို့ ယူဆရတယ်” ဟု ၎င်းက ဆိုသည်။

ဒီပဲယင်းညီနောင်များအဖွဲ့က ကောက်ယူထားသည့် စာရင်းများအရ ဒီဇင်ဘာတစ်လတည်းတွင်ပင် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၅ ရွာမှ ဘုန်းကြီးကျောင်းအပါအဝင် ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့သည်ဟု သိရသည်။ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။

“ဒီပဲယင်းနယ်တစ်နယ်လုံးရဲ့ စားနပ်ရိက္ခာတွေကို လိုက်မီးရှို့ဖျက်ဆီးတယ်။ စဉ့်အိုးထဲမှာ ရှိတယ်ဆိုရင်တောင် စဉ့်အိုးကို ရိုက်ခွဲပြီးတော့ ဆန်တွေသွန်ပစ်တာရှိတယ်။ အင်္ဂတေတွေနဲ့ ရောမွှေခဲ့တာရှိတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ခုံခံမှုအားကောင်းသည့် ဒီပဲယင်းမြို့နယ်သို့ စစ်ကောင်စီက အချိန်မရွေးဝင်ရောက်စီးနင်းနေသဖြင့် စစ်ဘေးရှောင်စခန်း သီးခြားမထားနိုင်ဘဲ ဒေသခံတို့မှာ ကိုယ့်ရွာသို့ စစ်ကြောင်းဝင်လျှင် သူ့ရွာသို့ ပြေး၊ သူ့ရွာ ဝင်လျှင် ကိုယ့်ရွာပြေး အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်း လုံခြုံရေးအရ ကိုယ်ရေးအချက်အလက် မပြောလိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်၊ ကြည်ရွာမှ ဒေသခံများ ဘေးကင်းရာသို့ ထွက်ပြေးနေကြသည်ကို တွေ့ရစဉ်။

“စစ်ကြောင်းဝင်လာရင် ပြေးဖို့ အဆင်သင့်ပြင်ထားရတာ။ စောင်ကအစ၊ စားစရာအိုးခွက် ပန်းကန်ကအစ ပြင်ဆင်ထားရတယ်။‌ လွတ်မယ်ထင်တဲ့ရွာကို ပြေးရတာ” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

“အရင်တုန်းက ပြေလည်ကြပေမဲ့ ခုက မီးရှို့တာတွေ၊ စစ်ကြောင်းခဏခဏ ဝင်တာတွေ များလာတော့ တချို့ရွာတွေက မပြေလည်ကျတော့ဘူး။ ဆောင်းတွင်းဆိုတော့ စောင်ကအစ၊ အနွေးထည်၊ စားဝတ်နေရေး အခက်အခဲတွေအများကြီးပဲ”

လက်ရှိတွင် စစ်ကောင်စီရန်ကြောင့် ဒီပဲယင်းမြို့နယ် အနောက်ဘက် ကျေးရွာပေါင်း ၂၀ နီးပါးမှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြသည်ဟု သိရသည်။

ဒီပဲယင်းမြို့နယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေးယခင်ကတည်းက ထောက်ခံခဲ့ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့ဖူးသည်။

ယခင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို တုတ်၊ ဓား၊ လက်နက်များဖြင့် ရန်ပြုမှုကြောင့် ကမ္ဘာကျော်ခဲ့ဖူးသည့်ဖြစ်စဉ်မှာ ဒီပဲယင်းမြို့နယ်တွင် ဖြစ်ခဲ့သည်။

သေဆုံးသူအရေအတွက်ပင် အတည်ပြု၍ မရနိုင်ခဲ့သည့် လွန်ခဲ့သည့် နှစ် ၂၀ မှ ထိုဖြစ်ရပ်မှာ ယမန်နေ့ (ဒီဇင်ဘာ ၂၆) တွင် စစ်တပ်က အိမ်ခြေ ၇၀၀ နီးပါးမီးရှို့ခံရသည့် ကြည်ရွာတွင် ဖြစ်ခဲ့သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ပြည်သူပိုင် အိုးအိမ်များ မီးလောင်တိုက်သွင်းခံနေရသည့် ဖြစ်စဉ်များကို ၎င်းတို့လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။ သို့သော် ၂၀၂၀ မတိုင်မီ ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုမျိုးဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီ အမှုရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button