သတင်း

စဉ့်ကူးမြို့ကို ဆက်လက်ထိန်းချုပ်ထားကြောင်း MDY-PDF အတည်ပြု

မန္တလေးတိုင်းမှ မြို့တစ်မြို့ကို PDF လက်ထဲသို့ ပထမဆုံးအကြိမ် လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် စစ်ကောင်စီ ထိန်းချုပ်မီဒီယာများနှင့် ဝါဒဖြန့်စာမျက်နှာများက စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီဟု ယမန်နေ့က ဝါဒဖြန့်ဖော်ပြခဲ့ကြသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဆက်သိမ်းပိုက်ထားပြီး စစ်ကောင်စီက ရေကြောင်းမှ အင်အားဖြည့်တင်း၍ မြို့ကို ပြန်လည်ရယူရန် ကြိုးစားနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) ထံမှ သိရသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့မှ ၅၄ မိုင် ကွာဝေးသည့် စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ဇွန် ၂၅ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့တွင် MDY-PDF နှင့် ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။

မန္တလေးတိုင်းမှ မြို့တစ်မြို့ကို PDF လက်ထဲသို့ ပထမဆုံးအကြိမ် လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် စစ်ကောင်စီ ထိန်းချုပ်မီဒီယာများနှင့် ဝါဒဖြန့်စာမျက်နှာများက စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ပြီဟု ဝါဒဖြန့်ဖော်ပြခဲ့ကြသည်။

စဉ့်ကူးတစ်မြို့လုံးကို တော်လှန်ရေးတပ်ဖွဲ့များက အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်သည်ဟု MDY-PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ယနေ့ (ဇူလိုင်၂၂) နံနက်တွင် Myanmar Now ကို ပြောသည်။

“စဉ့်ကူးကို စစ်ကောင်စီဘက်က ပြန်သိမ်းနိုင်တယ်ဆိုတာ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့ လက်ရှိအချိန်အထိ အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စဉ့်ကူးမြို့နှင့်ပတ်သက်ပြီး လက်ရှိစစ်ဆင်ရေးများကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ပြီး မြို့အခြေအနေအသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ပြီးခဲ့သည့် ဇူလိုင် ၂၀ တွင် မန္တလေးမြို့မှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၅ စီးသည် စဉ့်ကူးအနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တစ်ဖက်ကမ်း၌ ကမ်းကပ်ပြီး စဉ့်ကူးကမ်းဘက် တက်ရန် ကြိုးပမ်းခဲ့သော်လည်း ယမန်နေ့ကပင် ပြန်ဆုတ်သွားသည်ဟု စဉ့်ကူးဒေသခံများက ပြောကြသည်။

စဉ့်ကူးမြို့နှင့် ဧရာဝတီမြစ် တည်နေရာပြမြေပုံ။

ထိုသင်္ဘောများကို လေယာဉ်တစ်စီးက လုံခြုံရေးလိုက်ပါလာကြောင်း စဉ့်ကူးဒေသခံ မျိုးသားတစ်ဦးက ဆိုသည်။

“၂၀ ရက်နေ့က သင်္ဘောတွေနဲ့ မန္တလေးကနေ ဆန်တက်လာတယ်။ ညနေပိုင်း ၆ နာရီခွဲ ၇ နာရီလောက်အချိန် ဝဲယာဘက် (မြစ်ကမ်းတစ်ဖက်တစ်ချက်) က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်သွားတယ်။ လေကြောင်းနဲ့လည်း လုံခြုံရေးလိုက်လာပြီးတော့ လေကြောင်းနဲ့လည်း ပစ်တယ်။ သင်္ဘောပေါ်ကလည်း ပစ်တယ်” ဟု ထိုသူက ပြောသည်။

စဉ့်ကူးမြို့ တောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေသော မတ္တရာမြို့၊ မြောက်ဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိုးစစ်လုပ်နေသော သပိတ်ကျင်းမြို့နယ်၊ မြို့နယ်အနောက်ဘက်ခြမ်း ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ တည်ရှိသည်။

ဆက်လက်၍ “သင်္ဘောတွေကို ရွှေဘိုနယ် မြစ်အနောက်ဘက် ကျောက်မြောင်းနဲ့ မခေါက် (ရွာ) ကြားကို ကပ်ပြီးတော့ စဉ့်ကူးထဲကို လက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်။ သူတို့ စဉ့်ကူးဘက်ခြမ်းကို မကပ်ရဲဘူး။ မနေ့က (ဇူလိုင် ၂၁) မနက်မှာပဲ မန္တလေးဘက်ကို ပြန်ဆုတ်သွားတယ်” ဟု ထိုသူက ဆက်ပြောသည်။

စဉ့်ကူးမြို့သည် မန္တလေးမှ ကားဖြင့် သွားလျှင် ၅၄ မိုင်၊ မြို့နှစ်မြို့အကွာအဝေးကို အဖြောင့်တိုင်းလျှင် ၃၇ မိုင် ရှိကာ မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်တွင် ရှိသည်။

စဉ့်ကူးမြို့ကို သိမ်းပိုက်ရပြီးနောက် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-MDY-PDF)

MDY-PDF နှင့် မိုးကုတ်ဗျူဟာ PDF များ၊ စဉ့်ကူး PDF နှင့် ဒေသအခြေစိုက်တပ်ဖွဲ့များက မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူရရှိသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအတွင်း သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိကြောင်း ဓာတ်ပုံ၊ ဗီဒီယိုများနှင့်တကွ ထုတ်ပြန်ခဲ့သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် စစ်ကောင်စီသည် လေကြောင်းနှင့် ရေကြောင်း အားပြု၍ မြို့ကို ပြန်လည်ရယူရန် ကြိုးပမ်းနေ၍ အများစုသည် မြို့ကို ပြန်ဝင်ရန် ခက်ခဲနေကြောင်း ဒေသခံတို့က ဆိုသည်။

“ဒေသခံတွေကတော့ အနီးအနားမှာရှိတဲ့ကျေးရွာတွေကို ရှောင်ကြသူတွေကတော့ ပြန်ဝင်လို့ရလိမ့်မယ်ဗျ။ အများစုကတော့ ရပ်ဝေးရှောင်ကြတာ များတာ။ လက်နက်ကြီးရန်နဲ့ လေကြောင်းရန် ကြောက်ကြတော့ ဘယ်သူမှ ပြန်ဝင်ရဲကြမယ် မထင်ဘူး” ဟု အထက်ပါဒေသခံ အမျိုးသားက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးလုပ်နေသူ စဉ့်ကူးမြို့သားတစ်ဦးက စဉ့်ကူးမြို့ကို လွတ်မြောက်နယ်မြေအဖြစ် ကြေညာထားပြီးဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုလုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။ 

“စဉ့်ကူးမြို့ တစ်နယ်လုံးကတော့ တိုက်စရာမရှိတော့ဘူး။ စဉ့်ကူးမြို့ကို လွတ်မြောက်နယ်မြေ ကြေညာထားပြီ။ ပြီးတော့ တစ်ချက်တစ်ချက် လက်ပန်လှတို့ စဉ့်ကူးတို့ကို မခေါက်ကနေပြီးတော့ စစ်ကောင်စီက လက်နက်ကြီး လှမ်းလှမ်းပစ်တာတွေရှိတယ်။ လေယာဉ်နဲ့လည်း ပစ်သွားလိုက်၊ ပြန်သွားလိုက် အခြေအနေရှိတယ်”

စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက မြို့အနောက်ဘက်မြစ်ကမ်းမှတစ်ဆင့် ဝင်ရောက်ပြီး မြစ်ကမ်းနှင့် မလှမ်းမကမ်းရှိ စဉ့်ကူးရဲစခန်းကို သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း အထိအခိုက်များဖြင့် ဆုတ်ခွာသွားရသည်ဟု ၎င်းက ပြောသည်။

“၂၀ ရက်နေ့က မြစ်ကြောင်းကနေ ဝင်လာတယ်။ မန္တလေးအခေါ်ဆိုရင်တော့ မြစ်နဲ့ ရဲစခန်းက တစ်ပြကျော် ကွာတာပေါ့။ အဲဒီရဲစခန်းကို ပစ်ပြီးတော့ တက်လာတယ်။ PDF တွေက ပြန်လိုက်ပစ်တော့ လက်ပစ်ကူးပြီး ပြန်ပြေးကြတာ။ တိုက်ခိုက်ခံရပြီးတော့ မနေ့မနက်ပိုင်းမှာပဲ အထက်ကို ပြန်စုန်တက်သွားတယ်”ဟု စစ်ကိုင်းဘက်ခြမ်းတွင် ရှိနေသော ထိုသူက ဆိုသည်။

လက်ရှိတွင် စဉ့်ကူးမြို့ကို MDY-PDF က နယ်မြေရှင်းလင်းရေးများလုပ်ဆောင်လျက်ရှိပြီး မြို့မှ တိမ်းရှောင်နေသူအများစု ပြန်မလာနိုင်ကြသေးကြောင်း သိရသည်။

“အိမ်ကတော့ ဘာမှမဖြစ်ဘူးလို့ သိရတယ်။ မိသားစုတွေလည်း တကွဲတပြားစီ ဖြစ်နေကြတယ်။ ဘေးတော့ ကင်းပါတယ်။ ပထမရက်တုန်းက အဖေဆို ပိတ်မိနေတယ်။ မန်း PDF နဲ့ တွေ့လို့ ကံကောင်းလို့မို့လို့ ထုတ်ပေးလို့ ဘေးကင်းတာ” ဟု အထက်ပါ တော်လှန်ရေးသမားက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးနှင့် စပ်ဆက်အခြေအနေများကြောင့် မြို့ကို စွန့်ခွာကာ စစ်ကိုင်းတိုင်းအတွင်း နေထိုင်နေရသူ အထက်ပါ စဉ့်ကူးသား တော်လှန်ရေးသမားက စဉ့်ကူးမြို့သိမ်းအခြေအနေများကြောင့် ဝမ်းသာမိသည်ဟု ဆိုသည်။

“အိမ်ကို ပြန်လို့အဆင်ပြေပြီ။ မြို့ကို ရပြီဆိုတော့ ဝမ်းသာတာပေါ့။ ဒါပေမဲ့ ဒီဘက်မှာ လုပ်စရာ (တော်လှန်ရေးတာဝန်) လေးတွေ ရှိနေတာကြောင့် မပြန်နိုင်သေးဘူး” ဟု ထိုလူငယ်က ဆက်ပြောသည်။ မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးများကို ဇွန် ၂၅ ရက်မှစတင်၍ MDY-PDF ဦးဆောင်ကာ ထိုးစစ်ဆင်နေပြီး မတ္တရာမြို့အနီးသို့လည်း ချဉ်းကပ်နေပြီဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) နှင့် ရှမ်း-မန်း စစ်ဆင်ရေးတွင် MDY-PDF နှင့်အတူ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း၌ စုဖွဲ့ထားသော ဗျူဟာများ၊ တပ်ရင်းများ ပါဝင်တိုက်ခိုက်လျက်ရှိကြောင်း ဇူလိုင် ၉ ရက်က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်လျက်ရှိသော ဗျုဟာနှင့် တပ်ရင်းများမှာ ဗျုဟာ (၅၂) တွင် ရွှေဘိုခရိုင်တပ်ရင်းများဖြစ်သော အမှတ် ၇၊ ၁၀၊ ၁၆၊ ဗျူဟာ (၅၅) တွင် ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆ ၊ ညောင်ဦးခရိုင် တပ်ရင်း ၃ တို့ ပါဝင်သည်။

မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ SSTF၊ ပြင်ဦးလွင်ခရိုင်ပကဖ၊ မိုးကုတ်မြို့နယ်ပကဖ၊ မတ္တရာမြို့နယ်ပကဖ၊ စဉ့်ကူးပကဖ၊ သပိတ်ကျင်းပကဖနှင့် သက်ဆိုင်ရာ ပကဖအဖွဲ့တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း ပါရှိသည်။

Show More

Related Articles

Back to top button