စစ်ကော်မရှင်က မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ဝင်ရောက်နိုင်ရေးအတွက် လေယာဉ်၊ ဒရုန်းများ အသုံး ပြုကာ သပိတ်ကျင်းမြို့ဘက်မှတစ်ကြောင်း၊ ရှမ်းမြောက် နောင်ချိုဘက်မှ တစ်ကြောင်းဖြင့် ထိုးစစ်ဆင် နေရာ မန္တလေး-မိုးကုတ် လမ်းဟောင်း ဖော့တောလမ်းဆုံအနီး တိုက်ပွဲများပြင်းထန်နေသည်ဟု သိရသည်။
သပိတ်ကျင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ သိမ်းပိုက်ရာတွင် စစ်ကော်မရှင်၏ သုံးတပ်ထက်မနည်း လက်ကျန်တပ်များ ကျန်နေခဲ့ရာမှ ယခုနှစ် ဇူလိုင်လအတွင်း သပိတ်ကျင်းမြို့ပေါ်ကို လက်လွှတ်ခဲ့ရရာ စစ်တပ်သည် ထိုလမ်းကြောင်းမှတဆင့် အရှေ့ဘက် မိုးကုတ်ဘက် စစ်ကြောင်းထိုးလာခဲ့သည်။
သပိတ်ကျင်းမြို့မှ အရှေ့တောင်ဘက်ရွှေမွေးချောင်းဒေသ၊ ယင်းမှ လမ်းလယ်ကျစ်ကျေးရွာ၊ ပြီးခဲ့သည့် ရက်ပိုင်းတွင် ခုနစ်မိုင်ကျေးရွာမှ တော်လှန်ရေးတပ်များ၏ ခံစစ်များ ဆုတ်ပေးခဲ့ရပြီး ဖော့တောလမ်းဆုံ အနီးမှ ဝါးဖြူတောင်ကျေးရွာအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
ဖော့တောလမ်းဆုံသည် မိုးကုတ်-မန္တလေးကားလမ်းပေါ်မှ သပိတ်ကျင်းမြို့သို့သွားသည့် ကားလမ်းနှင့် ဆုံတွေ့သည့်နေရာဖြစ်ပြီး မိုးကုတ်မြို့နှင့် ၄၄ မိုင်ခန့်အကွာဖြစ်သည်။ မန္တလေး စဉ့်ကူး သပိတ်ကျင်း- ထီးချိုင့်နှင့် မန္တလေး-စဉ့်ကူး-မိုးကုတ်စသည့်လမ်းပေါ်မှ အချက်အချာကျသည့်လမ်းဆုံနေရာဖြစ်သည်။
နေမင်းနီ၊ မိုးဦး/ Myammar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



