အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တကောင်းမြို့တွင် ဒရုန်းဖြင့် ဗုံးကြဲခံရသည့်စစ်တပ် လူနေအိမ်များကို မီးပြန်ရှို့

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ရွှေဇာလီဘုန်းကြီးကျောင်းအတွင်း ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်သည် မတ်လ ၁ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ရွှေဇာလီဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်တပ်သည် မတ်လ ၁ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အင်အား ၆၀ ခန့်ရှိသည့် ထိုစစ်သားများ၏ လက်ချက်ဖြင့် လူနေအိမ် ၂၀ ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို‌ ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့တွင် စစ်တပ်က မီးရှို့ခဲ့သည့် အရပ်သားနေအိမ်များ (ဓာတ်ပုံ – ပေးပို့)

“သူတို့ တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းရဲ့အောက်ဘက် ပဲမှော်စင်က စပြီးရှို့လိုက်တာ။ အဲဒီနဲ့ အနီးဝန်းကျင်အိမ်တွေ အကုန်မီးလောင်သွားတာ” ဟု ၎င်းက ဆိုသည်။

စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်စာမျက်နှာများတွင် ထိုမီးလောင်မှုသည် ဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များ၏ လက်ချက်ဟု တန်ပြန်စွပ်စွဲထားသည်။ PDF များ၏ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုတွင် စစ်တပ် တပ်စွဲထားသည့် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များ မီးလောင်ခဲ့ရသည်ဟု ရေးသားကြသည်။

Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် နောက်ထပ်ဒေသခံတစ်ဦးကတော့ စစ်တပ်ဘက်မှ ထုတ်ပြန်ချက်သည် လိမ်ညာထားသည့်သတင်းဖြန့်ခြင်းဖြစ်ပြီး ဗုံးသီးကျရောက်ပေါက်ကွဲသည့်နေရာနှင့် မီးရှို့သည့်နေရာမတူညီဘဲ စစ်ကောင်စီကသာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ဒရုန်းက ကျတာ တစ်နေရာ။ မီးလောင်တာ တစ်နေရာ။ သူတို့ကို လုပ်ရင် တစ်မြို့လုံး မီးတိုက်မယ်လို့လည်း ခြိမ်းခြောက်တယ်။ လောင်ပြင်မှာ ရွာသားတွေကို ငါ**သား PDF တွေဆိုပြီး ဆဲခိုင်းပြီး ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေလည်း လုပ်သွားတယ်” ဟု ထိုအမျိုးသားက ဆိုသည်။

စစ်ကောင်စီသည် တကောင်းမြို့ရှိ လေးမျက်နှာဘုရား၊ ဆေးရုံနှင့် စာသင်ကျောင်းများတွင် ပြီးခဲ့သည့် ၆ လကျော်ခန့်မှစကာ အင်အား ၃၀၀ ကျော်ဖြင့် တပ်စွဲထားပြီးကြောင်း၊ ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ယမန်နေ့တွင် နောက်ထပ်စစ်သား ၁၀၀ ကျော် မြို့တွင်းသို့ ထပ်မံရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့က မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် စစ်တပ်က မီးရှို့ခဲ့သည့် အရပ်သားနေအိမ်များ (ဓာတ်ပုံ – ပေးပို့)

စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့က အဓိကစီးပွားရေးဖြစ်သည့် ဧရာဝတီမြစ်၏အရှေ့ဘက် မြစ်ကမ်းနဖူးတွင်ရှိသော တကောင်းမြို့သည် သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင် ကွာဝေးသည်။

အဆိုပါ ရှေးဟောင်းအမွေအနှစ်များဖြင့် ကျော်ကြားသည့် “တကောင်း” မြို့ကို ယခင်အစိုးရအဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်မှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင်မူ တကောင်းမြို့အများပြည်သူဆိုင်ရာ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ၊ ကျောင်းများတွင် တပ်စွဲမှုများလုပ်ဆောင်ထားသည်ဟု သပိတ်ကျင်းမြို့နယ် ကာကွယ်ရေးအဖွဲ့တို့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၃ နံနက်ပိုင်းကလည်း တကောင်းမြို့ ဆိပ်ကမ်းမှတစ်ဆင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘော ၄ စီးသည် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တကောင်းတိုက်နယ်အတွင်းရှိ ကံသာဦးကျေးရွာ၊ ဘိုကုန်းကျေးရွာအပါအဝင် နေအိမ်အများအပြားပျက်စီးပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button