အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များက မန္တလေးမြို့ မြောက်ဘက် မိုင် ၁၀၀ ခန့်အကွာမှ တကောင်းမြို့ကို ယမန်နေ့ ( သြဂုတ် ၁၂) တွင် သိမ်းယူလိုက်ရာ ထိုမြို့သည် ရှမ်းမန်းစစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းနိုင်သည့် ဒုတိယမြောက်မြို့ ဖြစ်လာသည်။
တော်လှန်ရေးတပ်ပေါင်းစုသည် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဩဂုတ်၁၁ ရက် နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး နောက်နေ့တွင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သပိတ်ကျင်း ပကဖ) ထံမှ သိရသည်။
တကောင်း မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀ ကျော် ရရှိပြီး လက်နက် ၃၀ ကျော်လည်း သိမ်းဆည်းရမိခဲ့သည်ဟု အထက်ပါ သပိတ်ကျင်း ပကဖအဖွဲ့ဝင်က ဆိုသည်။
NUG လက်အောက်မှတပ်များသည် ဧရာဝတီမြစ်ကမ်းနဘေးမှ လူဦးရေ တစ်သောင်းနီးပါးနေထိုင်သည့် တကောင်းမြို့မတိုင်မီ ဇူလိုင်လလယ်က မန္တလေးမှ မြောက်ဘက် မိုင် ၄၀ ခန့်အကွာမှ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
စဉ့်ကူးမြို့သည် တကောင်းနှင့် မန္တလေး အကြားတွင်တည်ရှိပြီး ထိုမြို့များသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းကို မေးတင်ထားကြသည့် မြို့များဖြစ်သည်။
စဉ့်ကူးမြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) က ဦးဆောင်ခြင်းဖြစ်သည်၊ တကောင်းမြို့သိမ်းတိုက်ပွဲတွင်မူ NUG လက်အောက်ခံ အမှတ် (၁) စစ်ဒေသ အထူးလှုပ်ရှား တပ်ရင်း( SR 3)၊ အမှတ် ၅၁၁ တပ်ရင်း၊ သပိတ်ကျင်းမြို့နယ် ပကဖ နှင့် တကောင်းတိုက်နယ် ပကဖ တို့ ပါဝင်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။
“တိုက်ပွဲက တော်တော်ကို ပြင်းထန်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုလည်းပြင်းထန်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကလည်း ပေါင် ၅၀၀ (ဗုံး)တွေ လာတာပါ။ (မြေပြင်မှာက) အပြင်းထန်ဆုံးကတော့ လေးမျက်နှာ(ဘုရား)ပါပဲ” ဟု သပိတ်ကျင်းမြို့နယ် ပကဖ တစ်ဦးက ဆိုသည်။
တကောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အထွေထွေအုပ်ချုပ်ရေးရုံ၊ ဆေးရုံ၊ မြို့မရဲစခန်းနှင့် လေးမျက်နှာဘုရားတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန်တုံ့ပြန်သော်လည်း နောက်ဆုံးတွင် တော်လှန်ရေးတပ်များထံ မြို့ကိုလက်လွှတ်ခဲ့ရသည်။
တကောင်းမြို့အတွင်း ဝင်ရောက်လာသည့် တော်လှန်ရေးအင်အားစုများကို ပြည်သူတို့က သပြေပန်းများဖြင့် ဆီးကြိုသည့် ဗီဒီယိုမှတ်တမ်းဖိုင်ကို သပိတ်ကျင်းမြို့နယ် ပကဖ လူမှုကွန်ရက်စာမျက်နှာက ယနေ့ (ဩဂုတ် ၁၃) တွင် ထုတ်ပြန်သည်။
ပိတ်ဆို့ရေးဗျူဟာကျင့်သုံးခဲ့သည့် တော်လှန်ရေးတပ်များ
တော်လှန်ရေးတပ်များက မြို့ပတ်ပတ်လည်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မြို့ကိုမသိမ်းမီ ဇူလိုင်လကတည်းက စတင်တိုက်ခိုက်ခဲ့ကြသည်။
တကောင်းမြို့တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ တွင်းငယ် နယ်မြေရဲစခန်း၊ မြို့ မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ အင်းနက်ရွာ စစ်ကောင်စီတပ်စွဲထားသည့် တာဝါတိုင်စခန်းတို့ကို ဇူလိုင်လကုန်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။
အလားတူ ဒေသတွင်းတွင် အရေးပါသည့် စီမံကိန်းဖြစ်သည့် တရုတ်နိုင်ငံပိုင် တကောင်းနီကယ်စက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၅၀ ခန့်သည်လည်း ဇူလိုင်လကုန်ပိုင်းတွင် တော်လှန်ရေး အင်အားစုများထံ လက်နက်ချအညံ့ခံခဲ့သည်။ အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံ ဆက်လက်လည်ပတ်ရန် NUG နှင့် တရုတ်တို့အကြား ဆွေးနွေးနေသည်ဟုလည်း NUG ဘက်က ထုတ်ဖော်ပြောဆိုထားသည်။
တကောင်းမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စွဲထားရာနေရာ အများစုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဩဂုတ် ၁၁ တွင် တကောင်းကို ထိုးစစ်ဆင်ခြင်း ဖြစ်သည်။
မြို့သိမ်းတိုက်ပွဲဖြစ်လာချိန်တွင် ဒေသခံများမှာ မြစ်အနောက်ဘက်ကမ်းအပါအဝင် ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်၊ ယခုအခါ ဒေသခံအများစုမှာ အချိန်မရွေး ဖြစ်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် နေရပ်မပြန်ရဲသေးဟု ဆိုသည်။
တကောင်းမြို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်းလိုင်းခေါ်ဆိုမှု လည်း ခက်ခဲနေကြောင်း ဒေသခံများထံမှသိရသည်။
မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အရပ်သား ၂ ဦး ဒဏ်ရာအနည်းငယ် ရရှိထားသည်ဟု သပိတ်ကျင်း ပကဖ အဖွဲ့ဝင်ကပြောသည်။
၁၀၂၇ ဒုတိယပိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေး
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း အမည်ဖြင့် မြောက်ပိုင်းမဟာမိတ်တို့က ရှမ်းမြောက်နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေချိန်တွင် NUG ကလည်း ရှမ်းမန်းစစ်ဆင်ရေးဟုဆိုကာ နိုင်ငံအလယ်ပိုင်းထိုးစစ်ကို ဇွန်လ ၂၅ ရက်နေ့မှစပြီးအရှိန်မြှင့်ခဲ့သည်။
တကောင်းမြို့ပါဝင်သည့် သပိတ်ကျင်းမြို့နယ်သည် မြောက်ဘက်တွင် ထီးချိုင့်မြို့နယ်၊ မြစ်အနောက်ဘက်ခြမ်းတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ခင်ဦး၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်၊ တောင်ဘက်တွင် မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
မိုးမိတ်နှင့် မိုးကုတ်တို့ကို တအောင်းတပ် (TNLA)၊ စဉ့်ကူးမြို့နယ်ကို MDY – PDF နှင့်ပူးပေါင်းတပ်များက ဇွန်လကုန်ပိုင်းက စတင်ခဲ့သည့် ရှမ်း မန်း စစ်ဆင်ရေး အတွင်း သိမ်းပိုက်ထားသည်။
မန္တလေးမြို့၏ မြောက်ဘက်တွင် တိုက်ပွဲများပြင်းထန်နေသလို တောင်ဘက်တွင် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် NUG လက်အောက်ခံ PDF များက သြဂုတ်လ ၁၀ ရက်နေ့မှစတင်ထိုးစစ်ဆင်နေသည်။
ထိုစစ်ဆင်ရေးကြောင့် မန္တလေးမြို့နှင့်တောင်ဘက် မိုင် ၆၀ ကျော်သာ ကွာဝေးပြီး စစ်ဗိုလ်ချုပ်များ၏မြို့တော် နေပြည်တော်နှင့် မိုင် ၁၀၀ ကျော်သာကွာဝေးသည့်
နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေသည်။
စစ်ကောင်စီက ရှမ်းမန်းစစ်ဆင်ရေးနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း တောင်သာမြို့ရှိ ၎င်းတို့၏စခန်း တိုက်ခိုက်ခံရမှုအကြောင်း သြဂုတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ယခင်ထုတ်ပြန်ချက်တချို့ကဲ့သို့ပင် ၎င်းတို့ အခြေအနေကောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PDF များက တောင်သာရှိ နေရာနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်လာသူတို့ကို “လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့၍ လိုက်လံချေမှုန်း လျက်ရှိကြောင်းနှင့် တောင်သာမြို့နယ်အတွင်း လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ထီးချိုင့်မြို့နယ်တွင်လည်း မြို့ပေါ်မှအပ ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားသည်။
ထီးချိုင့်မြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းက စပြီး နှစ်ကြိမ်တိုင် ထိုးစစ်ဆင်ခဲ့သော်လည်း စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ခုခံမှုကြောင့် လက်နက်ခဲယမ်း နည်းပါးသည့် တော်လှန်ရေးအင်အားစု ပြန်လည် ဆုတ်ခွာထားရသည်။
မြို့အနောက်ဘက်ရှိ ကန့်ဘလူနှင့်ခင်ဦးမြို့နယ်တို့တွင်လည်း တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု အားကောင်းပြီး စစ်တပ်ကမြို့ပေါ်တွင်သာ ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်သည်။
သိမ်းထားနိုင်သည့်နယ်မြေ ကျယ်ပြန့်လာသည်ဟု တကောင်း ပကဖ အဖွဲ့ဝင်က ဆိုသည်။
“ဒီတစ်ကြောလုံးက လမ်းက ပွင့်သွားပြီ။ သပိတ်ကျင်းအောက်ဘက်ဆိုလည်း ဇရပ်ကွင်း၊ လိပ်ကျ၊ ကျောက်ဖြူ ၊ စဉ့်ကူးဘက်လည်း အကုန်သိမ်းပြီးသွားပြီ။ တကောင်းအထက်ပိုင်းလည်း သိမ်းပြီးသွားပြီ၊ သပိတ်ကျင်းမြို့နယ်မှာတော့ အတွင်းဘက်တွေပဲကျန်တော့တယ်ဆိုတော့ စစ်ရေးအရှိန်မြှင့်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက် မှ မြို့အများပြားကို စစ်တပ်က လက်လွှတ်ခဲ့ရပြီးနောက် ဇွန်လကုန်ပိုင်းတွင် စတင်သည့် စစ်ဆင်ရေး ဒုတိယလှိုင်းတွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရပြီး မန္တလေးတိုင်း အထိ စစ်ရေးကျယ်ပြန့်လာသည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ ၁၄၈ တပ်စခန်း၊ ကျောက်ဖြူရွာ၊ လိပ်ကျရွာ၊ ကွင်း ၃၀ ရွာ၊ လက်ပံပြန့်ရွာ၊ ဖိုကုန်း၊ ဝက်သေနှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို ဩဂုတ်လအတွင်း MDY PDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားပြီး သပိတ်ကျင်းမြို့နယ်အတွင်း စစ်ဆင်ရေးများ ဆက်လက် ဖော်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။