အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတိုင်းမှ NUG ၏ တစ်ခုတည်းသော ထိန်းချုပ်မြို့ကို စစ်တပ် အလုံးအရင်းဖြင့် တိုက်ခိုက်

မြစ်အရှေ့ဘက်ကမ်း တကောင်းမြို့ကို တောင်ဘက် တွင်းငယ်ရွာမှတဆင့် အင်အား အလုံးအရင်းဖြင့် ထိုးဖောက်နေပြီး စဉ့်ကူး၊ သပိတ်ကျင်းတို့ဘက်တွင် သံချပ်ကာကား များ၊ စစ်တပ်၊ ပျူအင်အားများ စုပုံထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် မန္တလေးတိုင်းအတွင်း တစ်ခုတည်းသော လက်ကျန်မြို့ဖြစ်သည့် တကောင်းမြို့ကို ယခုလပထမပတ်မှ စတင်ကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ပြန်ရယူရန် ကြိုးပမ်းနေသဖြင့် တိုက်ပွဲများပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ 

ယခုလ (ဖေဖော်ဝါရီ ၆ ရက်) မှ စတင်ကာ တကောင်းမြို့တောင်ဘက် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးရှိ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက- ၁၃) ဘက်မှ အင်အား အလုံးအရင်းဖြင့် ထိုးဖောက်လာသည်ဟု စဉ့်ကူးမြို့နယ်ဒေသခံ စစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ (စစ်တပ်) ဘက်ကစပြီး တကောင်းမြို့ ကြာညှပ် (ရွာ) ဘက်ကို တိုးနေပြီ။ ဒီဘက် (တော်လှန်ရေး ) ကလည်း ပြန်တိုက်နေကြတာ။ နေ့တိုင်းပဲ လက်နက်ကြီးသံတွေ တအုန်းအုန်းပဲ။ ဆူညံပွက်နေတာ”ဟု ၎င်းက ဆိုသည်။

တကောင်းမြို့ မကျစေရန် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မန္တလေးခရိုင် တပ်ရင်းတပ်ဖွဲ့များ၊ ကျောက်ဆည်ခရိုင် PDF တပ်ရင်းများ ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) အပါအဝင် ကာကွယ်ရေးအဖွဲ့ပေါင်းများက ခုခံတိုက်ခိုက်နေကြသည်ဟု သိရသည်။

တိုက်ပွဲ ပြင်းထန်နေပြီး ရှားတောကျေးရွာအပါအဝင် အနီးရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သဖြင့် လူနေအိမ်များ မီးလောင်ခဲ့ပြီး ဒေသခံများ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ကြရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း တကောင်းမြို့ကို ပြန်လည်ရယူရန် တကောင်းမြို့တောင်ဘက် မြို့များဖြစ်သော  စဉ့်ကူးမြို့တွင် စစ်အင်အား ဖြည့်နေပြီး၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာတွင်လည်း ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့များဖြင့် စုဖွဲ့နေကြရာ အင်အားထောင်ဂဏန်းအထိ ရှိနိုင်သည်ဟု အထက်ပါစစ်ရေးရင်းမြစ်က ဆိုသည်။

“ သံချပ်ကာကားတွေပါ ပါတယ်။ ချောင်းကြီးမှာ သင်တန်းပေးပြီး စုဖွဲ့နေကြတာ။ စဉ့်ကူးမှာလည်း အင်အားတွေ ဖြည့်တင်းနေတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်း၊ တကောင်းမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် သပိတ်ကျင်းမြို့နယ်ဘက်မှနေ၍ စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိရာ သပိတ်ကျင်းနှင့် တကောင်းမြို့အကြား တိုက်ပွဲ၌ အလောင်း ငါးလောင်း ၊ လက်နက် ရှစ်လက် ရရှိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်သူများက ယနေ့ ဖော်ပြနေကြသည်။

သိမ်းဆည်းရမိသော သေနတ်များကို စစ်တပ်ဝါဒဖြန့်သူများ ဖော်ပြထားစဉ်။ 

“မြန်မာအစ တကောင်းက”ဟု ဆိုရိုးစကားရှိခဲ့သည့် တကောင်းမြို့သည် မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင်ပါဝင်သည့် မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင်ခန့် ကွာဝေးသည်။

ဧရာဝတီမြစ်၏အရှေ့ဘက် မြစ်ကမ်းနဖူးတွင်ရှိသော တကောင်းမြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့် အသက်မွေးကြသော မြို့ဖြစ်ပြီး ရှေးခေတ် မြို့ရိုးဟောင်းများ၊စေတီဟောင်းများနှင့် ရှေးဟောင်းသမိုင်း ကြောင်းများကြောင့်ထင်ရှားသည့် မြို့တစ်မြို့ဖြစ်သည်။ တကောင်းနီကယ်သတ္တုတွင်းလည်း ထိုမြို့တွင် ရှိသည်။

အဆိုပါ ရှေးဟောင်းအမွေအနှစ်များဖြင့် ကျော်ကြားသည့် “တကောင်း”မြို့ကို ယခင်အစိုးရအဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများလုပ်ဆောင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တကောင်းမြို့ရှိ အများပြည်သူဆိုင်ရာ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ၊ ကျောင်းများတွင် တပ်စွဲမှုများ လုပ်ဆောင်ခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်သည့် စစ်သင်္ဘောများသည် မြစ်ကမ်းနဖူးရှိ တကောင်းမြို့ကို ပစ်ခတ်တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းများအပါအဝင် သာသနိက အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့သည်။

တကောင်းမြို့၏ တောင်ဘက် မိုင် ၃၀ အကွာ သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်စဉ်ကလည်း စစ်ကော်မရှင်တပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် တကောင်းမြို့ခံ အချို့သေဆုံးခဲ့ပြီး၊၂၀၂၅ ခုနှစ် အကုန်ကလည်း တကောင်းမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးများ အပါအဝင် အများအပြားသေဆုံးခဲ့သည်။

မန္တလေး- သပိတ်ကျင်း- ထီးချိုင့်- ဗန်းမော်လမ်းပေါ်တွင်ရှိသည့် တကောင်းမြို့ကို NUG တပ်များက ၂၀၂၄ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်ထားသည်။

လက်ရှိတွင် မန္တလေးမြို့မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့များကို ပြန်လည်သိမ်းပိုက် ရယူ ထားသည့်စစ်ကော်မရှင်သည် ထိုမြို့သုံးမြို့ကို အုပ်ချုပ်ရေးများလည်ပတ်စေရန် ဌာနဆိုင်ရာဝန်ထမ်းများ ခေါ်ယူနေပြီး ဒေသခံများကိုလည်း ပြန်လည်နေထိုင်ရန် ခေါ်ယူနေသည်ဟု အသက် ၃၀ အရွယ် စဉ့်ကူးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်က (NUG) အုပ်ချုပ်ရေးနဲ့ပတ်သက်ခဲ့တဲ့ ရပ်ကျေးတွေတို့၊ ကျေးရွာပကဖအဖွဲ့အစည်းတွေနဲ့ နီးစပ်ခဲ့တဲ့လူတွေကိုတော့ လူတွေ လိုက်ဖမ်းနေတာရှိတယ်။ အိမ်တွေချိပ်ပိတ်တယ်”ဟု ၎င်းက ဆက်ပြောသည်။

တိမ်းရှောင်နေသည့် စဉ်ကူးဒေသခံအမျိုးသမီးတစ်ဦးကမူ စစ်ကော်မရှင်ရန် စိုးရိမ်၍ မပြန်ဝံ့ကြောင်း ဆိုသည်။

“ဘာပဲပြောပြော စဉ့်ကူးမှာက တစ်နှစ်ကျော်လောက် တော်လှန်ရေးက သိမ်းပိုက်ထားခဲ့တော့ လူတွေက တနည်းမဟုတ်တနည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့ဆက်စပ်ခဲ့ဖူးသူတွေချည်းပဲ။ အရေးယူမှုတွေ ရှိနေတော့ အတော်များများ မပြန်ရဲကြဘူး”ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်သည် ၂၀၂၄ နှစ်ကုန်မှစတင်ကာ သပိတ်ကျင်းမြို့နယ် မတ္တရာ ၊စဉ့်ကူး၊ သပိတ်ကျင်းမြို့များကို ပြန်လည်ရယူသိမ်းပိုက်နိုင်ခဲ့သဖြင့် သုံးမြို့နယ်မှ ဒေသခံ သောင်းနှင့်ချီသည် မြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မန္တလေးစစ်ရှောင်များကိုလည်း စစ်တပ်က ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်၍ သေဆုံး၊ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့်ရှမ်းမြောက်တို့ ဆက်သွယ်ရာလမ်းကြောင်းပေါ်တွင်ရှိသော မိုးကုတ်မြို့ကိုလည်း စစ်ိတပ်က ပြန်လည်ရယူထားရာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း မြို့များအားလုံး ထိန်းချုပ်ရန် ခြေလှမ်းပြင်နေသည်။

တကောင်းမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အနီး တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေပြီး ကချင်နှင့် စစ်ကိုင်း နယ်စပ်မြို့များတွင် နှစ်ဖက် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။ 

မန္တလေးတိုင်းနှင့် ရှမ်းမြောက်အခြေအနေပြမြေပုံ။

Related Articles

Back to top button