သတင်း

မိုးမိတ်မြို့ပေါ်ကို TNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA နှင့် ပူးပေါင်းတပ်က မိုးမိတ်မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင့် မြို့ဝင်ခွင့် ယာယီပိတ်ထားကာ စစ်ကောင်စီ သတင်းပေးဟု ယူဆရသူတချို့ကို ဖမ်းဆီးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက ယမန်နေ့ (ဇူလိုင် ၁၆) တွင် ထိန်းချုပ်လိုက်ပြီး နောက်ဆုံးလက်ကျန် ဗျူဟာတပ်စခန်းကို ပိတ်ဆို့ထားကြောင်း ဒေသခံများက ဆိုသည်။

ဇူလိုင် ၃ တွင် စတင်သည့် မိုးမိတ်ထိုးစစ်အတွင်း မြို့ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကိုTNLA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယမန်နေ့ ညနေတွင် မြို့ပေါ်နေရာယူထားသည့် စစ်ကောင်စီတပ်များက ဆုတ်ခွာသွားသောကြောင့် TNLA က မြို့ပေါ်ကို ထိန်းချုပ်လိုက်ကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင် ရက်တွေက စကစတွေ မြို့ထဲ ဝင်ပုန်းပြီး နေရာယူကြတာလေ။ မနေ့တော့ မြို့ပေါ်ထိ တိုက်ပွဲတွေ ရောက်လာတယ်။ မြို့ပေါ်က စကစတွေ အကုန်လုံး ဗျူဟာထဲ ပြန်ပြေးသွားကြတာ။ မြို့ပေါ်ကို တော်လှန်ရေးတပ်တွေပဲ ထိန်းလိုက်ပြီ“

ထိုစစ်ကောင်စီတပ်ဖွဲ့များသည် မြို့အဝင်တောင်ဘက် နှစ်မိုင်အကွာ မိုးမိတ်ဗျူဟာအတွင်းသို့ ဆုတ်ခွာသွားပြီး တပ်စုဖွဲ့ကာ ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

မိုးမိတ်ထိုးစစ်တွင် မြို့အနီးရှိ စစ်ကောင်စီတပ်၏ ရွှေသာယာ၊ လက်ခုပ်ပင်၊ လက်ခုပ်တန်း၊ လယ်ကြီး၊ သရက်တောနှင့် မိုင်တိုင် (၆) တပ်စခန်းများ သိမ်းပိုက်ရာတွင် TNLA နှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မိုးကုတ်ဗျူဟာတပ်ရင်းများ ပါဝင်ခဲ့သည်။

နောက်ဆုံးကျန်ရှိသည့် မိုးမိတ်ဗျူဟာတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁၊ ခြေလျင်တပ်ရင်း ခလရ -၂၂၃၊ ခလရ-၂၇၆ နှင့် ခြေမြန်တပ်ရင်း ခမရ-၃၄၈ တပ်ရင်းဌာနချုပ်များ တစ်ဆက်တည်းတည်ရှိပြီး တပ်အင်အားကောင်းနေဆဲဖြစ်ကာ သိမ်းယူရန် ကြာမြင့်နိုင်သေးသည်။

ထိုဗျူဟာ ကပ်လျက်ရှိ တောင်ကိုင်းကျေးရွာတွင် ယမန်နေ့ ညက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကျေးရွာအတွင်း ဗုံးကြဲခဲ့သောကြောင့် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကာ ကိုရင်သုံးပါး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။

တောင်ကိုင်းရွာ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက် ၁၁ လက်၊ 60 MM ၁ လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကာ တိုက်ပွဲဖြစ်ပွားနေရာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ၃ ကြိမ် လာရောက် တိုက်ခိုက်ခဲ့ကြောင်း TNLA က ယမန်နေ့ ညတွင် ထုတ်ပြန်ထားသည်။

လတ်တလောတွင် TNLA, PDF, PLA ပူးပေါင်းတပ်များက မြို့အဝင်အထွက်ကို တင်းကျပ်ထားပြီး မိုးမိတ်ဗျူဟာကို ဝိုင်းပတ်ပိတ်ဆို့ထားကာ စစ်ကောင်စီတပ်က လေကြောင်းဖြင့်သာ စစ်ကူပေးပို့နိုင်တော့မည်ဖြစ်သည်။

လက်ရှိ မြို့ပေါ်တွင် ဒေသခံ ၂၀၀ ကျော်ခန့် ကျန်ရှိနေပြီး မြို့ပေါ် ဝင်ရောက်လာမည့် ဒေသခံများကို လေကြောင်းရန်ကြောင့် ဝင်ခွင့်ယာယီပိတ်ထားကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီသတင်းပေးဟု ယူဆရသူတချို့ ဖမ်းဆီးခံထားရကြောင်း မြို့ခံတချို့က ဆိုသည်။

စစ်ကိုင်း-မန္တလေး-ရှမ်းမြောက်နယ်စပ်ပြမြေပုံ။

ဇန်နဝါရီအတွင်း မိုးမိတ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ထက်ဝက်ကျော် မီးလောင် ပြာကျခဲ့ပြီး ယခုမြို့သိမ်းထိုးစစ်တွင် မြို့ပေါ်နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ပြီး အရပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီလဆန်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) က “ ၁၀၂၇ စစ်ဆင်ရေး” ၏ အစိတ်အပိုင်းတစ်ခုအဖြစ် စတင်တိုက်ခိုက်ခဲ့ပြီး “ဟိုင်ဂင်” သဘောတူညီချက်ကြောင့် TNLA က ဆက်လက်မတိုက်ခိုက်တော့ပေ။

“မိုးမိတ်မြို့သိမ်းထိုးစစ်ကို ဖော်ဆောင်စဉ် TNLA ၏ ဟန့်တားမှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြသည်ဟု သိရသည်။”

သို့ရာတွင် ရွှေလီမြစ်အရှေ့ဘက်ခြမ်း၊ မိုးမိတ်မြို့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် မဘိမ်းမြို့ကို ဇန်နဝါရီ ၂၁ ရက်ကတည်းက KIA က သိမ်းပိုက်နိုင်ခဲ့သည်။

မိုးမိတ်မြို့ကို စစ်ကောင်စီက ပြန်လည်ရယူခဲ့စဉ် မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) သည် အရပ်သားများကို တရားဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ရက်အထိ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သည်၊ ၎င်းတို့အနက် ၁၇ ဦးမှာ တပ်မ (၉၉) လက်အောက်ခံ စစ်သားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ၁၉၉၀ ကတည်းက စတင်ဖွဲ့စည်းခဲ့သည့် ထိုအဖွဲ့၏ ဖေဖော်ဝါရီ ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန် ၂၅ ရက်မှ စတင်သော “၁၀၂၇ စစ်ဆင်ရေး” အပိုင်း (၂) တွင် TNLA နှင့် ပူးပေါင်းတပ်များက မိုးမိတ်မြို့ အနောက်ခြမ်း မိုင် ၃၀ ခန့်ကွာဝေးသည့် မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ခြမ်းကို ထိန်းချုပ်ထားနိုင်ပြီး မြို့အရှေ့ခြမ်းရှိ ဗျူဟာတပ်စခန်းနှင့် တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

လူဦးရေ ၆၇၀၀၀ ကျော် နေထိုင်သည့် မိုးမိတ်-ဗန်းမော်လမ်းပေါ်ရှိ မိုးမိတ်မြို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အပြင် ရှမ်းမြောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင်တို့နှင့် နယ်မြေထိစပ်နေပြီး စစ်ရေးအရလည်း အချက်အချာကျသည်။

မကြာသေးခင်နှစ်များအတွင်း ခရိုင်မြို့ဖြစ်လာသော မိုးမိတ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြား လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏တပ်က မိုးမိတ်မြို့ကို စီးနင်းခဲ့ဖူးပြီး ထိုစဉ်က လေတပ် ရောက်လာပြီး တိုက်ခိုက်သဖြင့် ပြန်လည် ဆုတ်ခွာသွားသည်။

ယခု မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အသစ်ပြန်ဖွဲ့ထားသောတပ်ဖြစ်သည့် PLA တပ်ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ 

မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် တွေ့ရသော PLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-PLA)

Show More

Related Articles

Back to top button